ရခိုင်ကစစ်ဘေးရှောင်စခန်းတွေကို အစိုးရဆန် ထောက်ပံ့မှုရပ်

ဓာတ်ပုံ ရင်းမြစ်, CJ
ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ စစ်ဘေးရှောင်တွေကို အစိုးရက ပုံမှန်ထောက်ပံ့ပေးနေတဲ့ ဆန်ရိက္ခာတွေ ဆက်မရရှိတော့တဲ့အတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ စခန်းတာဝန်ရှိသူတွေက ပြောဆိုကြပါတယ်။
တချို့စခန်းတွေဆိုရင် လူကယ်ပြန်ဌာနကနေတစ်ဆင့်ပေးနေတဲ့ အစိုးရရဲ့ဆန်ရိက္ခာတွေကို မရရှိတာ နှစ်လခန့်ရှိနေပြီဖြစ်တဲ့အတွက် အဲ့ဒီထောက်ပံ့မှုတွေကို အဓိကမှီခိုနေကြတဲ့ စစ်ဘေးရှောင်တွေရဲ့ စားရေးသောက်ရေးတွေကို ထိခိုက်မှုတွေ ရှိလာနေတယ်လို့ ဆိုပါတယ်။
အခုလို ထောက်ပံ့မှုတွေမရှိဘဲဖြစ်နေတဲ့ စခန်းတွေဟာ အစိုးရအသိအမှတ်ပြု စစ်ဘေးရှောင်စခန်းတွေဖြစ်ကြပြီး မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြေပုံနဲ့ ရသေ့တောင်မြို့နယ်တွေက စခန်းတွေဖြစ်ကြတယ်လို့ သိရပါတယ်။
ရခိုင်က စစ်ဘေးရှောင်စခန်းတွေကို အစိုးရအပြင် ကမ္ဘာ့စားနပ်ရိက္ခာအစီစဉ် WFP နဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ ICRC တို့ကလည်း လူတစ်ဦးလျင် တစ်လစာ ကျပ်ငွေ ၁၇၀၀၀ စီ ထောက်ပံ့ပေးနေပြီး အဲ့ဒီအထောက်အပံ့တွေကို စားရေးသောက်ရေးနဲ့ တစ်နေ့တာအသုံးစရိတ်တွေအဖြစ် မျှတပြီးသုံးစွဲနေကြရတာဖြစ်တယ်လို့ ဒုက္ခသည်တွေက ပြောဆိုကြပါတယ်။
လူကယ်ပြန်ဌာနက ဒုက္ခသည်တစ်ဦးအတွက် တစ်နေ့စာဆန်နှစ်ဘူးစီသာ ထောက်ပံ့ပေးနေတာဖြစ်ပြီး အဲ့ဒီဆန်ရိက္ခာတွေကို ပုံမှန်မရရှိဘဲဖြစ်ကြတာဖြစ်ပါတယ်။
ရခိုင်တစ်ပြည်နယ်လုံးက စစ်ဘေးရှောင်စခန်းတွေကို အစိုးရက ပုံမှန်ထောက်ပံ့ပေးနေတဲ့ ဆန်ရိက္ခာတွေကို ဆက်ပြီးရရှိကြမှာ မဟုတ်ကြောင်း အခုလ ၁၇ ရက်နေ့က လူကယ်ပြန်ဌာနက အကြောင်းကြားလာတယ်လို့ ပုဏ္ဏာကျွန်းမြို့နယ် အထက်မြတ်လေး စခန်းတာဝန်ခံ ဦးဖြူသာအောင်က ပြောပါတယ်။
"ကျွန်တော်တို့ ရိက္ခာအဖြတ်ခံရတာ နှစ်လနီးနီးရှိနေပြီ၊ ဘာကြောင့်လဲတော့မသိဘူး။ ပုံမှန်ဆိုရင် တစ်လချင်းထောက်ပံ့တယ်။ သုံးရက်နေ့ဆိုရင် ရောက်တာပါ။ အခုက နှစ်လပိုင်းမှာလည်း မရောက်၊ သုံးလပိုင်းလည်းမရောက်ဘူး ဖြစ်နေတယ်။ ရခိုင်တစ်ပြည်နယ်လုံး ဘယ်စခန်းမှ ရိက္ခာမရဘူးလို့ လူကယ်ပြန်ဌာနက ဒီလ ၁၇ ရက်နေ့က အကြောင်းကြားတာတော့ ရှိတယ်။ အခက်အခဲဖြစ်နေတယ်"လို့ စခန်းတာဝန်ခံ ဦးဖြူသာအောင်က ပြောပါတယ်။
စစ်ဘေးရှောင်တွေကို ရိက္ခာထောက်ပံ့မှုဖြတ်တောက်လိုက်တာနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူး ဦးသူရိန်ထွန်းကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့ပါဘူး။
အခုလို အစိုးရရဲ့ထောက်ပံ့မှုတွေရပ်ဆိုင်းခံလိုက်ရတဲ့အတွက် နိုင်ငံတာအဖွဲ့အစည်းတွေရဲ့ ထောက်ပံ့မှုတွေကိုပဲ အားကိုးနေကြရတော့မှာဖြစ်ပြီး WFP က ထောက်ပံ့ပေးတဲ့ လူတစ်ဦးတစ်လ ၁၇၀၀၀ ကျပ်နဲ့ လုံလောက်မှုမရှိပေမဲ့ အဲ့ဒီငွေနဲ့ပဲ ရုန်းကန်နေထိုင်ကြရမှာဖြစ်တယ်လို့ ဆိုပါတယ်။
တချို့စခန်းတွေဆိုရင် လွန်ခဲ့တဲ့နှစ်လလောက်ကစလို့ အစိုးရရဲ့ထောက်ပံ့ကူညီပေးမှုတွေကို ဖြတ်တောက်ခံထားရပြီး တချို့စခန်းတွေမှာတော့ အခုလကစလို့ ဖြတ်တောက်ခံလိုက်ရတာဖြစ်တယ်လို့ ရသေ့တောင်မြို့က ဒုက္ခသည်တွေကို အကူအညီပေးနေသူတစ်ဦးက ပြောပါတယ်။
အပိုဝင်ငွေရရှိရေးအတွက် အပြင်မှာထွက်ပြီးကြုံရာကျပန်းအလုပ်တွေကို ရှာဖွေလုပ်ကိုင်နေကြပေမဲ့ လတ်တလောမှာ အလုပ်အကိုင်တွေရှားပါးနေတဲ့အတွက် နေ့စဉ်ဝင်ငွေမရရှိသူတွေ များပြားနေတာကြောင့် မိသားစုစားဝတ်နေရေးတွေလည်း အခက်ကြုံနေကြရတယ်လို့ ဒုက္ခသည်တွေက ပြောဆိုကြပါတယ်။
စခန်းတွေမှာ ခိုလှုံနေထိုင်ကြတဲ့ စစ်ဘေးရှောင်တွေဟာ ပညာအရည်အချင်းနည်းပါးသူတွေဖြစ်ကြပြီး အပြင်ထွက် အလုပ်လုပ်တဲ့အခါမှာလည်း အလုပ်ကြမ်းတွေကိုသာ လုပ်ကိုင်နိုင်သူတွေဖြစ်တဲ့အတွက် သူတို့အတွက်နေ့စဉ်အလုပ်ရရှိဖို့ ဆိုတာကလည်း စိန်ခေါ်မှုတစ်ခုလို ဖြစ်နေပါတယ်။
ဒုက္ခသည်တစ်ဦးကို တစ်နေ့စာ ဆန်နှစ်ဘူးစီထောက်ပံ့ပေးတယ်လို့ သတ်မှတ်ထားပေမယ့် တကယ်တမ်း ဒုက္ခသည်တွေကို ဆန်တွေရောက်လာခဲ့တဲ့အခါမှာတော့ သတ်မှတ်နှုန်းထားအတိုင်းအမရရှိကြဘဲ ဖြတ်တောက်ခံရမှုတွလည်းရှိတယ်လို့ သူကပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်းကစလို့ ဒုက္ခသည်တွေကိုထောက်ပံ့ပေးတဲ့ ရိက္ခာတွေဟာ ယခင်နှစ်တွေကလို ပုံမှန်မရောက်တော့ဘဲ ကြန့်ကြာမှုတွေရှိနေခဲ့ရာကနေ အခုနောက်ပိုင်းမှာတော့ လုံးဝဖြတ်တောက်ခံလိုက်ရတာဖြစ်တယ်လို့ ဆိုပါတယ်။
"လွန်ခဲ့တဲ့လကလည်း ရက်ပေါင်း ၂၀ ကျော်မှရတယ်။ သူတို့ပြောတာက အရင်ကဆိုရင် ပြည်နယ်ကခွင့်ပြုချက်နဲ့ပေးတော့ မြန်တယ်။ အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ နေပြည်တော်ကိုခွင့်ပြုချက်တင်ရတယ်လို့ ပြောတယ်။ ဒါကြောင့်နောက်ကျတာလို့ပြောတယ်။ ဒီလမှာတော့ ရမယ့်အခြေအနေမရှိတော့ဘူး"လို့ ရသေ့တောင်မြို့နယ်က ဒုက္ခသည်စခန်းတွေကို အကူအညီပေးနေသူတစ်ဦးက ပြောပါတယ်။
အစိုးရရဲ့ရိက္ခာထောက်ပံ့မှုတွေကို အားကိုးပြီးတော့ ဆင်းရဲနွမ်းပါးတဲ့ မိသားစုတွေမှာ ရင်းနှီးသူတွေဆီကနေ ချေးယူငှားရမ်းပြီး စားသောက်ထားတာတွေကို ရိက္ခာရတဲ့အချိန်မှာ ပြန်လည်ပေးဆပ်ဖို့အတွက် မျှော်လင့်ထားကြပေမယ့် ရိက္ခာဖြတ်တောက်ခံလိုက်ရတာကြောင့် စားစရာမရှိတဲ့အပြင် အကြွေးတွေနဲ့ရင်ဆိုင်နေကြရတယ်လို့ ပြောဆိုကြပါတယ်။
ရသေ့တောင်မြို့ပေါ်က ဒုက္ခသည်စခန်းပေါင်း ၂၆ ခုမှာ လူဦးရေ ၆ ထောင်လောက်ခိုလှုံနေကြတာပါ။

ဓာတ်ပုံ ရင်းမြစ်, CJ
အဲ့ဒီလူတွေဟာ ရသေ့တောင်မြို့နယ် မြောက်ပိုင်း တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့တဲ့နေရာတွေက ကျေးရွာသားတွေဖြစ်ကြပြီး လက်ရှိမှာ သူတို့နေထိုင်ခဲ့တဲ့ကျေးရွာအများစုမှာ စစ်ကောင်စီတပ်စခန်းတွေရှိနေသလို စစ်ကျန်လက်နက်ခဲယမ်းတွေ အန္တရာယ်တွေကြောင့် နေရပ်ပြန်ဖို့အခက်အခဲတွေရှိတဲ့သူတွေ ဖြစ်ကြပါတယ်။
ရခိုင်တစ်ပြည်နယ်လုံးမှာတော့ မြို့နယ်ပေါင်း ၁၁ မြို့နယ်အတွင်း အစိုးရအသိအမှတ်ပြု စစ်ဘေးရှောင်စခန်းပေါင်း ၁၇၀ ရှိပြီး အဲ့ဒီစခန်းတွေမှာ ခိုလှုံနေကြတဲ့ အိမ်ထောင်စုပေါင်း ၇ ထောင်လောက်ရှိနေတယ်လို့ အစိုးရရဲ့စာရင်းဇယားတွေအရ သိရပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်တွေနဲ့ ရက္ခိုင့်တပ်တော်အေအေတို့အကြား တိုက်ပွဲတွေရပ်စဲနေတာ တစ်နှစ်ကျော်လာခဲ့ပြီဖြစ်တဲ့ အတွက် ဒေသတည်ငြိမ်မှုရရှိနေပြီဆိုကာ ရသေ့တောင်နဲ့ ကျောက်တော်မြို့နယ်တွေက ကျေးရွာငါးရွာကလွဲပြီး ကျန်တဲ့ကျေးရွာသားတွေဟာ နေရပ်ပြန်လို့ရပြီလို့ ပြယ်နယ်ကောင်စီကဘက်က ပြောဆိုထားပါတယ်။
အမ်းမြို့ပေါ်မှာ ခိုလှုံနေကြတဲ့ စစ်ဘေးရှောင် ၁၄၀၀ လောက်ကိုလည်း အခုလ ၂၆/၂၇ ရက်နေ့တွေမှာ ပြန်လည်ပို့ဆောင်ပေးသွားဖို့ရှိနေပြီး ကျန်တဲ့မြို့နယ်တွေက စစ်ဘေးရှောင်တွေကိုလည်း စစ်ကောင်စီက နေရပ်ပြန်ကြဖို့ ပြောဆိုနေတဲ့အချိန်မှာ အခုလို ရိက္ခာဖြတ်တောက်မှုတွေကို စတင်လာခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် စစ်ဘေးရှောင်စခန်းတွေဟာ နှစ်နှစ်ကျော်ကြာလာခဲ့တဲ့အချိန်မှာတော့ သူတို့ရဲ့ယာယီနေအိမ်တွေဟာ ယိုယွင်းပျက်စီးမှုတွေနဲ့ကြုံနေကြရပြီး နေအိမ်ပြန်လည်တည်ဆောက်ရေးအတွက်ကိုလည်း အကူအညီပေးဖို့လိုအပ်နေတဲ့ စခန်းတွေတော်တော်များများရှိနေတာဖြစ်ပါတယ်။
တချို့စခန်းတွေကိုတော့ နိုင်ငံတကာအဖွဲ့အစည်းတွေက နေအိမ်ဆောက်လုပ်ပေးတာတွေရှိနေပေမဲ့ စခန်းအများစုကတော့ ကိုယ်ထူကိုယ်ထဆောက်လုပ်နေထိုင်နေတဲ့စခန်းတွေဖြစ်ကြပါတယ်။








