အမ်းက စစ်ဘေးရှောင် ၁၄၀၀ နီးပါးကို အခုရက်ပိုင်းအတွင်း နေရပ်ပြန်ပို့ဖို့ရှိ

ဓာတ်ပုံ ရင်းမြစ်, CJ
ရခိုင်ပြည်နယ် အမ်းမြို့မှာလာရောက်ခိုလှုံနေကြတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေကို အခုရက်ပိုင်းအတွင်းမှာ သူတို့ရဲ့ မူလနေရပ်ကျေးရွာတွေဆီ ပြန်လည်ပို့ဆောင်ပေးဖို့ရှိနေတယ်လို့ ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ပြောပါတယ်။
အခုနေရပ်ပြန်ပို့မဲ့အထဲမှာ အိမ်ထောင်စုပေါင်း ၃၀၇ စု၊ လူဦးရေ ၁၃၈၁ ဦးပါဝင်ပြီး အများစုကတော့ လက်ရှိနေထိုင်နေကြတဲ့ ဒုက္ခသည်စခန်းတွေနဲ့ မြို့ပေါ်ကနေအိမ်တချို့မှာပဲ ဆက်နေခဲ့ကြဦးမှာဖြစ်တယ်လို့ သိရပါတယ်။
ဘယ်ရွာတွေကို ပြန်မှာလဲ
နေရပ်ပြန်မယ့် လူဦးရေ ၁၄၀၀ နီးပါးဟာ အမ်းမြို့နယ်အတွင်းမှာရှိတဲ့ ညောင်ချောင်းကြီး၊ ချမ်းကုန်း၊ရွာဟောင်း၊ နှမ်းချောင်း၊ ညောင်ပင်ကွင်း၊ ညောင်ခြေထောက် စတဲ့ကျေးရွာပေါင်း ၁၅ ရွာလောက်က ဒေသခံတွေ ပြန်ကြမှာဖြစ်တယ်လို့ နေရပ်ပြန်မယ့် စစ်ဘေးရှောင် ဦးသာညွန့်က ပြောပါတယ်။
အဲဒီလူတွေဟာ အမ်းမြို့က ပဲပဒုံစခန်း၊ ကားကစားခန်းမ၊ ကမ်းဒိတ်ဓမ္မာရုံ ဒုက္ခသည်စခန်းတွေနဲ့ လေးရပ်ကွက်နဲ့ လေယာဉ်ကွင်းရပ်ကွက်တွေက နေအိမ်တွေမှာ ခိုလှုံနေကြသူတွေဖြစ်ပြီး မကြာခင်မှာ နေရပ်ရင်း အသီးသီးတွေဆီကို အိမ်တိုင်ရာရောက်ပို့ဆောင်ပေးနိုင်ရေးတို့အတွက် ပြင်ဆင်နေတယ်လို့ ဦးလှသိန်းက ပြောပါတယ်။
"အမ်းမြို့ပေါ်မှာရှိနေတဲ့ တိုက်ပွဲရှောင်စခန်းတွေကလူတွေက နေရပ်ပြန်ဖို့တင်ပြလာတဲ့အတွက် ကျွန်တော်တို့က ပြန်ပို့ပေးဖို့စီစဉ်နေတာဖြစ်ပါတယ်။ မတ်လ ၂၆/၂၇ ရက်လောက်ဆိုရင် ပြန်ပို့နိုင်အောင်တော့ စီစဉ်ဆောင်ရွက်နေ ပါတယ်"လို့ ဦးလှသိန်းက ပြောပါတယ်။
၂ နှစ်အကြာမှ အိမ်ပြန်ခွင့်ရကြ
ဒါ့အပြင် တခြားမြို့နယ်တွေမှာရှိနေတဲ့ စစ်ဘေးရှောင်တွေလည်း နေရပ်ပြန်ဖို့အတွက် တင်ပြထားတာတွေရှိနေပြီး ဘယ်စခန်းက အိမ်ထောင်စုဘယ်လောက် တင်ပြထားတယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
အမ်းမြို့ပေါ်မှာ လာရောက်ခိုလှုံနေသူအများစုကတော့ ချင်းတိုင်းရင်းသားတွေ ဖြစ်ကြပြီး နေရပ်စွန့်ခွာလာခဲ့ကြတာ ၂ နှစ်ခန့်ရှိနေပြီဖြစ်ကာ အခုသူတို့ရဲ့ကျေးရွာတွေဆီ ပြန်နေခွင့်ရရှိတော့မှာဖြစ်တဲ့အတွက် ဝမ်းသာမိတယ်လို့ စစ်ဘေးရှောင်တွေက ပြောဆိုကြပါတယ်။
နေရပ်စွန့်ခွာလာခဲ့ကြတာ ၂ နှစ်ခန့်ကြာမြင့်နေပြီဖြစ်တဲ့အတွက် ရွာမှာသူတို့လုပ်ကိုင်ခဲ့ကြတဲ့ အလုပ်အကိုင်တွေကိုလည်း ပြန်လည်ထူထောင်မှုတွေပြုလုပ်ကြရမှာဖြစ်သလို ဘယ်လိုအခြေအနေရှိနေပြီး ဘယ်လိုပြန်လည်ထူထောင်မှုတွေ ပြုလုပ်ဖို့လိုအပ်နေသလဲဆိုတာ ရွာကိုပြန်ရောက်တဲ့အချိန်မှာ သိရမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
နေရပ်ပြန်သူတွေကို ငွေကျပ် ခြောက်သိန်းအပြင် ကျေးရွာမှာနေထိုင်စဉ် လတ်တလောအဆင်မပြေမှုတွေ ရှိနေမှာဖြစ်တဲ့အတွက် WFP နဲ့ လူကယ်ပြန်ဌာနတို့က အနည်းဆုံးသုံးလလောက်ထိ စားနပ်ရိက္ခာတွေထောက်ပံ့ ပေးနိုင်ရေးအတွက်ကိုလည်း စီစဉ်ထားတယ်လို့ ဦးလှသိန်းက ပြောပါတယ်။
အမ်းမြို့ပေါ်မှာ ရောက်ရှိခိုလှုံနေကြတဲ့ စစ်ဘေးရှောင်တွေဟာ ယခင်နှစ်က နှစ်သုတ်နေရပ်ပြန်ခဲ့ကြပြီဖြစ်ကာ အခုနှစ်မှာလည်း နောက်ထပ်တစ်သုတ် ပြန်ကြမှာဖြစ်ပြီး အဲ့ဒီလူတွေအတွက် အိမ်ထောင်စုတစ်စုကို အစိုးရက ကျပ်ငွေ ငါးသိန်းနဲ့ လူကယ်ပြန်ဌာနက တစ်သိန်းစီထောက်ပံ့ပေးသွားမယ်လို့ ဆိုပါတယ်။
ရွာက အိမ်တွေ ပြန်ပြင်ရမယ်
နှစ်နဲ့ချီပြီး ကျေးရွာတွေမှာလူတွေမနေထိုင်ကြတော့တဲ့အတွက် ရွာအစွန်တွေမှာရှိတဲ့နေအိမ်တချို့မှာ အခင်းအကာတွေ၊ တိုင်တွေစတဲ့ တန်ဖို့ရှိပစ္စည်းတွေကို ခိုးယူခံနေကြရပြီး ဘယ်သူတွေက အခုလို ခိုးယူဖျက်ဆီးနေကြတယ်ဆိုတာ မသိရဘူးလို့ ကျေးရွာသားတွေက ပြောဆိုကြပါတယ်။
တစ်ရွာလုံးပျက်စီးသွားတာတွေ မရှိပေမယ့် အခုလို ဖျက်ဆီးခံထားရတဲ့နေအိမ်တွေကို ပြန်လည်ပြုပြင်မှုတွေလုပ်ဖို့လိုအပ် နေတယ်လို့ သိရပါတယ်။
အစိုးရနဲ့လူကယ်ပြန်တို့က နေရပ်ပြန်တဲ့အိမ်ထောင်စုတွေကို ကျပ်ငွေငါးသိန်းစီထောက်ပံ့ပေးတာဟာ သူတို့ရဲ့နေအိမ်ပျက်စီးနေမှုတွေကို ပြန်လည်ပြုပြင်နိုင်ရေးအတွက် ထောက်ပံ့ပေးတာဖြစ်တယ်လို့ ဦးလှသိန်းက ပြောပါတယ်။
အလုပ်အကိုင်အတွက် စိန်ခေါ်မှု
နေရပ်ပြန်ရောက်သွားရင်လည်း သူတို့ရဲ့ယခင်လုပ်ကိုင်ခဲ့ကြတဲ့ အလုပ်အကိုင်တွေကို လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့်မရသေးတဲ့အတွက် လတ်တလောမှာ အခက်အခဲတွေ နဲ့ကြုံရနိုင်တယ်လို့ ဦးသာညွန့်ကပြောပါတယ်။
"ကိုယ့်ရွာပြန်ရမယ်ဆိုတော့ ပျော်တာပေါ့။ ဒါပေမယ့် ကျွန်တော်တို့ဆီကလူတွေက သစ်ဝါးတွေခုတ်ပြီးလုပ်ကိုင် စားသောက်ကြတာ။ အခုက ကုန်သည်တွေလည်း ဝါးအရောင်းအဝယ် မလုပ်ကြဘူးလေ။ တိုင်းပြည်အခြေနေက မယုံရတဲ့အတွက် သူတို့အလုပ်မလုပ်ကြတော့ ကျွန်တော်တို့လည်း ပိုက်ဆံမရဘူး။ အခက်အခဲတွေတော့ဖြစ်မယ်"လို့ ချမ်းကုန်းရွာသား ဦးသာညွန့်က ပြောပါတယ်။
၁၁ မြို့နယ်ထိ ပြန့်ကြဲနေထိုင်နေကြရတဲ့ စစ်ရှောင်တွေ

ဓာတ်ပုံ ရင်းမြစ်, CJ
တိုက်ပွဲတွေရပ်စဲနေတာ တစ်နှစ်ကျော်လာခဲ့ပြီဖြစ်တဲ့အတွက် မြို့နယ်ပေါင်း ၁၁ ခုလောက်မှာ ပြန့်ကြဲနေထိုင်နေကြတဲ့ စစ်ဘေးရှောင်တွေထဲ နေရပ်ပြန်ချင်သူတွေကို ပြန်ပို့ပေးနိုင်ရေးအတွက် အစိုးရအနေနဲ့ စာရင်းကောက်ယူမှုတွေ ပြုလုပ်သွားဖို့ရှိနေတယ်လို့ သိရပါတယ်။
တိုက်ပွဲတွေမရှိတော့တဲ့အတွက် စစ်ဘေးရှောင်တွေအနေနဲ့ နေရပ်ပြန်မယ့်သူတွေပြန်လို့ရပြီဖြစ်တယ်လို့ ပြောဆိုထားပေမယ့် ပြီးခဲ့တဲ့နှစ်ကတော့ ပြန်တဲ့သူတွေနည်းပါးခဲ့ပြီး အခုနှစ်မှာတော့ ပြန်မယ့်စာရင်းပေးလာသူတွေကို အကူအညီပေးသွားဖို့ အစီစဉ်ရှိတယ်လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကစလို့ ၂၀၂၀ ခုနှစ် နိုဝင်ဘာ ၁၀ ရက်နေ့အထိ စစ်ကောင်စီတပ်တွေနဲ့ ရက္ခိုင့်တပ်တော် အေအေတို့အကြားဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်း နေရပ်စွန့်ခွာလာခဲ့ကြတဲ့ စစ်ဘေးရှောင်ဒုက္ခသည်ပေါင်း တစ်သိန်းခွဲလောက်ထိရှိခဲ့ပါတယ်။
လက်ရှိမှာတော့ ဒေသတည်ငြိမ်နေပြီဖြစ်တဲ့အတွက် ရသေ့တောင်မြို့နယ်ကျောက်တန်းနယ်မြေအတွင်းက ကျေးရွာတွေနဲ့ ကျောက်တော်မြို့နယ် တင်းမကျေးရွာကလွဲပြီး ကျန်ကျေးရွာအားလုံးမှာ နေရပ်ပြန်လို့ရပြီဖြစ်တယ်လို့ ပြည်နယ်ကောင်စီကပြောပါတယ်။
အခုတိုက်ပွဲတွေမရှိတော့တဲ့အချိန် ကျေးရွာသားတချို့တို့မှာ နေရပ်ပြန်သွားကြပြီဖြစ်ပေမယ့် အများစုကတော့ သူတို့ရဲ့လုံခြုံရေးအရ စိုးရိမ်ပြီးနေရပ်ပြန်ဖို့ အခက်အခဲတွေရှိနေသေးတာဖြစ်ပါတယ်။








