ခရစ္စမတ်နေ့က လေးကေ့ကော်

ဓာတ်ပုံ ရင်းမြစ်, PVT
ခရစ္စမတ်နေ့ဟာ ခရစ်ယာန်ဘာသာဝင်တွေ အထွဋ်အမြတ်ထားပြီးပျော်ရွှင်စွာဖြတ်သန်းကြတဲ့ အခါသမယဖြစ်ပေမယ့် ခရစ်ယာန်ဘာသာဝင်အများစုရှိတဲ့ လေးကေ့ကော်ဒေသမှာတော့ ဒေသခံတွေဟာ မိသားစုတွေစုံစုံညီညီနဲ့ ခရစ္စမတ်ကာလကိုဖြတ်သန်းခွင့်မရကြပါဘူး။
ဒီ့အစား တိုက်ပွဲသံတွေနဲ့ လက်နက်ကြီးသံတွေကြားပြေးလွှားနေခဲ့ကြရပါတယ်။
ကရင်နဲ့ ထိုင်းနယ်စပ်မြို့ မြဝတီရဲ့ တောင်ဘက်မှာ ရှိတဲ့ လေးကေ့ကော်နဲ့ အနီးဝန်းကျင် ဒေသတွေကို စစ်ကောင်စီတပ်တွေဟာ ဒီဇင်ဘာ ၂၅ ရက် ခရစ္စမတ်နေ့မှာ လေကြောင်းကနေ တိုက်ခိုက်တာ အပါအဝင်၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ၊ မြေပြင်ထိုးစစ်ဆင်တာတွေ ပြုလုပ်ခဲ့ပါတယ်။
မနက် အစောပိုင်းကတည်းက စစ်ကောင်စီတပ်တွေ ထိုးစစ်ပြုလုပ်ခဲ့ပြီး KNLA၊ PDF ပူးပေါင်း တပ်ဖွဲ့တွေနဲ့အကြား တိုက်ပွဲ ပြင်းထန်ခဲ့တာဖြစ်ပါတယ်။
တိုက်ပွဲဖြစ်ချိန်အရပ်သားသေဆုံးထိခိုက်မှု
မယ်ဝါးခီးရွာအနီးမှာ ရှိတဲ့ KNLA၊ PDF ပူးပေါင်း တပ်ဖွဲ့တွေရဲ့တပ်စခန်းတစ်ခုကိုလည်း စစ်ကောင်စီတပ်တွေက မြေပြင်အင်အားသုံးပြီး တိုက်ခိုက်ခဲ့ တယ်လို့ သိရပါတယ်။
စစ်ကောင်စီက ရွာတွေကို လေယာဉ်နဲ့တိုက်ခိုက်ချိန်မှာ အရပ်သား ထိခိုက်သေဆုံးမှုတွေလည်း ရှိနေပါတယ်။
ထီးမယ်ဝါးခီးရွာ ဗုံးကြဲခံရချိန်မှာ ကဗျာဆရာ၊ အယ်ဒီတာ၊ သတင်းသမားတစ်ဦးဖြစ်သူ ကိုအေစိုင်းကေလည်း သေဆုံးခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
လေးကေ့ကော်ဒေသတွင်း၊ ထီးမယ်ဝါးခီးတိုက်ပွဲမှာ စစ်ကောင်စီရဲ့ပစ်ခတ်မှုကြောင့် လက်နက်ကြီးထိမှန်သေဆုံးခဲ့တဲ့ ကဗျာဆရာအေစိုင်းကေရဲ့ မြေချဈာပနကို ဒီနေ့ ဒီဇင်ဘာလ ၂၆ ရက်မှာ တောတွင်းတစ်နေရာမှာ ပြုလုပ်ခဲ့ပါတယ်။
ဒါ့အပြင် မယ်ထော်သလေး၊ မင်းလက်ပံ၊ သေဘော့ဘိုး စတဲ့ နေရာတွေမှာ လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံတွေ ဆူညံနေခဲ့ပြီး၊ တိုက်ပွဲတွေ ပြင်းထန်နေခဲ့တယ်လို့ အဲဒီမှာရောက်နေတဲ့ သတင်းရင်းမြစ်တွေက ဘီဘီစီကိုပြောပါတယ်။
ဒီဇင်ဘာ ၂၅ရက် စစ်ကောင်စီ ထိုးစစ်ကို ခုခံကြတဲ့ တိုက်ပွဲတွေအတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ် - PDF လူငယ် အနည်းဆုံး ၄ ယောက် အကျအဆုံး ရှိခဲ့တယ်လို့ ကနဦးသိထားရပါတယ်။
အဲဒီ လေးကေ့ကော်နဲ့ အနီးတဝိုက် ဒေသတွေကို ပစ်မှတ်ထားတဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီး ပစ်ခတ်မှုတွေ အတွင်း အရပ်သား ထိခိုက်ဒဏ်ရာ ရတာတွေ ရှိနေတယ်လို့ ထိုင်းနယ်စပ်မြို့ မဲဆောက်က လာတဲ့သတင်းတွေက ဆိုပါတယ်။
လက်နက်ကြီးကျည်စ ထိမှန်ခံရလို့ ခြေထောက်အောက်ပိုင်း ဒဏ်ရာရထားတဲ့ မယ်ဝါးခီး ရွာက အသက် ၁၈ နှစ် အရွယ် အရပ်သူ အမျိုးသမီးငယ် တစ်ယောက်ကို သောင်ရင်းမြစ်ကို ကူးပြီး မဲဆောက်ဆေးရုံကြီးကို ပို့ပေးရတယ်လို့ ထိုင်းရောက် ရွှေ့ပြောင်း မြန်မာလုပ်သားတွေ အရေးကူညီတဲ့ ရောင်ခြည်ဦးအလုပ်သမားအဖွဲ့က ထုတ်ပြန်ပါတယ်။
NUG ကာကွယ်ရေးဝန်ကြီးဘာပြောလဲ
PDF လူငယ်တွေ အကျအဆုံး ရှိတဲ့ သတင်းတွေ လူမှုကွန်ရက်တွေပေါ် ပြန့်နှံ့ပြီး၊ NUG အနေနဲ့ PDF အဖွဲ့တွေနဲ့ ပတ်သက်ပြီး ဘာတွေ လုပ်ဆောင်ထားလဲ၊ ဘယ်လို ထောက်ပံ့မှုတွေ ရှိလည်း ဆိုတဲ့ မေးခွန်းတွေလည်း ထွက်လာခဲ့ပါတယ်။ အဲဒီ မေးခွန်းတွေ နဲ့ ပတ်သက်ပြီး NUG ရဲ့ ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန်က လက်ရှိ ပြည်သူ့ ခုခံ တွန်းလှန်စစ်ဟာ အစီအစဉ် ရှိရှိ ဆင်နွှဲနေတာ ဖြစ်တယ် ဆိုပြီး ကြေညာချက် တစ်စောင်ထုတ်ပြန်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA
မဟာမိတ်တွေနဲ့ ညှိနှိုင်း ရေးဆွဲထားတဲ့ ဗျူဟာမြောက် အစီအစဉ်ကို အဆင့်လိုက် စနစ်တကျ အကောင်အထည် ဖော်နေပြီး၊ ပြည်သူ့ တော်လှန်ရေးရဲ့ အမိန့်ပေးစနစ် ယန္တရား Chain of Command ဟာ NUG ကာကွယ်ရေးဌာနနဲ့ မဟာမိတ်တွေ ပူးပေါင်း ဖော်ဆောင်ထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒေသတိုင်း၊ တပ်ဖွဲ့တိုင်းဆီကို အဲဒီ Chain of Command ရောက်ရှိဖို့ မနားမနေ ကြိုးစားနေတယ်လို့ NUG ကာကွယ်ရေး ဝန်ကြီးက ပြောပါတယ်။
PDF ရဲ့ဘော်တွေ ထိခိုက်ကျဆုံးတဲ့ သတင်းတွေကြားတိုင်း NUG အပေါ် အားမလို အားမရ ဖြစ်ကြတာ၊ ဝေဖန်ကြတာကို အလေးထား နားလည်ပြီး တပြိုင်တည်းမှာပဲ စစ်ရေးနဲ့ ဆိုင်တဲ့ ဗျူဟာမြောက် စီမံချက်တွေကိုတော့ အများကိုအသိပေး ရှင်းပြတာမျိုး မလုပ်နိုင်တာကို နားလည်ပေးပါလို့ ဦးရည်မွန်က ပန်ကြားပါတယ်။
လူအင်အား၊ ရန်ပုံငွေအင်အား၊ လက်နက်အင်အား ဆိုတာတွေဟာ လျှို့ဝှက် စောင့်စည်းရမယ့် အချက်အလက်တွေ ဖြစ်ပြီး၊ NUG ကာကွယ်ရေး ဌာန အနေနဲ့ ကိုယ့်မှာရှိတဲ့ ရင်းမြစ်တွေကို အကျိုးအရှိဆုံး၊ အထိရောက်ဆုံး ဖြစ်ဖို့ စီမံခန့်ခွဲ သုံးစွဲနေတယ်လို့ ဆိုပါတယ်။
အခုဆိုရင် အမြဲတမ်း PDF တပ်ရင်းတွေ ရာနဲ့ချီ ဖွဲ့ထားပြီး ဖြစ်သလို၊ လက်နက်တပ်ဆင်တာကိုလည်း တနိုင်ငံလုံး အနေနဲ့ မျှမျှတတ ဖြစ်အောင် လုပ်ဆောင်နေတယ်လို့ NUG ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန်က ထုတ်ပြန်ချက်ထဲ ပြောထားပါတယ်။
ထိုင်းဘက်ခြမ်းကို လက်နက်ကြီးကျမှုတွေ ရှိနေဆဲ

ဓာတ်ပုံ ရင်းမြစ်, YeMyo/MPA
အခု လက်ရှိ ဖြစ်ပေါ်နေတဲ့ လေးကေ့ကော် ဒေသတိုက်ပွဲတွေ အတွင်း စစ်ကောင်စီ ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တချို့ ထိုင်းဘက်ခြမ်းထိ ကျရောက်နေတယ် ဆိုတဲ့ သတင်းတွေလည်း နေ့စဉ်ရက်ဆက် ထွက်ပေါ် နေပါတယ်။
မနေ့ကဆိုရင်လည်း မနက် ၁၀ နာရီ ဝန်းကျင်မှာ မဲဆောက်မြို့၊ မော်လီချိုင်းရွာကို လက်နက်ကြီးကျည်ကျတယ်လို့ အဲဒီက လာတဲ့ သတင်းတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာတော့ ထိုင်းက ကန့်ကွက်စာပို့တာ၊ နယ်စပ်မှာ သံချပ်ကာ အမြောက်ကားတွေ အပါအဝင် အင်အားတွေ တိုးမြင့်ချတာတွေ လုပ်လာပါတယ်။
လေးကေ့ကော် တိုက်ပွဲကြောင့် သောင်ရင်းမြစ်ကို ဖြစ်သလို ကျော်ပြီး ပြေးလာကြရတဲ့ စစ်ဘေးဒုက္ခသည်တွေ ထောင်ပေါင်းများစွာ ရှိနေပြီ ဖြစ်ပြီး၊ တချို့သတင်းရင်းမြစ်တွေ အရ အနည်းဆုံး အယောက် လေးထောင်ကျော် သွားပြီလို့ ဆိုပါတယ်။
အခုဆိုရင် စစ်ကောင်စီတပ်တွေရဲ့ ထိုးစစ်ဟာ ကျယ်ပြန့်လာတဲ့ အတွက် နောက်လာမယ့် ရက်တွေမှာလည်း အရပ်သားတွေ အစုလိုက် အပြုံလိုက် ထွက်ပြေးရမှု ထပ်ပြီး ရှိလာလိမ့်မယ်လို့ တွက်ဆထားကြပါတယ်။
ထိုင်းဝန်ကြီးချုပ် ဗိုလ်ချူပ်ကြီးဟောင်း ပရာယွတ် ချန်အိုချာက မြန်မာ စစ်ဘေးဒုက္ခသည်တွေ အားလုံးကို စောင့်ရှောက် ကူညီသွားမယ်လို့ ကတိပြု ပြောဆိုထားပါတယ်။
စားနပ်ရိက္ခာနဲ့ ဆေးဝါးက အစ လိုအပ်တာတွေအားလုံး ထောက်ပံ့ပေးဖို့ ဒေသအာဏာပိုင်တွေကို သူညွှန်ကြားထားတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် မြန်မာဘက်က အခြေအနေတွေ တိုးတက်ကောင်းမွန်လာတာနဲ့ အခု ရောက်လာကြသူတွေဟာ အိမ်ပြန်ကြရမှာ ဖြစ်တဲ့ အတွက် ဒုက္ခသည် စခန်းအသစ်တွေ ထပ်ပြီး ဖွင့်ဖို့ အစီအစဉ် မရှိဘူးလို့လည်း ဝန်ကြီးချုပ် ပရာယွတ်က ဆိုပါတယ်။
ရေရှည် သဘောအတွက် ရည်ရွယ်တဲ့ ဒုက္ခသည် စခန်းတွေ မြန်မာနယ်စပ်မှာ ထပ်တိုးလာမှာကို ပရာယွတ်က မလိုလားပဲ၊ အခု နောက်ထပ် ရောက်လာသူတွေကို ယာယီ စခန်းတွေမှာပဲ နေရာချမယ် ဆိုတဲ့ အဓိပ္ပာယ် ဖြစ်နိုင်တယ်လို့ အကဲခတ်တွေက ပြောကြပါတယ်။








