၂၀၂၁ မြန်မာ စစ်အာဏာသိမ်း-ကရင်နီဒေသခံတွေ စစ်ပြေးဖို့နေရာ ရှားပါးလာ

ရေးသားခဲ့သည်။

ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ ဒေသကာကွယ်ရေးတပ်တွေ ဘက်က နန်းမယ်ခုံမြို့ကို ယာယီစွန့်လွှတ်လိုက်ရကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သလို အဲဒီမတိုင်ခင်ကလည်း မိုးဗြဲကနေ ဆုတ်ခွာခဲ့ရတာတွေလည်း ရှိခဲ့ပါတယ်။

ဒါပေမဲ့ ဒါဟာ စစ်ရေးအရ ဒေသကာကွယ်ရေးတပ်တွေဘက်က ခေတ္တ ဆုတ်ခွာတာသာဖြစ်ပြီး စစ်ကောင်စီအနေနဲ့ မြို့တွေကို အလုံးစုံသိမ်းပိုက်နိုင်တာမဟုတ်သလို အဲဒီနေရာတွေမှာ လည်း ဒေသနရာအုပ်ချုပ်ရေးလည်ပတ်နိုင်တဲ့ အခြေအနေမှာမရှိဘူးလို့ ကယားပြည်နယ်တွင်းဒေသကာကွယ်ရေးတပ်တွေနဲ့ နီးစပ်သူတွေက ဆိုကြပါတယ်။

ဘာကြောင့်ပါလဲ။ ဒေသကာကွယ်ရေးနဲ့ နီးစပ်သူတစ်ဦးက အခုလို ပြောပါတယ်။

" ဒီဟာက ကျွန်တော်တို့ ခဏလေး ခွာပေးလိုက်တဲ့သဘောပါပဲ။ ကျွန်တော်တို့က ဒီနယ်မြေမှာပဲ ရှိနေတာပဲလေ။ဒီဟာကြီးကို ပြန်အခြေချနိုင်ဖို့ အမြဲတမ်းကြိုးစားအားထုတ် နေတာပဲ။နန်းမယ်ခုံ လိုမျိုး ကျွန်တော်တို့ထက် စစ်ကောင်စီက ပိုပြီးလွတ်လွတ်လပ်လပ် လှုပ်ရှားခွင့်ရနေပေမယ့်လည်း လူထုတွေ အကုန်လုံး ထွက်ပြေးတိမ်းရှောင်နေကြတဲ့အခါမှကျတော့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး ယန္တရားတွေကို တည်ဆောက်ဖို့ လွယ်မယ်မထင်ဘူး"

စစ်ကောင်စီဘက်ကတော့ ကယားပြည်နယ်အတွင်း နယ်မြေအေးချမ်းနေပြီဖြစ်တာကြောင့် စစ်ရှောင်တွေကို နေရပ်ပြန်ကြဖို့ တိုက်တွန်းမှုတွေ လည်းရှိနေပါတယ်။

ဒေသခံတွေ ကတော့ ကရင်နီတစ်ပြည်နယ်လုံးနီးပါး တိုက်ပွဲတွေ ပြင်းထန်ကျယ်ပြန့်လာနေတာကြောင့် စစ်ဘေးရှောင်တွေအတွက်လည်း စစ်ရှောင်စရာ နယ်မြေ ရှားပါးလာပြီးပြေးစရာမြေမရှိတော့တဲ့အခြေအနေဖြစ်နေတယ်လို့ စစ်ရှောင်တွေကပြောပါတယ်။

ဒါ့အပြင် စက်သုံးဆီနဲ့ သောက်သုံးရ ရေရှားပါးတာ၊ စားနပ်ရိက္ခာ လုံလောက်မှုမရှိတာ စတဲ့ အခက်အခဲတွေကိုလည်း တိုက်ပွဲနဲ့အတူ ရင်ဆိုင်နေကြရတာပါ။

ဒါနဲ့ပတ်သက်လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက အခုလိုပြောပါတယ်။

" ရိက္ခာတွေဆိုရင်လည်း အကန့်အသတ်နဲ့ ပြန်ပေးဝေရတာတွေရှိတယ်။ ဆီဆိုရင်လည်း ဈေးနှုန်းအရမ်းမြင့်တက်လာနေပြီ။ မြင့်တက်နေတာတောင် လိုသလောက် ဝယ်လို့ မရတဲ့ အနေအထားတွေ ဖြစ်နေပြီ။ "

ကရင်နီပြည်နယ်တွင်း မိုးဗြဲ၊ ဖယ်ခုံ၊ လွိုင်ကော်၊ နန်းမယ်ခုံ၊ တို့မှာဆက်တိုက် တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး မနေ့က မနက်အစောပိုင်းနဲ့ ဒီနေ့ မတ် ၄ ရက် ညနေမှာလည်း စစ်ကောင်စီဘက်က ဒီမောဆိုဘက်ကို ထပ်မံ ထိုးစစ်ဆင်လာတာကြောင့် မူလရှိပြီး စစ်ရှောင်တွေ၊ ထပ်မံရောက်ရှိလာတဲ့ စစ်ရှောင်တွေအပါအဝင် စစ်ဘေးရှောင် သောင်းနဲ့ချီ ရှိလာနေပါတယ်။

ဒါ့အပြင် စစ်ကောင်စီဘက် က ကယားပြည်နယ်ကို ဖြတ်လေးဖြတ် စနစ်နဲ့ စားနပ်ရိက္ခာ၊ ဆက်သွယ်ရေး၊ လမ်းခရီး စတာတွေကိုလည်း ဖြတ်တောက်ထားတဲ့အတွက် စစ်ရှောင်တွေအနေနဲ့ ပြင်ပအကူအညီအထောက်အပံ့ရဖို့လည်း ခက်ခဲနေတယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကတည်းက တိုက်ပွဲတွေပြင်းထန်နေခဲ့တဲ့ ကယားပြည်နယ် တစ်ဝိုက်မှာ စစ်ကောင်စီရဲ့လေကြောင်းအပါအဝင် ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် ဒေသကာကွယ်ရေးတပ်တွေဘက်က နေရာယူထားတဲ့ ဒေသတချို့ ယာယီစွန့်ခွာနေလာရပါတယ်။