မြိုင်မှာ စစ်တပ်ရဲ့ Mi 17 ရဟတ်ယာဥ်တစ်စင်းကို ပစ်ချလိုက်တယ်လို့ မကွေး PDF ပြော
မကွေးတိုင်းထဲက မြိုင်နယ်တစ်နေရာမှာ စစ်တပ်ရဲ့ Mi17 ရဟတ်ယာဥ်တစ်စင်းကို ဒီနေ့ ပစ်ချလိုက်တယ်လို့ မကွေး မကွေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က လွန်ခဲ့တဲ့မိနစ်ပိုင်းက ထုတ်ပြန်ပါတယ်။
“ထိခိုက်သေဆုံးနဲ့ မှတ်တမ်းတွေကိုတော့ မြေပြင်စစ်ကြောင်းအခြေအနေရှင်းတာနဲ့ အသေးစိတ် ထပ်ထုတ်ပြန်ဖို့ရှိပါတယ်” လို့ မကွေး PDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
စစ်အာဏာသိမ်းကာလအတွင်း တိုက်လေယာဥ်နဲ့ ရဟတ်ယာဥ်တွေ ပျက်ကျတာ၊ ပစ်ချခံရတဲ့ ၁၀ ကြိမ်ထက်မနည်းဖြစ်ခဲ့ပြီး ပစ်ချခံရမှုအများစုက ကချင်ပြည်နယ်မှာဖြစ်ပါတယ်။
အခုတစ်ခေါက် ရဟတ်ယာဉ်ပစ်ချခံရတယ်ဆိုတဲ့သတင်းနဲ့ပတ်သက်ပြီး ဘီဘီစီအနေနဲ့ သီးခြား အတည်မပြုနိုင်သေးပေမဲ့ ဒါဟာ ၂၀၂၁ စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း စစ်တပ်ရဲ့ Mi 17 ရဟတ်ယာဥ်တွေထဲက တစ်စင်း ပစ်ချခံရတဲ့ပထမဆုံးဖြစ်စဉ်တော့ မဟုတ်ပါဘူး။
ဒီနှစ် မတ်လအစပိုင်းက ကချင်ပြည်နယ်၊ ဗန်းမော်တိုက်ပွဲကို စစ်ကူလာတဲ့ Mi-17 အမျိုးအစားထောက်ပို့ ရဟတ်ယာဉ်တစ်စီးကို ကချင်လွတ်လပ်ရေးတပ်(KIA) နဲ့ ပူးပေါင်းတပ်တွေက ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့နှစ် မေလတုန်းကလည်း ဗန်းမော်တိုက်ပွဲကိုလာတဲ့ စစ်တပ်ရဲ့ Mi-17 ရဟတ်ယာဉ်ကို KIA ကပစ်ခတ်ခဲ့လို့ ရွှေကူမြို့နယ်ထဲမှာ ပျက်ကျခဲ့ပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂၀ နီးပါးသေဆုံးခဲ့တယ်လို့ KIA က အတည်ပြုခဲ့ပါတယ်။
ဗန်းမော်မှာ Mi17 ရဟတ်ယာဥ်တွေကို ဒရုန်းနဲ့ဝင်တိုက်တာကြောင့် ပျက်ကျခဲ့တာကို တော်လှန်ရေးအဖွဲ့တွေက ထုတ်ပြန်တဲ့ရုပ်သံတွေမှာ တွေ့ရပါတယ်။
၂၀၂၄ ဇန်နဝါရီလထဲမှာလည်း ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ထဲမှာ ကေအိုင်အေက FN-6 ဒုံးနဲ့ ဒီရဟတ်ယာဥ်အမျိုးအစားကိုပဲ ပစ်ချခဲ့ဖူးပါတယ်။
နေပြည်တော်ကတော့ မကွေး PDF အပြောအရ ပစ်ချခဲ့တယ်လို့ဆိုတဲ့ မြိုင်က အခြေအနေနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။