ဆာ ကီယာ စတာမာဟာ ၂၀၂၄ ဇူလိုင် ရွေးကောက်ပွဲမှာ အဲဒီတုန်းက အာဏာရ ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင် ဝန်ကြီးချုပ် ရစ်ရှီဆူးနက်ကို အပြတ်နိုင်ရပြီး လေဘာပါတီအစိုးရရဲ့ဝန်ကြီးချုပ်ဖြစ်လာခဲ့သူပါ။
ကီယာစတာမာဟာ ပြီးခဲ့တဲ့လပိုင်းတွေမှာတော့ ပါတီတွင်းမှာ သူ့ကိုဆန့်ကျင်မှုတွေကို ရင်ဆိုင်လာရတယ်။
မေလမှာလုပ်ခဲ့တဲ့ ဒေသန္တရရွေးကောက်ပွဲမှာ လေဘာရဲ့ မဲဆန္ဒနယ်တွေနဲ့ ဒေသခံကောင်စီနေရာတွေ အများကြီး ရှုံးခဲ့တာ ဝန်ကြီးချုပ်ရဲ့ခေါင်းဆောင်မှု မထိရောက်လို့ဆိုပြီး ဝေဖန်ခံခဲ့ရတယ်။
လက်ယာစွန်းဝါဒီတွေ ခေါင်းဆောင်တဲ့ Reform Party က အဲဒီရွေးကောက်ပွဲမှာ နေရာအများကြီး နိုင်သွားတဲ့အခါ လေဘာပါတီထဲမှာလည်း ကီယာစတာမာဦးဆောင်နေရင် နောက်တစ်ကြိမ် အထွေထွေရွေးကောက်ပွဲမှာ Reform က အာဏာရသွားမှာကို စိုးရိမ်မှုတွေ တိုးလာပါတယ်။
ပါတီတွင်းနဲ့ အစိုးရအဖွဲ့ထဲက သူ့ရဲ့ အနီးကပ်ဆုံးသူတွေကိုယ်တိုင်က ကီယာစတာမာအပေါ် အယုံအကြည်မရှိဘူးဆိုတာ ပွင့်ပွင့်လင်းလင်းပြလာကြပြီး အစိုးရရဲ့ ကာကွယ်ရေးအသုံးစရိတ်တွေ ချပေးမှုဟာ ခေတ်နဲ့မကိုက်ညီဘူး၊ တကယ်တမ်း အလုပ်လုပ်လို့ မရနိုင်ဘူးဆိုပြီး ကာကွယ်ရေးဝန်ကြီးလည်း မကြာသေးခင်ကပဲ ထွက်သွားခဲ့ပါတယ်။
နုတ်ထွက်ကြောင်း ကြေညာတဲ့အချိန်မှာ ဆာကီယာစတာမာက လေဘာကို သူခေါင်းဆောင်တဲ့အချိန် သူဝန်ကြီးချုပ်တာဝန်ယူချိန်မှာ အောင်မြင်မှုတွေအကြောင်း ပြောသွားခဲ့ပါတယ်။
တစ်ဆက်တည်းမှာပဲ နောင်လာမယ့်ရွေးကောက်ပွဲမှာ အနိုင်ရဖို့ သူ့ခေါင်းဆောင်မှုအပေါ် ပါတီတွင်းမေးခွန်းထုတ်မှုတွေကိုလည်း သူသိထားကြောင်း၊ အဲဒီအတွက် အဖြေကိုပေးတဲ့အနေနဲ့ အခုလိုဆုံးဖြတ်ခဲ့တာလို့ ပြောပါတယ်။
ဝန်ကြီးချုပ်ရဲ့ လေဘာခေါင်းဆောင်နေရာကို ယှဥ်ပြိုင်ရယူဖို့ ကြိုးစားသူတွေရှိလာပါတယ်။
စတာမာအစိုးရအဖွဲ့ထဲက ကျန်းမာရေးဝန်ကြီး ဝက်စ်စထရိတင်းက ရာထူးကနုတ်ထွက်ပြီး ခေါင်းဆောင်နေရာကို ယှဥ်ပြိုင်ဖို့ဆန္ဒရှိကြောင်းပြောထားပါတယ်။
အခုနောက်ဆုံး ဝန်ကြီးချုပ်နုတ်ထွက်ဖို့အထိ ဖြစ်လာတာကတော့ ပါတီထဲမှာ လူကြိုက်များပြီး ခေါင်းဆောင်ဖြစ်လာနိုင်သူအဖြစ် ရေပန်းစားတဲ့ အင်ဒီဘာနမ် ပြီးခဲ့တဲ့အပတ်ကပဲ ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရပြီး ပါလီမန်အမတ်ဖြစ်လာတာပါ။
အဲဒီရွေးကောက်ပွဲမှာ သူဟာ Reform အပါအဝင် ပါတီစုံက ပြိုင်ဘက်အားလုံးကို အပြတ်အနိုင်ရခဲ့တာကလည်း သူ့ကို လူကြိုက်များမှုကို ပြလိုက်တာပါ။
အင်ဒီဘာနမ်ကိုယ်တိုင်ကလည်း လေဘာခေါင်းဆောင်နဲ့ ဝန်ကြီးချုပ်နေရာကို သူမှန်းကြောင်း သိသိသာသာအချက်ပြထားပါတယ်။
အခု ဝန်ကြီးချုပ် ကီယာစတာမာက နုတ်ထွက်ပြီး ပါတီခေါင်းဆောင်တွေက သူ့နေရာဆက်ခံမယ့်သူတွေကို ရွေးရပါမယ်။
ခေါင်းဆောင်နေရာကို ဝင်ယှဥ်ပြိုင်ချင်သူတွေ ဇူလိုင် ၉ ရက်နေ့မှာ စပြီးစာရင်းပေးရမှာပါ။
အင်ဒီဘာနမ်က ရှေ့ဆုံးကပြေးနေသူမို့ သူ့ကို ယှဥ်ပြိုင်မယ့်သူမရှိရင်တော့ သူပဲ လေဘာခေါင်းဆောင်နဲ့ ဝန်ကြီးချုပ်ဖြစ်လာမှာပါ။
ဆာကီယာစတာမာကတော့ ခေါင်းဆောင်သစ်ဆီ စနစ်တကျတာဝန်လွှဲပေးနိုင်တဲ့အထိ သူ ဝန်ကြီးချုပ်တာဝန်ကို ဆက်ယူသွားမယ်လို့ ပြောပါတယ်။