မြန်မာစစ်တပ် ထိုင်းကိုတောင်းဆိုတဲ့ လက်နက်လမ်းကြောင်း ဖြတ်တောက်ရေး ဖြစ်တန်ခြေ

ထိုင်းကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဥကရစ်ဘွန်တနွန်ဒါနဲ့ မြန်မာတပ်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး

ဓာတ်ပုံ ရင်းမြစ်, Royal Thai Army

ဓာတ်ပုံ ပုံစာ, ထိုင်းကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဥကရစ်ဘွန်တနွန်ဒါနဲ့ မြန်မာတပ်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး
ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၉

တော်လှန်ရေးအင်အားစုတွေရဲ့ ပြည်တွင်းလက်နက်စီးဆင်းမှုကို လိုက်လံဖြတ်တောက်နေတဲ့ မြန်မာစစ်တပ်က နယ်စပ်ကတဆင့်စီးဝင်တဲ့လမ်းကြောင်းတွေကို တားဆီးပေးဖို့ ထိုင်းကိုပါအကူအညီ ထပ်တောင်းထားပါတယ်။

မြန်မာနိုင်ငံတောင်ပိုင်းက အင်အားကြီးတော်လှန်ရေးအဖွဲ့ဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ လက်နက်ကိုင်တပ် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) မှာ စစ်ဦးစီးချုပ်အပြောင်းအလဲ ဖြစ်ပြီးနောက် စစ်ရေးအပြောင်းအလဲဖြစ်လာမလားစောင့်ကြည့်နေကြချိန်မှာ ထိုင်းကိုတောင်းဆိုချက် ထွက်လာတာပါ။

တရုတ်အကူအညီနဲ့ ရှမ်းမြောက်စစ်မျက်နှာပြင်ကို တခန်းရပ်ခဲ့ပြီးနောက် မြန်မာနိုင်ငံမြောက်ပိုင်းမှာ ဖြတ်တောက်ရေးတွေ ပိုဖိလုပ်လာတဲ့ စစ်တပ်က ထိုင်းအကူအညီနဲ့ တောင်ပိုင်းကိုပါ ဖိအားပေးလိုဟန် ရှိတယ်လို့ စစ်ရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။

ထိုင်း - မြန်မာနယ်စပ်မှာ နှစ်ဆယ်နဲ့ချီအခြေစိုက်ခဲ့တဲ့ လက်နက်ကိုင်တပ်တွေအတွက်တော့ ဒါကထူးကဲတဲ့လုပ်ရပ် မဟုတ်ဘူးလို့ တုံ့ပြန်ကြပေမဲ့ လက်နက်ခဲယမ်းဈေးကွက်အပေါ်တော့ သက်ရောက်မှုရှိပါတယ်။

တောင်ပိုင်းစစ်ရေးအလှုပ်နဲ့ စစ်တပ်ရဲ့ လိုလားချက်

KLNA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဘောကျော်ဟဲ

ဓာတ်ပုံ ရင်းမြစ်, KNU/ KNLA

ဓာတ်ပုံ ပုံစာ, KLNA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဘောကျော်ဟဲ

KLNA စစ်ဦးစီးချုပ်အသစ် ဗိုလ်ချုပ်ကြီး ဘောကျော်ဟဲက ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ရဲ့ စစ်မဟာဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေးကော်မတီမှာ ပူးတွဲဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီလို့ ဒေသတွင်းသတင်းတွေမှာဖော်ပြပါတယ်။

မြန်မာစစ်တပ်အပေါ် လက်သံပြောင်တယ်လို့ နာမည်ကျော်တဲ့ KNU/KNLA တပ်မဟာ ၅ ရဲ့ ခေါင်းဆောင်ဖြစ်ခဲ့တဲ့ ဘောကျော်ဟဲရဲ့ စွမ်းဆောင်ရည်ကိုစောင့်ကြည့်နေချိန်မှာ မြန်မာစစ်တပ်ကလည်း လက်နက်ခဲယမ်းဖြတ်တောက်ရေးကြိုးပမ်းလာပါတယ်။

နေပြည်တော်သမ္မတ ဦးမင်းအောင်လှိုင်ရဲ့ ဘန်ကောက်ခရီးစဉ်အတွင်း ထိုင်းဝန်ကြီးချုပ် အနုတင်နဲ့ တွေ့ဆုံချိန်မှာ နယ်စပ်ကနေတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဆီ စီးဆင်းနေတဲ့ လက်နက် လမ်းကြောင်းကို ဖြတ်တောက်ပေးဖို့ ပြောခဲ့ပါတယ်။

ထိုင်း-မြန်မာ နယ်စပ်လုံခြုံရေးတင်းကျပ်ဖို့ညွှန်ကြားထားကြောင်း ပြည်ထဲရေးဝန်ကြီးရာထူးပါ ပူးတွဲယူထားတဲ့ ဝန်ကြီးချုပ် အနုတင်က တွေ့ဆုံပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ထိုင်းအစိုးရဖွဲ့စည်းပုံအရ ပြည်ထဲရေးဝန်ကြီးဌာနကနေ ပြည်နယ်အုပ်ချုပ်ရေးကို အမိန့်စီးဆင်းနိုင်သလို အုပ်ချုပ်ရေး၊ ရဲ နဲ့ စစ်တပ်ကလည်း ပူးပေါင်းလုပ်ကိုင်လေ့ရှိပါတယ်။

နယ်စပ်လုံခြုံရေးမှာ ထိုင်းစစ်တပ်ကအခရာကျပြီး မြန်မာစစ်တပ်နဲ့ရော နယ်စပ်တကြောက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ပါ နီးကပ်တဲ့ဆက်ဆံရေးရှိတယ်လို့ စစ်ရေးအကဲခတ်တွေက ထောက်ပြကြပါတယ်။

ဘန်ကောက်ရောက် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး

ဓာတ်ပုံ ရင်းမြစ်, Royal Thai Armed Forces

ဓာတ်ပုံ ပုံစာ, ဘန်ကောက်ရောက် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ကာကွယ်ရေးဦးစီးချုပ်အသစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးရဲ့ ပထမဆုံးပြည်ပခရီးစဉ်က ထိုင်းကိုဖြစ်ပြီး ထိုင်းကာကွယ်ရေးဝန်ကြီး၊ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီး ရဲဝင်းဦးရဲ့ ဘန်ကောက်ခရီးစဉ်မှာ လက်နက်ခဲယမ်းမှောင်ခိုရောင်းဝယ်မှုတွေကို ပူးပေါင်းတိုက်ဖျက်မယ့်အကြောင်း ထိုင်းစစ်တပ်ကို ပြောခဲ့တာက နေပြည်တော်ရဲ့ ဆန္ဒကို ပိုမြင်သာစေပါတယ်။

ဘီဘီစီစကားပြောခဲ့တဲ့ တော်လှန်ရေးလက်နက်ကိုင်တပ်ဦးဆောင်သူ ၅ ဦးထက်မနည်းကတော့ နေပြည်တော်ရဲ့ ထိုင်းကို တောင်းဆိုမှုကြောင့် လက်နက်ခဲယမ်းလမ်းကြောင်းအပေါ် သက်ရောက်မှုရှိ၊ မရှိကို မတူညီတဲ့အမြင်တွေရှိကြပါတယ်။

အဲဒီထဲမှာတူညီတဲ့အဖြေကတော့ အရင်ကတည်းက ထိုင်း - မြန်မာနယ်စပ်မှာ လက်နက်စီးဆင်းမှုကို အလွယ်တကူစီးဆင်းခွင့်မပြုထားဘဲ ဖမ်းဆီးမှုတွေဆက်တိုက်ရှိခဲ့တယ်ဆိုတဲ့အချက်ပါ။

"လက်နက်လမ်းကြောင်းဖျက်ဖို့ဆိုရင် အရင်တုန်းကထိုင်းကခွင့်ပြုခဲ့လားဆိုတာကို မေးခွန်းပြန်ထုတ် ရမှာပေါ့။ သူတို့သာခွင့်ပြုခဲ့ရင် ဖုတ်ဖရာ၊ တာ့ခ်ခရိုင်ဘက်မှာ လက်နက်တွေဆုံးရှုံးစရာအကြောင်းမရှိသလို ဒရုန်းတွေလည်းဆုံးရှုံးစရာအကြောင်းမရှိဘူး"

"သူတို့ခွင့်မပြုလို့သာ ကျွန်တော်တို့ ၆ နှစ်တာကာလအတွင်းဆုံးရှုံးခဲ့ရတာတွေ အများကြီး ... အများကြီး ရှိတယ်။ ထိုင်းကလက်နက်ဖြတ်တာဖြစ်စေ မဖြတ်တာဖြစ်စေ အစကတည်းက ထောက်ပံ့တာမရှိဘူး" လို့ ကရင်ပြည်နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ဒါကြောင့် တော်လှန်ရေးအပေါ် သက်ရောက်မှုမရှိဘူးလို့ သူက ပြောပြီး လက်နက်ပစ္စည်းတွေကိုလည်း ထိုင်းဘက်က ရှာဖွေဖမ်းဆီးမှုတွေ အမြဲလိုလိုရှိခဲ့တယ်လို့ ‌ထောက်ပြပါတယ်။

မြန်မာစစ်တပ်နဲ့တိုက်ပွဲဖြစ်နေတဲ့ တော်လှန်ရေးတပ်တွေအတွက် မှောင်ခိုလက်နက်တွေဟာ ထိုင်းစစ်တပ်ကနေလာတာဆိုတဲ့စွပ်စွဲချက်တွေကိုလည်း ထိုင်းတော်ဝင်စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး Jaroenchai Hintao က ၂၀၂၄ ခုနှစ်မှာ ငြင်းဆန်ခဲ့ပါတယ်။

"လက်နက်မှောင်ခိုတွေနဲ့ပတ်သက်ပြီး စိုးရိမ်ချက်တွေရှိလာချိန်တိုင်း စုံစမ်းဖော်ထုတ်ချက်တွေမှာ တပြေးညီတည်းတွေ့ရနေတဲ့ရလဒ်က ထိုင်းစစ်တပ်ကနေလာတာမဟုတ်ကြောင်း အမြဲပြနေတာပဲ" လို့ ဗိုလ်ချုပ်ကြီး Jaroenchai Hintao က ပြောခဲ့ကြောင်း ထိုင်းသတင်းတွေမှာဖော်ပြပါတယ်။

သူဟာ ထိုင်းတော်ဝင်စစ်တပ်အကြီးအကဲရာထူးကို ၂၀၂၃ကနေ ၂၀၂၄ ခုနှစ်အထိတာဝန်ယူခဲ့သူပါ။

ကီလိုမီတာထောင်ချီ ထိုင်း-မြန်မာနယ်စပ်

ထိုင်းမြန်မာနယ်စပ်မှာ အခြေစိုက်တဲ့ လက်နက်ကိုင်အဖွဲ့တွေ

ဓာတ်ပုံ ရင်းမြစ်, Getty/BBC

ဓာတ်ပုံ ပုံစာ, ထိုင်းမြန်မာနယ်စပ်မှာ အခြေစိုက်တဲ့ လက်နက်ကိုင်အဖွဲ့တွေ

ထိုင်းမြောက်ပိုင်း ချင်းရိုင်ကနေ တောင်ပိုင်း ရနောင်းအထိ မြန်မာနဲ့ ကီလိုမီတာ ၂,၄၁၆ နယ်နိမိတ် ထိစပ်နေပြီး အဲဒီနယ်စပ်တကြောမှာနှစ်ပေါင်းဆယ်နဲ့ချီ တိုင်းရင်းသားလက်နက်ကိုင်တပ် (EROs) တွေ အခြေစိုက် နေပါတယ်။

မြန်မာရဲ့ အင်အားအကြီးဆုံးတိုင်းရင်းသားလက်နက်ကိုင်တပ်လို့ လူသိများတဲ့ ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ရဲ့ တောင်ပိုင်း (၁၇၁) စစ်ဒေသက ထိုင်းနယ်စပ်အနီးမှာရှိနေပါတယ်။ ရှမ်းအရှေ့က တာချီလိတ်၊ မိုင်းဆတ် နဲ့ မိုင်းတုံ မှာ 'ဝ' တပ်စွဲထားတာ အနှစ် ၂၀ ကျော်နေပါပြီ။

ထိုင်းမြောက်ပိုင်း - မြန်မာရှမ်းအရှေ့တကြောမှာ မိုင်းလား (NDAA) ၊ ရှမ်း (RCSS) စတဲ့ တပ်အသီးသီး ရှိသလို မြန်မာစစ်တပ်ဆီ ပြည်သူ့စစ်အဖြစ်အသွင်ပြောင်းထားတဲ့ အဖွဲ့ငယ်တွေလည်း ရှိပါတယ်။

အဲဒီကနေဆင်းလာရင် ထိုင်းရဲ့ မယ်ဟောင်ဆောင်နဲ့ကပ်ရပ်ကတော့ ကယား (ကရင်နီ) ပြည်နယ်ပါ။ ကယားမှာတော့ ကရင်နီတပ်မတော် (KA) က အင်အားအကြီးဆုံးလို့ဆိုနိုင်ပါတယ်။

ထိုင်း၊ တာခ့်ခရိုင်ရဲ့ သောင်ရင်းမြစ်တဖက်ကမ်းဟာ ကရင်ပြည်နယ်ဖြစ်ပြီး KNU/ KNLA၊ နယ်ခြားစောင့်တပ် (BGF)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) စတဲ့ ကရင်လက်နက်ကိုင်တပ်ဖွဲ့မျိုးစုံအပြင် ကျောင်းသားတပ် (ABSDF) လည်း အခြေစိုက်ပါတယ်။

ထိုင်းတောင်ပိုင်း ကန်ချနဘူရီခရိုင်ကစလို့ ရနောင်းအဆုံးအထိ မြန်မာဘက်ခြမ်းမှာ KNU/KNLA ရဲ့ တပ်မဟာ ၄ ရှိပါတယ်။ အထူးသဖြင့် ကရင်နဲ့ တနင်္သာရီတို့က ထိုင်း-မြန်မာနယ်စပ်တဝိုက်မှာ အာဏာသိမ်းပြီးနောက်ပိုင်းပေါ်ပေါက်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တချို့လည်း အခြေစိုက် လှုပ်ရှားကြပါတယ်။

မြန်မာမှာ စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ တိုက်ပွဲတွေပြန်ပြင်းထန်လာချိန်တည်းက လက်နက်မှောင်ခို ဈေးကွက်ကိုတားဆီးဖို့အတွက် နယ်စပ်ကိုတင်းကျပ်ထားဖို့ ထိုင်းကာကွယ်ရေးဝန်ကြီးဌာနက ညွှန်ကြားခဲ့ ကြောင်း အဲဒီကာလထိုင်းသတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။

"လက်နက်နဲ့မူးယစ်ဆေးဝါးမှောင်ခိုလမ်းကြောင်းဖြစ်တယ်လို့ယူဆရတဲ့ ဥပမာ ချင်းရိုင်၊ မယ်ဟောင်ဆောင်၊ တာ့ခ်တို့ဘက်မှာ နယ်စပ်တင်းကျပ်တာကိုပိုတွေ့ရတယ်။ လက်နက်မှောင်ခိုတစ်ခုတည်းမဟုတ်ဘူး၊ မူးယစ်ဆေးဝါးတို့ ကျားဖြန့်တို့ သက်ရောက်မှုတွေ အများကြီးပါတယ်" လို့ နယ်စပ်လက်နက်ဈေးကွက် အခြေအနေသိရှိတဲ့ PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

စစ်တပ်နဲ့တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ လက်နက်သယ်ယူမှုတွေကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးတဲ့ဖြစ်စဉ်တွေအမြောက်အများရှိပေမဲ့ လုံခြုံရေး အခြေအနေကြောင့် ထုတ်ဖော်မပြောခဲ့ကြဘူးလို့ သူကဆက်ပြောပါတယ်။

၂၀၂၅၊ ဧပြီ ဖမ်းဆီးမှုဖြစ်စဉ်

ဓာတ်ပုံ ရင်းမြစ်, ထိုင်းသတင်း

ဓာတ်ပုံ ပုံစာ, ၂၀၂၅၊ ဧပြီ ဖမ်းဆီးမှုဖြစ်စဉ်

ဒီအခင်းအကျင်းကို ထိုင်းရဲ့ လက်နက်ဖမ်းဆီးရမိကြောင်း သတင်းထုတ်ပြန်ချက်တွေက မီးမောင်းထိုးပြနေပါတယ်။

ထိုင်းမြောက်ပိုင်း၊ ချင်းမိုင်မှာ KNU ဆီပို့မယ့် ရိုင်ဖယ်နဲ့ လောင်ချာလက်နက်တွေကို သယ်ဆောင်လာတဲ့ အမျိုးသားနှစ်ဦးကိုဖမ်းဆီးတဲ့ဖြစ်စဉ် ၂၀၂၅၊ ဧပြီမှာရှိခဲ့ပါတယ်။ အခုနှစ် ဇူလိုင်မှာလည်း တာ့ခ်ခရိုင်၊ မဲဆောက်မှာ မြန်မာဘက်ကိုပို့မယ့် FPV ဒရုန်းလေးစီးအပါအဝင် ဒရုန်းအစိတ်အပိုင်းတွေသယ်ယူလာတဲ့ မြန်မာနိုင်ငံသားတစ်ဦးကို ဖမ်းဆီးခဲ့ပါတယ်။

ဒါဟာ အာဏာသိမ်း ၅ နှစ်ကျော်ကာလအတွင်း နှစ်နိုင်ငံနယ်စပ်မှာ လက်နက်မှောင်ခို၊ မူးယစ်ဆေးဝါး အပြင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) တွေကြီးထွားလာတာဟာ ထိုင်းအစိုးရအတွက် ခေါင်းခဲစရာ ကိစ္စဖြစ်လာတာကို ထိုင်းရဲ့ နေပြည်တော်နဲ့ဆွေးနွေးမှုတွေအရ သိနိုင်ပါတယ်။

မြန်မာမှာ အသွင်ပြောင်းအစိုးရတက်လာပြီး ထိုင်းကဆက်ဆံရေးပြန်တည်ဆောက်လာချိန်မှာ နေပြည်တော်က ဒီအခွင့်အရေးကို အမိအရဆုပ်ကိုင်လိုဟန်ရှိတယ်လို့ အကဲခတ်တွေက သုံးသပ်ပါတယ်။

မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျု (ISP Myanmar) ကတော့ ဦးမင်းအောင်လှိုင်ရဲ့ ထိုင်းကို တောင်းဆိုချက်ဟာ လက်နက်လမ်းကြောင်းကိုတည့်တည့်ဖြတ်တောက်တာထက် လက်နက်ဈေးကွက်အပေါ် သက်ရောက်မှုပိုဖြစ်စေချင်တဲ့ပုံစံလို့ သုံးသပ်ပါတယ်။

"စစ်တပ်ရဲ့ လက်နက်လမ်းကြောင်းဖြတ်တောက်တဲ့ပုံစံဟာ လက်နက်ရရှိနိုင်တဲ့စနစ်တစ်ခုလုံးကို ပိုဈေးကြီး၊ ပိုအန္တရာယ်များပြီး ပိုခက်ခဲအောင်လုပ်တာ" လို့ ISP Myanmar ရဲ့ တောင်ပိုင်းစစ်ရေးအထူးပြုလေ့လာတဲ့ သုတေသီ ကိုရဲရင့်ကပြောပါတယ်။

ထိုင်းပြည်တွင်းရေးကိုပြန်ကြည့်မယ်ဆိုရင်လည်း နိုင်ငံတွင်းသေနတ်ပစ်ခတ်မှုတွေကြောင့် လူသေဆုံးမှုတွေ ရှိလာချိန်မှာ တရားမဝင်သေနတ်နဲ့ပေါက်ကွဲပစ္စည်းတွေကို အရှိန်မြှင့်နှိမ်နင်းမယ်လို့ သြဂုတ် ၁၃ ရက်မှာ ကြေညာထားပါတယ်။

ထိုင်း-မြန်မာနယ်စပ်မှာစီးဝင်တဲ့ လက်နက်ဈေးကွက်ကလည်း ထိုင်းရဲ့ မူဝါဒ၊ လမ်းကြောင်းနဲ့ တိုက်ပွဲ အခြေအနေပေါ်မူတည်ပြီး အပြောင်းအလဲရှိနေတယ်လို့ တော်လှန်ရေးလက်နက်ကိုင်တပ်အသိုင်းအဝိုင်း ကနေ သိရပါတယ်။

စစ်တပ်ဖြတ်တောက်ခဲ့တဲ့ လက်နက်လမ်းကြောင်းတွေ

၁၀၂၇ စစ်ဆင်ရေး နမ့်ဆန်တိုက်ပွဲမှာ တအာင်းတပ် (TNLA) က မြန်မာစစ်တပ်ရဲ့ လက်နက်တွေသိမ်းဆည်းရမိတဲ့မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Hangout/ Western News

ဓာတ်ပုံ ပုံစာ, ၁၀၂၇ စစ်ဆင်ရေး နမ့်ဆန်တိုက်ပွဲမှာ တအာင်းတပ် (TNLA) က မြန်မာစစ်တပ်ရဲ့ လက်နက်တွေသိမ်းဆည်းရမိတဲ့မြင်ကွင်း

တိုက်ပွဲဖော်ဆောင်ဖို့ရာ လက်နက်ခဲယမ်းလုံလုံလောက်လောက်ရှိဖို့က အရေးကြီးပြီး ဒါက ထိပ်တန်းစစ်ရေးလျှို့ဝှက်ချက်လည်းဖြစ်ပါတယ်။

မြန်မာစစ်တပ်လို တရားဝင် နိုင်ငံချင်းချိတ်ဆက် လက်နက်ဝယ်ခွင့်မရှိတဲ့ တော်လှန်‌ရေးလက်နက်ကိုင် တပ်ဖွဲ့တွေအတွက် လက်နက်စီးဆင်းမှုကို ယေဘုယျအနေနဲ့ ၃ မျိုးခွဲခြားနိုင်တယ်လို့ ISP Myanmar က ခွဲခြမ်းပြောပါတယ်။

  • ရန်သူ့လက်နက်၊ ကိုယ့်လက်နက်
  • တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EROs) တွေရဲ့ လက်နက်ခဲယမ်းထုတ်လုပ်ရေး
  • နယ်စပ်လမ်းကြောင်း

၂၀၂၃ ခုနှစ်၊ ‌အောက်တိုဘာ ၂၇ ရက်မှာစခဲ့တဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့ဦးဆောင်တဲ့ ၁၀၂၇ စစ်ဆင်ရေး ကာလတွေမှာ "ရန်သူ့လက်နက်၊ ကိုယ့်လက်နက်" ဆိုတဲ့မူက တော်လှန်ရေးအင်အားစုတွေကြား တွင်ကျယ်ပါတယ်။

စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲတွေကနေ ရရှိတဲ့ လက်နက်ခဲယမ်းတွေကို ဦးဆောင်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ (EROs) က ပူးပေါင်းပါဝင်တဲ့ နွေဦးတော်လှန်ရေးတပ်တွေကို ဝေစုပြန်ခွဲပေးတဲ့ ပုံစံ သွားကြပါတယ်။

တရုတ်ရဲ့ နယ်စပ်တည်ငြိမ်ရေးဆန္ဒကြောင့် ရှမ်းမြောက်မှာ တိုက်ပွဲတွေရပ်သွားချိန်မှာ ဒီမူက အသက်မဝင်တော့ပါဘူး။

မြန်မာနိုင်ငံမြောက်ပိုင်းအခြေစိုက် EROs အဖွဲ့တချို့က ကိုယ်တိုင်လက်နက်ခဲယမ်းထုတ်လုပ်ပေမဲ့ သူတို့လည်း တရုတ်ဖိအားကို မလွန်ဆန်နိုင်ခဲ့ပါဘူး။ ဝ တပ်ဖွဲ့ဟာ တရုတ်ရဲ့ပြင်းထန်တဲ့ဖိအားကြောင့် ရှမ်းမြောက်က မဟာမိတ်တွေကို လုံးဝကူညီတော့မှာ မဟုတ်ဘူးလို့ ၂၀၂၅ သြဂုတ်မှာ ထုတ်ပြောခဲ့ပါတယ်။

"မည်သည့် လက်နက်နှင့် ကိရိယာကိုမျှ ပံ့ပိုးပေးတော့မည် မဟုတ်၊ စစ်ရေးအရ လွယ်ကူချောမွေ့စေရေး၊ မည်သည့် အဖွဲ့အစည်းကို မည်သည့်အကြောင်းပြချက်နှင့်မှ မည်သည့် နေရာ၊ အချိန်၌ ဖြစ်စေ ငွေကြေး အကူအညီပေးမည်မဟုတ်တော့" ဆိုပြီး ထုတ်ပြန်ခဲ့တာပါ။

ဒါကြောင့် နယ်စပ်လမ်းကြောင်း၊ လက်နက်မှောင်ခိုဈေးကွက်ကို အဓိကအားထားရတဲ့အခြေအနေလို့ နားလည်ရပါတယ်။

"ဒီလမ်းကြောင်း‌တွေက တည်ငြိမ်တဲ့လမ်းကြောင်းတွေတော့မဟုတ်ဘူး" လို့ ISP Myanmar ရဲ့ သုတေသီ ကိုရဲရင့်က သုံးသပ်ပါတယ်။

၁၀၂၇ စစ်ဆင်ရေးအလွန် မြန်မာစစ်တပ်ရဲ့ တကျော့ပြန်နယ်မြေပြန်လည်ထိန်းချုပ်လာတာကလည်း တော်လှန်ရေးနယ်မြေတွေဆီ လက်နက်ခဲယမ်းအပါအဝင် ရိက္ခာ၊ ဆေးဝါး၊ ကုန်ပစ္စည်းတွေအပါ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေကို ဖြတ်တောက်လိုက်ပါတယ်။

နယ်မြေနဲ့ မြင်သာအောင်ပြောရရင် ရှမ်းမြောက်တကြောလုံးက အပစ်ရပ်သွားသလို ဧရာဝတီမြစ် အရှေ့ခြမ်းက မန္တလေးတိုင်းမှာလည်း တော်လှန်ရေးအလုံးစုံစိုးမိုးနယ်မြေမရှိတော့ပါဘူး။

စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာ၊ ကောလင်း၊ ကန့်ဘလူဆိုတဲ့ ခရိုင် ၃ ခုပေါင်း "ကသုံးလုံးဒေသ" ကိုလည်း ၂၀၂၆ ပထမလေးလတာမှာ စစ်တပ်က နယ်မြေတွေပြန်လည်သိမ်းပိုက်ခဲ့ကာ ကချင်နဲ့ စစ်ကိုင်းအစပ် လမ်းကြောင်းကို ဖြတ်တောက်ခဲ့တာပါ။

အိန္ဒိယနယ်စပ်လမ်းကြောင်းကလည်း ထင်သလောက်အားကိုးလို့မရတဲ့အခြေအနေလို့ တော်လှန်ရေးအသိုင်းအဝိုင်းကနေသိရပါတယ်။

ဒီလိုသယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေခက်ခဲလာလို့ စစ်ကိုင်းတိုင်းမှာ ၂၀၂၅ ခုနှစ်ကစပြီး ခဲယမ်း ကျည်ဈေး ဆက်တိုက်တက်နေပါတယ်။

ကျည်စျေးနှိုင်းယှဥ်ချက်

ဓာတ်ပုံ ရင်းမြစ်, Getty/Wiki

ကျည်စျေးနှိုင်းယှဥ်ချက်

ဓာတ်ပုံ ရင်းမြစ်, Getty/Wiki

ဒါဟာ အညာမှာဈေးကွက်ပေါက်ဈေးဖြစ်ပြီး ဝယ်လိုအားများရင် ပိုဈေးတက်လေ့ရှိပါတယ်။

"လမ်းကြောင်းတွေပိတ်တော့ ကျည်ဈေးအဓိကတက်တာပေါ့။ အညာကတော့ စစ်တောင်းတံတားမှာ သူတို့ (စစ်တပ်) က X ray စက်တပ်ပြီးထဲက ထိုင်းလမ်းကြောင်းကို အားမကိုးတော့ဘူး" လို့ ဒီပဲယင်းမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ခေါင်းဆောင် ကိုသစ္စာကရှင်းပြပါတယ်။

ပဲခူးတိုင်းနဲ့ မွန်ပြည်နယ်အစပ်မှာ လုံခြုံရေးအကြောင်းပြချက်နဲ့ ခေတ်မီရှာဖွေရေးစက် (X Ray) တွေကို စစ်တပ်စစ်ဆေးရေးဂိတ်တွေမှာ တပ်ဆင်ခဲ့ပြီး လူ၊ ကုန်ပစ္စည်းစစ်ဆေးမှုတွေကို တင်းကျပ်ခဲ့တာ သုံးနှစ် ထက်မနည်းကြာပါပြီ။

ပဲခူးတိုင်း၊ ဝေါမြို့နယ်နဲ့ မွန်ပြည်နယ်၊ မုပ္ပလင်မြို့နယ်တို့ကြား စစ်တောင်းမြစ်ကို ဖြတ်သန်းဖောက်လုပ် ထားတဲ့ စစ်တောင်း (မုပ္ပလင်)တံတားက အတက်အဆင်းမှာလည်း X Ray စက်တွေတပ်ထားသလို ညောင်ခါးရှည်ရွာက X Ray စက်နဲ့စစ်ဆေးမှုကလည်း နာမည်ကြီးပါတယ်။

နေပြည်တော်အစိုးရရဲ့ ပြည်ထဲရေးဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူရဲ့ ဇူလိုင် ၂၇ ရက်က ကျင်းပခဲ့တဲ့ တတိယအကြိမ် အမျိုးသားလွှတ်တော်မှာ ပြောကြားချက်အရ X-Ray Station၊ Scanner နဲ့ Electronic Endoscope အပါအဝင် ခေတ်မီရှာဖွေရေးစက်တွေတပ်ဆင်ထားတဲ့ စစ်ဆေးရေးဂိတ် ၁၁ ခုရှိပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာနကတပ်ဆင်ထားတဲ့ အဲဒီစက်တွေကို မူးယစ်ဆေးဝါး၊ လက်နက်ခဲယမ်းနဲ့ တရားမဝင်ကုန်ပစ္စည်းတွေကို ရှာဖွေဖော်ထုတ်ဖို့သုံးတယ်လို့ပြောပြီး တပ်ဆင်ထားတဲ့နေရာအတိအကျကို ထုတ်မပြောခဲ့ပါဘူး။

"ကျွန်တော်တို့မကွေးဘက်က နဂိုကတည်းက လက်နက်လမ်းကြောင်းအတွက် ထိုင်းနဲ့ ကြီးမားတဲ့ အဆက်အစပ်မရှိဘူး" လို့ မကွေးတိုင်းအခြေစိုက် PDF တပ်ဖွဲ့ဝင်တစ်ဦးကလည်း ပြောပါတယ်။

ဒါကြောင့် နွေဦးတော်လှန်ရေးစစ်ရေးအတွက် တောင်ပိုင်းစစ်မျက်နှာပြင်ကတဆင့် နေပြည်တော်၊ ရန်ကုန်အထိ မြို့သိမ်းတိုက်ပွဲတွေ ဖော်ဆောင်လာနိုင်မလားဆိုတဲ့အရွေ့ကို မြန်မာစစ်တပ်က ကြိုတင်ပြင်ဆင်ကာကွယ်မှုအဖြစ် ပေါ်လွင်လာပါတယ်။

ဒါပေမဲ့ ထိုင်းကတော့ သူ့ရဲ့အဓိကအကျိုးစီးပွားရှုထောင့်ကသာ ကြည့်လိမ့်မယ်လို့ ဘီဘီစီစကားပြောခွင့်ရတဲ့ သုံးသပ်သူတွေရော လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေကပါ ပြောပါတယ်။

"ထိုင်းရဲ့ အဓိကအကျိုးစီးပွားက နယ်စပ်လုံခြုံရေး၊ ကုန်သွယ်ရေး၊ မူးယစ်ဆေးဝါးနဲ့ ကျားဖြန့်လို နယ်စပ်ဖြတ်ကျော်မှုခင်းတွေ ထိန်းချုပ်ရေးနဲ့ နယ်စပ်တည်ငြိမ်ရေးပါ။ ဒါကြောင့် တော်လှန်ရေးအဖွဲ့တွေရဲ့ လက်နက်လမ်းကြောင်းကို ပိုပြီးတင်းတင်းကျပ်ကျပ် ကိုင်တွယ်လာနိုင်တယ်"

"ထိုင်းအတွက် အဓိကက မြန်မာ့ပြည်တွင်းစစ်မှာ ဘယ်ဘက်က အနိုင်ရမလဲဆိုတာထက် ထိုင်းနိုင်ငံရဲ့ နယ်စပ်လုံခြုံရေးနဲ့ အကျိုးစီးပွားကို ဘယ်လိုကာကွယ်မလဲဆိုတာပဲ" လို့ ISP Myanmar ရဲ့ သုတေသီ ကိုရဲရင့် ကပြောပါတယ်။

ဒါပေမဲ့ နယ်စပ်မှာနှစ်ပေါင်းများစွာရပ်တည်နေတဲ့ EROs အဖွဲ့တွေအတွက် ရင်ဆိုင်နေကြကိစ္စရပ်လို့ ရှုမြင်ကြပါတယ်။

"ဒါက ဖြစ်ရိုးဖြစ်စဉ်ပါပဲ၊ ဒီလိုပါပဲ။ နှစ်ဖက်ခွနေတဲ့အခြေအနေမှာ ဖြေရှင်းသွားနိုင်မှာမဟုတ်ဘူး" လို့ ဝါရင့်တိုင်းရင်းသားလက်နက်ကိုင် (EROs) ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးက ဘီဘီစီကို ခပ်တိုတို တုံ့ပြန်ပါတယ်။

တဖက်ကိုလက်နက်ဖြတ်ပြီး တဖက်မှာလက်နက်ဝယ်

သြဂုတ် ၁၈ ရက်မှာ ရုရှားသမ္မတ ပူတင်နဲ့တွေ့ဆုံခဲ့တဲ့ နေပြည်တော်သမ္မတ ဦးမင်းအောင်လှိုင်

ဓာတ်ပုံ ရင်းမြစ်, နေပြည်တော်/ နိုင်ငံခြားရေး

ဓာတ်ပုံ ပုံစာ, သြဂုတ် ၁၈ ရက်မှာ ရုရှားသမ္မတ ပူတင်နဲ့တွေ့ဆုံခဲ့တဲ့ နေပြည်တော်သမ္မတ ဦးမင်းအောင်လှိုင်

နေပြည်တော်သမ္မတဦးမင်းအောင်လှိုင်က ထိုင်းခရီးစဉ်မှာ တော်လှန်ရေးအင်အားစုတွေဆီ စီးဆင်းတဲ့ လက်နက်လမ်းကြောင်းကိုဖြတ်တောက်ဖို့ပြောပေမဲ့ သြဂုတ်လလယ် ရုရှားခရီးစဉ်မှာ‌တော့ မြန်မာစစ်တပ် အတွက် လက်နက်ဖြည့်တင်းလာနိုင်တယ်လို့ အကဲခတ်တွေက ထောက်ပြပါတယ်။

"စစ်ရေးဆိုတာဒါပဲ။ ရန်သူရဲ့ အသက်သွေးကြောကိုဖြတ်တောက်နိုင်ဖို့လုပ်မယ်။ ကိုယ့်တပ်အတွက် စစ်လက်နက်နည်းပညာတိုးမြှင့်နိုင်ဖို့ အဓိကလုပ်မယ်" လို့ MDSI ရဲ့ စစ်ဘက်ရေးရာတာဝန်ခံ CDM ဗိုလ်မှူးနောင်ရိုးက ပြောပါတယ်။

မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ (MDSI) ဟာ အကြမ်းမဖက်အာဏာဖီဆန်ရေး (CDM) ပါဝင်ခဲ့တဲ့စစ်သားတွေနဲ့ဖွဲ့စည်းထားတဲ့စစ်ရေး သုတေသနအဖွဲ့ဖြစ်ပါတယ်။

သြဂုတ် ၁၈ ရက်မှာ ရုရှားသမ္မတ ဗလာဒီမီယာပူတင်နဲ့ ဦးမင်းအောင်လှိုင်တို့ မော်စကိုမြို့ ၊ ကရင်မလင် နန်းတော်မှာတွေ့ဆုံခဲ့ပါတယ်။ ပြီးရင် ဘယ်လာရုစ်နိုင်ငံကိုလည်း ခြေဆန့်ဖို့ရှိပါတယ်။

MDSI ကတော့ ရုရှားခရီးစဉ်ကနေ စစ်ရေးအတွက်လုပ်ဆောင်လာနိုင်ချေ ၅ ချက်ရှိတယ်လို့ သုံးသပ်ပါတယ်။

  • လေတပ်အတွက် တိုက်ခိုက်ရေးနဲ့ အ‌ပေါ့စားလေယာဉ်တွေ။
  • ခြေလျင်တပ်သုံး တိုက်ခိုက်ရေးယာဉ်နဲ့ လက်နက်တွေ။
  • လေကြောင်းရန်ကာကွယ်ရေးလက်နက်တွေ။
  • ရေတပ်သုံးယာဉ်တွေနဲ့
  • သတင်းအချက်အလက်နဲ့ စစ်ဘက်ဆိုင်ရာနည်းပညာတွေကို ရုရှားခရီးစဉ်မှာ ဖြည့်တင်းလာနိုင်တယ်လို့ ဆိုပါတယ်။

MDSI ရဲ့ စစ်ဘက်ရေးရာတာဝန်ခံ CDM ဗိုလ်မှူးနောင်ရိုးကတော့ "အာဏာသိမ်းပြီးနောက် မြန်မာစစ်တပ်နဲ့ ရုရှားကြား စစ်လက်နက်အရေးပိုပူးပေါင်းလာတယ်။ အထူးသဖြင့် ကပစ (ကာကွယ်ရေးပစ္စည်းစက်ရုံ) တွေအတွက် နည်းပညာယူပြီး ကိုယ်တိုင်ထုတ်နိုင်ဖို့ လုပ်တာမျိုးပါ။ အရင်က ဝယ်တာပဲများခဲ့တာလေ" လို့ ပြောပါတယ်။

ရုရှားရဲ့ ခြေလျင်တိုက်ခိုက်ရေးသုံးနည်းပညာကိုယူပြီး ကပစမှာ ခြေလျင်သုံးလက်နက်ခဲယမ်းတွေ ထုတ်လုပ်ဖို့ လုပ်နေတယ်လို့ တပ်တွင်းအရင်းအမြစ်တွေအရ သိထားရပေမဲ့ စစ်မြေပြင်မှာ အသုံးပြုနေတာ မတွေ့ရသေးဘူးလို့ သူက ဆက်ပြောပါတယ်။

မြန်မာစစ်တပ်နဲ့ တိုက်ပွဲဆက်ရှိနေတဲ့ အာရက္ခတပ်တော် (အေအေ)

ဓာတ်ပုံ ရင်းမြစ်, AA

ဓာတ်ပုံ ပုံစာ, မြန်မာစစ်တပ်နဲ့ တိုက်ပွဲဆက်ရှိနေတဲ့ အာရက္ခတပ်တော် (အေအေ)

၂၀၂၆ နှစ်လယ်အခင်းအကျင်းအရ တော်လှန်ရေးအင်အားစုတွေအတွက် လက်နက်ခဲယမ်းစီးဆင်းမှု လမ်းကြောင်းတွေကန့်သတ်ခံရတာရဲ့နောက်ဆက်တွဲမှာ ခဲယမ်းဈေးတွေအဆမတန်မြင့်လာပြီး ငွေကြေးလိုအပ်ချက်များလာပါတယ်။

နိုင်ငံဘဏ္ဍာကို အသုံးပြုခွင့်ရနေတဲ့ မြန်မာစစ်တပ်ကတော့ ရုရှား၊ ဘယ်လာရုစ်၊ တရုတ် စတဲ့ နိုင်ငံတွေကနေ လက်နက်တွေဝယ်ယူဖြည့်တင်းနေတယ်လို့ ပြည်တွင်းရောနိုင်ငံတကာစစ်တမ်းတွေကပါ ရေးသားထား ကြပါတယ်။

တဖက်မှာ တော်လှန်ရေးကိုလက်နက်ဖြတ်တောက်ပြီး တဖက်က ဖြည့်တင်းတဲ့ စစ်တပ်ရဲ့ ခြေလှမ်းဟာ စစ်ရေးအသာစီးရရှိပြီး နယ်မြေထိန်းချုပ်မှုကို ပြန်လည်တည်ဆောက်ဖို့ ကြိုးစားနေတာလို့ ISP Myanmar ကလည်း သုံးသပ်ပါတယ်။

၂၀၂၆ သြဂုတ်အထိ စစ်ရေးအခင်းအကျင်းမှာတော့ မကွေးတိုင်းထဲမှာ စစ်တပ်နဲ့ တော်လှန်ရေး အဖွဲ့တွေကြား မြေပြင်တိုက်ပွဲဆက်တိုက်ဖြစ်နေပါတယ်။ မြောက်ပိုင်းညီနောင်သုံးဖွဲ့ထဲက အပစ်မရပ်သေးတဲ့ အာရက္ခတပ်တော် (အေအေ) ရဲ့ ရခိုင်ပြည်နယ်ကထိန်းချုပ်နယ်မြေတွေကိုလည်း စစ်တပ်က ဆက်တိုက် လေကြောင်းဗုံးကြဲ နေပါတယ်။

ဒါပေမဲ့ စစ်တပ်ရော တော်လှန်ရေးတပ်ဘက်ကပါ စောင့်စားနေတဲ့ တောင်ပိုင်းစစ်မျက်နှာပြင်မှာတော့ မြဝတီမြို့နယ်၊ မင်းလက်ပံတကြောကလွဲလို့ သေနတ်သံကျယ်ကျယ်လောင်လောင်မကြားရသေးတဲ့ အခြေအနေဖြစ်ပါတယ်။

အသွင်ပြောင်းအစိုးရတက်လာပြီးနောက် နေပြည်တော်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ကို ဖိတ်ခေါ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးတာတွေကိုလည်း စစ်တပ်က ဆက်တိုက်လုပ်ဆောင်နေပါတယ်။

"ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်တွေရှိနေပေမဲ့ စစ်ရေးစွမ်းရည်ကို ထိန်းသိမ်းထားနိုင်ရေးက မြန်မာစစ်တပ်အတွက် အဓိကဦးစားပေးဖြစ်နေတယ်" လို့ ISP Myanmar ရဲ့ သုတေသီ ကိုရဲရင့် က ပြောပါတယ်။