အာဏာသိမ်းထားတဲ့ကာလ စစ်ရိပ်စစ်ငွေ့ကြားက ကရင်နှစ်သစ်ကူး

ကရင်ပြည်နယ်၊ဧရာဝတီတိုင်း နဲ့ ရန်ကုန်အပါအဝင် နှစ်သစ်ကူးအခမ်းအနားတွေကျင်းပ

ဓာတ်ပုံ ရင်းမြစ်, KHIN MG WIN

ဓာတ်ပုံ ပုံစာ, ကရင်ပြည်နယ်၊ဧရာဝတီတိုင်း နဲ့ ရန်ကုန်အပါအဝင် နှစ်သစ်ကူးအခမ်းအနားတွေကျင်းပ
ရေးသားခဲ့သည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂ရက်ဟာ (၂၇၆၁) ခုနှစ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ ဖြစ်လို့ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်းနဲ့ ရန်ကုန်အပါအဝင် ကရင်တိုင်းရင်းသားတွေ နေထိုင်တဲ့ဒေသတွေမှာ နှစ်သစ်ကူးအခမ်းအနားတွေ ကျင်းပခဲ့ကြပါတယ်။

အာဏာသိမ်းထားတဲ့ကာလဖြစ်ပြီး ဒီဇင်ဘာလလယ်လောက်ကတည်းက စခဲ့တဲ့ ကရင်ပြည်နယ် လေးကေ့ကော်တဝိုက်က တိုက်ပွဲတွေကြောင့် ဒီနှစ် ကရင်နှစ်သစ်ကူးနေ့ဟာ စစ်ရိပ်စစ်ငွေ့သန်းနေတဲ့ကြားမှာ ဖြတ်သန်းရတာလည်း ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ကရင်ပြည်နယ်ထဲမှာ တိုက်ပွဲကြီးကြီးမားမား မရှိခဲ့ဘဲ အမြောက်သံတွေ၊ သေနတ်သံတွေ တိတ်နေခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

၂၇၆၁ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို ကေအဲန်ယူ - ထိန်းချုပ်နယ်မြေ တစ်နေရာ၌ကျင်းပပြုလုပ်

ဓာတ်ပုံ ရင်းမြစ်, KNU

ဓာတ်ပုံ ပုံစာ, ၂၇၆၁ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို ကေအဲန်ယူ - ထိန်းချုပ်နယ်မြေ တစ်နေရာ၌ကျင်းပပြုလုပ်

ဒါပေမဲ့ ကရင်အမျိုးသားအစည်းအရုံး -KNU ရဲ့ နှစ်သစ်ကူးသဝဏ်လွှာကို ဖတ်ကြည့်ရင်မြန်မာပြည်က အာဏာသိမ်းမှုဟာ ကရင်တိုင်းရင်းသားတွေနဲ့ KNU အပေါ် ဘယ်လိုသက်ရောက်ခဲ့လဲဆိုတာ သိသာစေမှာ ဖြစ်ပါတယ်။

ဆုတောင်းတစ်ခု ပိုလာခြင်း

ကရင်အမျိုးသားအစည်းရုံး-KNU ဟာ စစ်တပ်ကို နှစ်ပေါင်း ၇၀ ကျော်ကြာ လက်နက်ကိုင်ရင်ဆိုင်လာတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

KNU အနေနဲ့ အပစ်ရပ်ပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ အချိန်တွေ ငွေတွေ ရင်းနှီးအားထုတ်ပြီး ပြည်သူလူထုတွေ၊ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းစုံနဲ့ အကောင်းဆုံး ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ ဒီကနေ့နှစ်သစ်ကူးသဝဏ်လွှာမှာ ဖော်ပြပါတယ်။

ဒါပေမဲ့ KNU ရဲ့ ကြိုးပမ်းအားထုတ်မှုတွေဟာ စစ်တပ်ရဲ့ အာဏာသိမ်းမှုကြောင့် အလဟဿဖြစ်ခဲ့ရတယ်လို့ သဝဏ်လွှာမှာ ရေးသားထားပါတယ်။စစ်အာဏာရှင်တွေအနေနဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ စစ်မှန်တဲ့စေတနာဝေးနေရင် ငြိမ်းချမ်းရေးလည်း ဝေးနေမယ်လို့ KNU ရဲ့ သဘောထားကိုလည်း ထုတ်ပြန်ပါတယ်။

ကရင်တိုင်းရင်းသားတွေရဲ့ အခွင့်အရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတားအဆီးဖြစ်နေတဲ့ မတရားတဲ့နိုင်ငံရေးစနစ်တွေကို တွန်းလှန်တိုက်ဖျက်ရမယ်လို့ သဝဏ်လွှာမှာ ဖော်ပြပါတယ်။

ကေအဲန်ယူတပ်ဖွဲ့ဝင်များ

ဓာတ်ပုံ ရင်းမြစ်, KNU

ဓာတ်ပုံ ပုံစာ, ကေအဲန်ယူတပ်ဖွဲ့ဝင်များ

KNU ရဲ့ သဝဏ်လွှာဟာ မနှစ်ကအာဏာမသိမ်းခင်က သဝဏ်လွှာနဲ့စာရင် အတော်လေးကို လေသံပြောင်းသွားခဲ့ပါတယ်။ မနှစ်က သဝဏ်လွှာထဲမှာတော့ ကောင်းချီးမင်္ဂလာ၊ စည်းလုံးညီညွတ်ခြင်းနဲ့ ငြိမ်းချမ်းခြင်းတွေခံစားရရှိပါစေလို့ ဆုမွန်တောင်းခဲ့ပါတယ်။

ဒီနှစ် သဝဏ်လွှာထဲမှာတော့ ရန်သူအပေါင်းကို အောင်မြင်နိုင်စေကြောင်းဆိုတဲ့ ဆုတောင်းတစ်ခုပိုလာတာကို တွေ့ရပါတယ်။

စင်ပြိုင် သဝဏ်လွှာ

ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို စစ်ကောင်စီဘက်ကရော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ဘက်ကပါ သဝဏ်လွှာတွေ ပေးပို့ခဲ့ကြပါတယ်။

CRPH ရဲ့ သဝဏ်လွှာထဲမှာ စစ်ကောင်စီရဲ့ အာဏာလုအကြမ်းဖက်ကိစ္စတွေကို တော်လှန်ရာမှာ ကရင်တိုင်းရင်းသားတွေရဲ့ ကူညီပံ့ပိုးမှုနဲ့ ပါဝင်ကြိုးပမ်းမှုကို တန်ဖိုးထားတဲ့အကြောင်း ထည့်သွင်းဖော်ပြခဲ့ပါတယ်။

ကရင်အမျိုးသားနှစ်သစ်ကူးနေ့အတွက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပေးပို့ခဲ့တဲ့သဝဏ်လွှာထဲမှာတော့ NCA မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ NCA မှာ ပါဝင်လာဖို့ကြိုးစားနေတဲ့အကြောင်း ထည့်ပြောထားပါတယ်။

ဒါဟာ နှစ်သစ်ကူးမိန့်ခွန်းမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြောခဲ့တဲ့ ငြိမ်းချမ်းရေးအတွက်ခြေလှမ်းသစ်တွေစမယ် ဆိုတဲ့အကြောင်းနဲ့ သက်ဆိုင်သူ အဖွဲ့အစည်း အားလုံးကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ဖိတ်ခေါ်တယ်ဆိုတဲ့ စကားတွေကို ထပ်ပြီးထင်ဟပ်စေတာလို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ ၂၀၂၂ ဒီနှစ်မှာ ငြိမ်းချမ်းရေးရဖို့ ကြိုးစားမယ်လို့ ထုတ်ပြောထားပြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ဦးဆောင်တဲ့ ငြိမ်းချမ်းရေးအဖွဲ့ဟာ NCA မထိုးရသေးတဲ့ မြောက်ပိုင်းအဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါတယ်။

ဒါပေမဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIA ကတော့ ဆွေးနွေးပွဲကိုမလာခဲ့ဘဲ စစ်ကောင်စီနဲ့ ကြိုကြားကြိုကြား တိုက်ပွဲတွေဖြစ်လို့ တင်းမာနေတဲ့အနေအထားမှာ ရှိနေပါတယ်။

ဒါ့အပြင် လေးကေ့ကော်မှာ PDF တွေပုန်းခိုနေတယ်ဆိုပြီး ဝင်ဖမ်းတဲ့ဖြစ်စဉ်ကနေ NCA ထိုးထားတဲ့ KNU နဲ့ပါ တကျော့ပြန်တိုက်ပွဲတွေ ပိုပြင်းထန်လာခဲ့တာပါ။

သောင်ရင်းမြစ်ကမ်းဘေးမှစစ်ဘေးရှောင်စခန်းတစ်ခု

ဓာတ်ပုံ ရင်းမြစ်, MPA

ဓာတ်ပုံ ပုံစာ, သောင်ရင်းမြစ်ကမ်းဘေးမှစစ်ဘေးရှောင်စခန်းတစ်ခု

KNU ပြောခွင့်ရသူ ပဒိုစောတောနီးကတော့ ငြိမ်းချမ်းရေးဟာ စိတ်ကူးယဉ်လို့မရဘဲ လက်တွေ့ပါရမယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရဲ့ပြောစကားကို တုံ့ပြန်ပါတယ်။

''ရန်လိုနေတဲ့သူ့တပ်တွေကို ပြန်ဆုတ်ခိုင်းလိုက်၊ လေယာဉ်နဲ့ဗုံးကျဲတာ၊ လက်နက်ကြီးနဲ့ပစ်တာတွေချက်ချင်းရပ်ခိုင်းလိုက်၊ ပထမခြေလှမ်းအနေနဲ့ ဒါပဲအရင်လုပ်ပါဦး'' လို့ သူကပြောပါတယ်။