မြန်မာစစ်တပ်ကို စီးပွားရေးပိတ်ဆို့တာ အလုပ်ဖြစ်ပါ့မလား

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြန်မာနိုင်ငံမှာ အရပ်သားတွေကို အာဏာသိမ်း စစ်ကောင်စီက အကြမ်းဖက်မှုတွေ ပိုများလာရာမှာ အနောက်နိုင်ငံတွေကလည်း မြန်မာစစ်တပ်ကို စီးပွားရေးဒဏ်ခတ် ပိတ်ဆို့မှုတွေ တိုးပြီး လုပ်လာခဲ့ပါတယ်။
ဖေဖော်ဝါရီလ တစ်ရက်နေ့ အာဏာသိမ်းမှု နောက်ပိုင်း အကြမ်းဖက်မှုတွေကြောင့် အရပ်သား သေဆုံးသူကလည်း ၆၀ဝ ကျော် ရှိနေပြီ ဖြစ်ပါတယ်။
ယူကေနဲ့ အမေရိကန်နိုင်ငံတို့ဆိုရင် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း MEC နဲ့ မြန်မာ့စီးပွားရေးဦးပိုင် လီမိတက် MEHL တို့ကို ပစ်မှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှုတွေ လုပ်ခဲ့ပြီး အဲဒီ လုပ်ငန်းနှစ်ခုဟာ မြန်မာ့စီးပွားရေးအပေါ် သိသိသာသာ လွှမ်းမိုးထားသလို အဓိကစက်မှုလုပ်ငန်းတွေမှာလည်း အကျိုးအမြတ်တွေ ထည့်ဝင်ထားတဲ့ လုပ်ငန်းအစုအဖွဲ့တွေ ဖြစ်ပါတယ်။
အမေရိကန်ဘဏ္ဍာရေး ဝန်ကြီးဌာနဟာလည်း လတ်တလောမှာပဲ မြန်မာစစ်ကောင်စီအစိုးရက ကြီးကြပ်တဲ့ မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းရဲ့ ပိုင်ဆိုင်မှုတွေနဲ့တကွ ငွေအလွှဲအပြောင်းလုပ်တာကိုလည်း ပိတ်ဆို့ခဲ့ပါတယ်။
မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းဟာ စစ်တပ်အာဏာပိုင်တွေအတွက် အဓိကကျတဲ့ ဝင်ငွေ ဝင်ပေါက်တစ်ခု ဖြစ်နေခဲ့တာပါ။
ဥရောပသမဂ္ဂကလည်း မြန်မာစစ်တပ်နဲ့ ဆက်နွယ်နေသူ တစ်ဦးချင်းစီကို စီးပွားရေး ပိတ်ဆို့မှုတွေ လုပ်ခဲ့ပါတယ်။
အခုလို မြန်မာစစ်တပ်နဲ့တကွ ဆက်စပ်နေတဲ့ လုပ်ငန်းရှင်တွေကို စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှုတွေ လုပ်ဖို့ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေက လှုံ့ဆော်နေခဲ့ကြတာဖြစ်ပြီး အဲဒီ လုပ်ငန်းတွေက ရတဲ့ ဝင်ငွေတွေကို ဆန္ဒပြသူတွေ နှိမ်နင်းရေးမှာ စစ်တပ်က ပြန်သုံးနေတာ ဖြစ်တယ်လို့ ဆိုကြပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်ထနီ ဘလင်ကင် ကလည်း လတ်တလော ချမှတ်လိုက်တဲ့ စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှုတွေဟာ မြန်မာ စစ်အာဏာသိမ်းမှု ဦးဆောင်သူတွေ၊ စစ်တပ်ရဲ့ စီးပွားရေးဆိုင်ရာ အကျိုးစီးပွားတွေနဲ့တကွ မြန်မာစစ်တပ်ရဲ့ ရက်စက်စွာ နှိပ်ကွပ်မှုတွေကို ထောက်ပံ့ပေးနေတဲ့ ဘဏ္ဍာရေး လမ်းကြောင်းတွေကို အသေးစိတ် ပစ်မှတ်ထားတာဖြစ်ပြီး မြန်မာနိုင်ငံသားတွေကို ပစ်မှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့မှု မဟုတ်ဘူးလို့ ဆိုပါတယ်။
အခုလို အမေရိကန်ရှေ့ဆောင်တဲ့ အနောက်နိုင်ငံတွေက မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့ဖို့ အားတက်သရော ရှိလှပေမဲ့ မြန်မာနိုင်ငံနဲ့ အဓိက ကုန်သွယ်ဖက် အာရှနိုင်ငံတွေကတော့ အခုလို စီးပွားရေး ပိတ်ဆို့တဲ့ နည်းလမ်းကို ပယ်ချကြပါတယ်။
အခုလို မြန်မာစစ်ကောင်စီကို ဘက်ပေါင်းစုံကမဟုတ်ဘဲ တစ်ဖက်စောင်းနင်း မညီမညာ ဖိအားပေးတာမျိုးက အလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ ဝေဖန်သူတွေက ပြောဆိုကြပြီး အဲဒီအထဲမှာ နိုင်ငံတကာ ပဋိပက္ခဖြေရှင်းရေးအဖွဲ့ မြန်မာနိုင်ငံဆိုင်ရာ က ရစ်ချက် ဟော်ဆေလည်း အပါအဝင် ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, SCREENGRAB FROM ETC WEBSITE
ရန်ကုန်က Golden City စီမံကိန်း တိုက်ခန်းတွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ထောက်ပံ့နေသလား
မြန်မာနိုင်ငံကို စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်ရတဲ့ ထင်သလောက် မရိုးရှင်းတဲ့ အခြေအနေအတွက် ရန်ကုန်မြို့မှာ တည်ဆောက်ဖို့ လုပ်နေတဲ့ စီမံကိန်းဖြစ်တဲ့ Golden City စီမံကိန်းကို ဥပမာအနေနဲ့ လေ့လာကြည့်လို့ ရပါတယ်။
အဲဒီ စီမံကိန်းအရ ဆောက်လုပ်မယ့် တိုက်ခန်းတွေကို လူနေဖို့အတွက်ရော လုပ်ငန်းတွေ ဖွင့်လှစ်ဖို့အတွက်ပါ အသုံးပြုနိုင်ဖို့ လျာထားပြီး ဒီတိုက်ခန်းတွေကနေ ရန်ကုန်ရဲ့ အကျော်ကြားဆုံး သမိုင်းဝင်နေရာ ရွှေတိဂုံဘုရားကို အကာအကွယ် မရှိဘဲ ရှုခင်းရှင်းရှင်း မြင်နေရအောင် ဆောက်လုပ်မယ်လို့ ဆိုပါတယ်။
အဲဒီ စီမံကိန်းနဲ့ ပတ်သက်ပြီး Justice for Myanmar ဆိုတဲ့ တက်ကြွလှုပ်ရှားသူများ အဖွဲ့ကတော့ ဒီစီမံကိန်းဟာ မြန်မာစစ်တပ်အတွက် ငွေရှာပေါက် တစ်ခုဖြစ်ပြီး အဲဒီကနေ ဝင်လာတဲ့ အမေရိကန်ဒေါ်လာ သန်းနဲ့ချီတဲ့ ဝင်ငွေတွေကို မြန်မာစစ်တပ်က “မြန်မာနိုင်ငံသားတွေအပေါ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ လုပ်ဖို့ အတွက် လက်နက်တွေ ဝယ်ဖို့ ထောက်ပံ့ပေးနေတယ်လို့ ဆိုပါတယ်။
စင်္ကာပူနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ Emerging Towns and Cities (ETC) ကုမ္ပဏီဟာ အဲဒီ စီမံကိန်းရဲ့ ရှယ်ယာ ၄၉ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပါတယ်။
Justice for Myanmar အဖွဲ့က ဒီကုမ္ပဏီနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ဖွင့်ချလိုက်တဲ့အခါမှာတော့ ဒီကုမ္ပဏီရဲ့ စင်္ကာပူ စတော့အိတ်ချိန်းမှာ ကုန်သွယ်မှုတွေကို ရပ်ဆိုင်းပေးခဲ့ရပြီး စင်္ကာပူ စတော့အိတ်ချိန်းကလည်း ဒီကုမ္ပဏီက အဲဒီ Golden City စီမံကိန်းမှာ ဘယ်လို ပါဝင်ပတ်သက်နေသလဲ ဆိုတာကို ဖြေရှင်းဖို့ တောင်းဆိုခဲ့ပါတယ်။
ဒီကုမ္ပဏီကလည်း သူတို့ရဲ့ မြန်မာပြည်တွင်းက လုပ်ဖော်ကိုင်ဖက်တွေဟာ မြန်မာစစ်တပ်နဲ့ ဆက်စပ်မှုတွေ ရှိနေတယ်ဆိုတာ ဝန်ခံခဲ့ပါတယ်။
ETC ကုမ္ပဏီဟာ မြန်မာစစ်တပ်ရဲ့ တပ်ထောက်ချုပ်ရုံးက ကြီးကြပ်တဲ့ ဘဏ်စာရင်းထဲကို စီမံကိန်းအတွက် မြေငှားခတွေ ပေးသွင်းနေတယ် ဆိုတာကိုလည်း ဝန်ခံခဲ့ပြီး ဒီတပ်ထောက်ချုပ်ရုံးဟာ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်မှာ ရှိနေပါတယ်။
ဒါပေမဲ့ အဲဒီ ငွေတွေကို လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်တဲ့ နေရာမှာ အသုံးပြုနိုင်တယ် ဆိုတာကိုတော့ ETC ကုမ္ပဏီက ငြင်းဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ ဥပဒေအရ တပ်ထောက်ချုပ်ရုံးဟာ သူတို့ရဲ့ ဘဏ္ဍာငွေတွေကို အစိုးရ ဘတ်ဂျတ် ရန်ပုံငွေအတွင်း အကုန်ပေးသွင်းရတာဖြစ်တဲ့အတွက် အခုလို လုပ်တယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ ETC က အကြောင်းပြခဲ့ပါတယ်။
သူတို့ရဲ့ စစ်တပ်နဲ့ ပတ်သက်မှုဟာ အဲဒီ တပ်ထောက်ချုပ်ရုံးအထိသာ ဖြစ်တဲ့အတွက် နောက်ပိုင်း နောက်တစ်ဆင့် ပေးသွင်းငွေတွေ ဘယ်လိုသုံးတယ် ဆိုတာက သူတို့တာဝန် မဟုတ်တော့ဘူးလို့လည်း ETC က စင်္ကာပူ စတော့အိတ်ချိန်းကို အကြောင်းပြန်ခဲ့ပါတယ်။
“ETC ကုမ္ပဏီ အနေနဲ့ မြန်မာအစိုးရဝန်ကြီးဌာနတွေက သူတို့ ကြီးကြပ်ကွပ်ကဲတဲ့ ရန်ပုံငွေတွေကို မြန်မာနိုင်ငံက တည်ဆဲ ဥပဒေတွေနဲ့အညီ လုပ်ဆောင်လိမ့်မယ်လို့ ယူဆပိုင်ခွင့်ရှိတဲ့အတွက် ကုမ္ပဏီပေးစရာရှိတဲ့ငွေတွေကို ပေးချေရာမှာ ဒီငွေတွေကို တစ်ဖက်က ဘယ်လို သုံးတယ် ဆိုတဲ့ ကိစ္စအပေါ် မှတ်ချက်ပေးဖို့ မရှိပါ” ဆိုပြီးတော့လည်း စင်္ကာပူ စတော့အိတ်ချိန်းရဲ့ မေးခွန်းထုတ်မှုကို တုံ့ပြန်တဲ့ ETC ကုမ္ပဏီ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ETC ကုမ္ပဏီဟာ လောလောဆယ်မှာတော့ မတ်လဆန်းပိုင်းကစလို့ စတော့အိတ်ချိန်းမှာ ကုန်သွယ်မှုတွေကို ဆိုင်းငံ့ထားပြီး သူတို့နဲ့ မြန်မာနိုင်ငံက ရင်းနှီးမြှုပ်နှံသူတွေ ချိတ်ဆက်မှု ပိုရှင်းသွားအောင် ပြင်ပက အမှီအခိုကင်းတဲ့အဖွဲ့တစ်ခုရဲ့ သုံးသပ်ချက်တစ်ခု ထွက်လာဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။
ETC ကုမ္ပဏီဟာ ဘီဘီစီရဲ့ အမေးအဖြေလုပ်ဖို့ ကမ်းလှမ်းချက်ကို ပယ်ချခဲ့ပြီး စင်္ကာပူမှာရှိတဲ့ မြန်မာသံရုံးကို ဒီကိစ္စအတွက် မှတ်ချက်ပေးဖို့ ပြောဆိုတဲ့အခါမှာလည်း စာမပြန်ခဲ့ပါဘူး။
အခုလို ETC ကုမ္ပဏီနဲ့ ပတ်သက်တဲ့အနေအထားဟာ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်း မြန်မာနိုင်ငံအပေါ် နိုင်ငံတကာက တုံ့ပြန်မှုက တစ်သမတ်တည်း မရှိဘဲ အကွဲကွဲ အပြားပြား ရှိနေတဲ့ သဘော ပေါ်လွင်စေတာကို တွေ့ရပါတယ်။
တက်ကြွလှုပ်ရှားသူတွေကြောင့် ETC ကုမ္ပဏီ ခေါင်းခဲရပြီး ဖြေရှင်းချက်တွေ ပေးခဲ့ရပေမဲ့ စင်္ကာပူအစိုးရ ကိုယ်တိုင်က အဲဒီ မြန်မာနိုင်ငံကို စီးပွားရေး ပိတ်ဆို့မှုတွေ မလုပ်တဲ့ နိုင်ငံဖြစ်နေတဲ့အတွက် ETC ကို စီးပွားရေး ပိတ်ဆို့မှု စည်းကမ်းချိုးဖောက်တယ်လို့လည်း ပြောလို့မရ ဖြစ်နေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှုက အလုပ်ဖြစ်မှာလား
မြန်မာနိုင်ငံကို လက်ရှိ စီးပွားရေး ပိတ်ဆို့မှုတွေဟာ မြန်မာစစ်တပ်ရဲ့ ထိပ်ဆုံးပိုင်းကိုသာ ပစ်မှတ်ထားတဲ့အတွက် လောလောဆယ် အနေအထားမှာ အားပျော့နေတယ်ဆိုပြီး ပြင်းပြင်းထန်ထန် ဒဏ်ခတ်စေချင်တဲ့ ဝေဖန်သူတွေသာမက စီးပွားရေး ဒဏ်ခတ်မှုရဲ့ အသုံးဝင်မှုကို ဝေဖန်တဲ့သူတွေကပါ ပြောဆိုကြပါတယ်။
မြန်မာစစ်တပ်ဟာ သူတို့ အမေရိကန်နိုင်ငံကို သွားဖို့ ဗီဇာမရတော့ဘူး ဆိုတာလောက်နဲ့ တောင်းပန်ခယ လာလိမ့်မယ်လို့ မျှော်လင့် မနေသင့်ဘဲ ဒီလို ပိတ်ဆို့တာတွေကို လှောင်ရယ်တာတောင် လုပ်နေနိုင်တယ်လို့ ယခင် စင်္ကာပူ သံအမတ်ဟောင်းတစ်ဦးဖြစ်ပြီး လက်ရှိ စင်္ကာပူ နိုင်ငံတော် တက္ကသိုလ် အာရှသုတေသန ဌာနရဲ့ ဂုဏ်ထူးဆောင် လေ့လာသူ ကီရှော မာဘူဘာနီက ပြောပါတယ်။
တကယ်တမ်း ပြောရမယ်ဆိုရင်လည်း စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုကို မူဝါဒတစ်ရပ်အနေနဲ့ ကျင့်သုံးတာတွေမှာ အောင်မြင်မှု ရလေ့ရှိတယ်လို့ တပ်အပ် ပြောလို့မရပါဘူး။
Peterson Institute for International Economics (PIIE) အဖွဲ့က သုတေသီတွေရဲ့ စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှု ၂၀ဝ ကျော်ကို လေ့လာချက်အရ အဲဒီအထဲက သုံးပုံတစ်ပုံလောက်ကသာ တစ်စိတ်တစ်ပိုင်း ဒါမှမဟုတ် အပြည့်အဝ အောင်မြင်မှုရတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ အဲဒီ PIIE အဖွဲ့က လေ့လာတဲ့ ဒဏ်ခတ်မှုတွေကိုပဲ လေ့လာတဲ့ တခြား အလားတူအဖွဲ့တွေကတော့ PIIE အဖွဲ့ရဲ့ အခုလို အောင်မြင်မှု အတိုင်းအတာ သတ်မှတ်မှုက လျော့ရဲလွန်းပြီး အမှန်တကယ်က ၅ ရာခိုင်နှုန်းလောက်သာ အောင်မြင်မှုနှုန်းရှိတယ်လို့ ဆိုကြပြန်ပါတယ်။
အဲဒီ PIIE အဖွဲ့က လေ့လာခဲ့တဲ့ စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှု အခု ၂၀ဝ ထဲမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အမှု မပါဝင်တဲ့အတွက် မြန်မာနိုင်ငံကို ပိတ်ဆို့ခဲ့မှုတွေ ဘယ်လောက်အထိ အောင်မြင်မှု ရခဲ့သလဲ ဆိုတာကတော့ အငြင်းပွားဖွယ်ရာ ဖြစ်နေဆဲ ဖြစ်ပါတယ်။
တချို့ပညာရှင်တွေကတော့ မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်လာဖို့နဲ့တကွ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က စပြီး တိုင်းပြည် ပွင့်လင်းလာဖို့ ကိစ္စတွေမှာ စီးပွားရေး ပိတ်ဆို့မှုက အရေးပါခဲ့တယ်လို့ ဆိုကြပြီး တချို့ကတော့ အာဏာရှင် စစ်အစိုးရက သူတို့ကိုယ်တိုင် ပုံစံပြောင်းဖို့ ဆုံးဖြတ်လို့သာလျှင် အခုလို ပိတ်ဆို့မှုက အရေးပါသလို ဖြစ်သွားတာလို့ ဆိုကြပြန်ပါတယ်။
PIIE ရဲ့ အခုလို သုတေသနတွေကို ဦးဆောင်ခဲ့တဲ့ ဂယ်ရီ ဟတ်ဖ် ဘောင်ဝါ ကတော့ စီးပွားရေး ပိတ်ဆို့မှုတွေဟာ မြန်မာနိုင်ငံလို ဆင်းရဲတွေ နိုင်ငံတွေအပေါ် ပိုပြီး ထိရောက်မှု ရှိတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ စီးပွားရေး ပိတ်ဆို့မှု အောင်မြင်တယ်လို့ ဆိုနိုင်ဖို့အတွက် သက်ရောက်မှု မျှော်မှန်းချက် အများကြီးထားလိုက်လို့မရသလို၊ ပစ်မှတ်ထားတဲ့ နိုင်ငံတွေက လုံးဝအာဏာရှင် ဆန်ဆန် ဖြစ်မနေဖို့လည်း လိုပြီး၊ တစ်ဖက်မှာလည်း ထွက်ပေါက်ပေး အကူအညီပေးမယ့် ပြင်ပနိုင်ငံ အကူအညီ မရှိဖို့လည်း လိုတယ်လို့ ဆိုပါတယ်။
စီးပွားရေး ဒဏ်ခတ်မှုတွေကြောင့်ဖြစ်တဲ့ အပြစ်က အကျိုးထက် ပိုနေမလား
မြန်မာနိုင်ငံကို ယခင်က ချမှတ်ခဲ့တဲ့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ လူသားချင်းစာနာမှု ဆိုင်ရာ ထိခိုက်မှု ရှိခဲ့ပြီး ဥပမာအားဖြင့် ၂၀ဝ၃ ခုနှစ်က မြန်မာနိုင်ငံက အထည်တင်ပို့မှုကို ပိတ်ပင်ခဲ့တဲ့အတွက် အလုပ်အကိုင် ၅၀ဝ၀ဝ ကနေ ၆၀ဝ၀ဝ လောက်အထိ ထိခိုက်မှု ရှိခဲ့တယ်လို့ အမေရိကန် အစိုးရက ခန့်မှန်းခဲ့ပါတယ်။
ဒါပေမဲ့ တစ်ဖက်မှာလည်း ဥရောပသမဂ္ဂဘက်က မပိတ်ပင်ဘဲ ဆက်လက် ဝယ်ယူမှုကြောင့် အခုလောက်အထိ ဆိုးရွားမှု မရှိဘူးဆိုတဲ့ သုံးသပ်ချက်လည်း ရှိနေပြန်ပါတယ်။
နိုင်ငံတကာ ပဋိပက္ခဖြေရှင်းရေးအဖွဲ့က မစ္စတာ ဟော်ဆေကတော့ နိုင်ငံတစ်ခုလုံး ဒေဝါလီ ခံဖို့ ပြစ်မှတ်ထားပြီး လုပ်တဲ့ ကျယ်ပြန့်တဲ့ စီးပွားရေး ပိတ်ဆို့မှု လုပ်တယ်ဆိုရင် အစိုးရထက် နိုင်ငံသားတွေ ပိုပြီး ဒုက္ခရောက်မှာကို စိုးရိမ်တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ လက်ရှိ မြန်မာနိုင်ငံကို စီးပွားရေး ပိတ်ဆို့မှုတွေကတော့ ယခင်ထက်ပိုပြီး အတိအကျ ပစ်မှတ်ထားရှိလာပြီး မြန်မာနိုင်ငံအတွင်းက တက်ကြွလှုပ်ရှားသူတွေ ကိုယ်တိုင်က မြန်မာစစ်တပ်နဲ့ ဆက်စပ်တဲ့ ကုမ္ပဏီတွေကို သပိတ်မှောက်တာတွေ လုပ်နေကြတယ်လို့ ဆိုပါတယ်။
စစ်တပ်ရဲ့ မြန်မာစီးပွားရေးလောကအတွင်း လက်တံရှည်နေမှု
မြန်မာနိုင်ငံကို စီးပွားရေး ပိတ်ဆို့မှုတွေက မြန်မာ့စီးပွားရေး တစ်ခုလုံး မထိခိုက်စေဘဲ စစ်တပ်ကိုသာ အထိနာစေဖို့ ရည်ရွယ်တယ်ဆိုရင် နိုင်ငံတကာ ကုမ္ပဏီတွေ အနေနဲ့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းနဲ့ မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက် တို့ကို ရှောင်ကွင်းပြီး စီးပွားရေး လုပ်လို့ ရ မရ ဆိုတာကလည်း မေးစရာ တစ်ခု ဖြစ်နေပါတယ်။
သြစတြေးလျနိုင်ငံ ပါ့သ်မြို့ ကာတင် တက္ကသိုလ်က နိုင်ငံတကာ စီးပွားရေး တွဲဖက် ပါမောက္ခ ထွေးထွေးသိန်းကတော့ အဲဒီ လုပ်ငန်းကြီးနှစ်ခုဟာ စီးပွားရေး လုပ်ငန်းအားလုံးလိုလိုမှာ ပတ်သက်နေတာ မဟုတ်တဲ့အတွက် သူတို့နဲ့ မပတ်သက်တဲ့ စားသုံးကုန် လုပ်ငန်းတွေ ရပ်တည်နိုင်ခြေရှိတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့လည်း သဘာဝအရင်းအမြစ် ထုတ်လုပ်တဲ့ အပိုင်းမှာဆိုရင်တော့ ဒီလုပ်ငန်းကြီးနှစ်ခုက ကြီးစိုးထားတဲ့ အခြေအနေတော့ ရှိတယ်လို့ သူက ဆိုပါတယ်။
တစ်ဖက်မှာလည်း စီးပွားရေး ပိတ်ဆို့မှုတွေကြောင့် အနောက်နိုင်ငံက ရေနံနဲ့ သဘာဝဓါတ်ငွေ့ ကုမ္ပဏီတွေက မြန်မာနိုင်ငံမှာ လုပ်ငန်းမလုပ်တော့ဘူးဆိုရင် ထိုင်းနဲ့ တရုတ်ကုမ္ပဏီက အစားထိုးဝင်ရောက် လာမှာဖြစ်တယ်လို့လည်း မစ္စတာ ဟော်ဆေက ပြောပါတယ်။
ဝုဒ်ဆိုဒ်နဲ့ တိုတယ်ကုမ္ပဏီက မြန်မာနိုင်ငံက ပြန်ထွက်ရမယ်ဆိုရင် သူတို့ရဲ့ လုပ်ငန်းပိုင်ဆိုင်မှုတွေကို ဈေးပေါပေါနဲ့ ပြန်ရောင်းခဲ့ရမှာ ဖြစ်တဲ့အတွက် ဒါတွေကို ဘယ်သူတွေက ဝယ်လိုက်မှာလဲ ဆိုတာကို အခုလို မှန်းကြည့်လို့ ရတယ်လို့လည်း မစ္စတာ ဟော်ဆေက ဆိုပါတယ်။
အာဆီယံနဲ့ အနောက်နိုင်ငံတွေရဲ့ မြန်မာ့စီးပွားရေး ပတ်သက်မှု နှိုင်းယှဉ်ချက်
မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှုပမာဏရဲ့ တစ်ဝက်ကျော်လောက်ကို တရုတ်နဲ့ ထိုင်းနိုင်ငံတို့က လွှမ်းမိုးထားပြီး စင်္ကာပူနိုင်ငံ ဆိုရင်လည်း တစ်နိုင်ငံချင်းအနေနဲ့ မြန်မာနိုင်ငံမှ အများဆုံး ရင်းနှီးမြှုပ်နှံသူ ဖြစ်နေပါတယ်။
မြန်မာအစိုးရထုတ်ပြန်တဲ့ စာရင်းဇယားတွေအရ ဆိုရင် ပြီးခဲ့တဲ့ ငါးနှစ်အတွင်းမှာ စင်္ကာပူရဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုက အမေရိကန်ဒေါ်လာ ၁၁ ဘီလီလျံ ရှိတယ်လို့ ဆိုပါတယ်။
အာဆီယံအဖွဲ့က မြန်မာနိုင်ငံမှာဖြစ်နေတဲ့ လက်ရှိအခြေအနေတွေအတွက် ငြိမ်းချမ်းစွာ အဖြေရှာကြဖို့ တိုက်တွန်းထားတယ်ဆိုပေမဲ့ စီးပွားရေး ပိတ်ဆို့မှု လုပ်ဖို့ကိုတော့ ခပ်ပြတ်ပြတ်ပဲ ငြင်းဆန်ထားပါတယ်။
စင်္ကာပူ အမျိုးသားတက္ကသိုလ်က မစ္စတာ မာဘူ ဘာနီကတော့ ဒီနေရာမှာ အာဆီယံရဲ့ နောက်ကွယ်က သံတမန်ရေး ချဉ်းကပ်တဲ့ နည်းလမ်းက ပိုအလုပ်ဖြစ်နိုင်တယ်လို့ ဆိုပြီး ဒီလို နည်းလမ်းကို သုံးခဲ့လို့လည်း ဒီဒေသအတွင်းမှာ ထိပ်တိုက်တွေ့တဲ့ ပဋိပက္ခတွေ အနှစ် ၃၀၊ ၄၀ လောက် မဖြစ်ခဲ့တာလို့ ပြောပါတယ်။
ဒါပေမဲ့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ဖီးလ် ရော်ဘတ်ဆင်ကတော့ အာဆီယံကို ဒီအတိုင်း လွှတ်ထားမယ်ဆိုရင် သူတို့ တစ်နိုင်ငံချင်းရဲ့ ကိုယ်ကျိုးစီးပွားကိုပဲ ကြည့်ကြမှာ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံအတွက် ဘာမှ အပြောင်းအလဲ ဖြစ်လာမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
တစ်ဖက်က မစ္စတာ မာဘူ ဘာနီကတော့ ဒါနဲ့ မတူ အလွန်ကွဲပြားတဲ့ အမြင်ရှိနေပါတယ်။
အနောက်နိုင်ငံတွေက ရိုဟင်ဂျာအရေးနဲ့တကွ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီကိစ္စအပေါ် ချဉ်းကပ်ပုံတွေကို ကျယ်ကျယ်လောင်လောင် စူးစူးရှရှ ဝေဖန်ခဲ့တာကြောင့်သာလျှင် မြန်မာစစ်တပ်က ဒေါ်အောင်ဆန်းစုကြည်မှာ မဟာမိတ်မရှိတော့ဘူးလို့ ယူဆပြီး ရှေ့တိုး အာဏာသိမ်းလိုက်တာ ဖြစ်နိုင်တယ်လို့ သူက ဆိုပါတယ်။
ဒါ့အပြင် စီးပွားရေး ပိတ်ဆို့မှုတွေကြောင့်လည်း မြန်မာစစ်တပ်ရဲ့ သဘောထားက ထူးပြီး ပြောင်းလဲလာမှာ မဟုတ်ဘဲ ခေါင်းမာကြသူတွေ ဖြစ်တဲ့အတိုင်း ဖိအားပေးလေ ပိုပြီး တောင့်ခံလေ ဖြစ်နေမယ်လို့ မစ္စတာ မာဘူ ဘာနီက သုံးသပ်ခဲ့ပါတယ်။











