မြန်မာ့အရေးကုလလုံခြုံရေးကောင်စီအဖွဲ့ဝင် ငါးနိုင်ငံ ဘယ်လိုရပ်တည်သလဲ

ဓာတ်ပုံ ရင်းမြစ်, UN
မြန်မာ့အရေးမှာ အာဆီယံနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ အားထုတ်မှုအခန်းကဏ္ဍ အရေးကြီးတဲ့အကြောင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီအမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံထဲ ရုရှားနိုင်ငံကလွဲလို့ ဗြိတိန်၊ အမေရိကန်၊ ပြင်သစ်နဲ့ တရုတ်နိုင်ငံတို့က အလေးထားပြောသွားပါတယ်။
ကုလသမဂ္ဂဆိုင်ရာ ဗြိတိသျှသံအမတ်က သဘာပတိလုပ်တဲ့ မြန်မာအရေးနဲ့ပတ်သက်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အလွတ်သဘော ဆွေးနွေးပွဲ Arria မှာ ကောင်စီအမြဲတမ်းအဖွဲ့ဝင်တွေ အွန်လိုင်းကနေ ပါဝင်ဆွေးနွေးကြချိန်မှာ အခုလို ပြောသွားကြတာပါ။
ဒီအစည်းအဝေးပွဲဟာ မြန်မာလူထုကို ကိုယ်စားပြုသူတွေက မြန်မာနိုင်ငံထဲက အခြေအနေတွေနဲ့ပတ်သက်လို့ လူထုအသံကို လုံခြုံရေးကောင်စီမှာ ခြုံငုံပြောပြနိုင်ဖို့ လမ်းဖွင့်ပေးတဲ့အစည်းအဝေးဖြစ်ပါတယ်။
ဒီအစည်းအဝေးကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ CRPH က ခန့်ထားတဲ့ ခေတ္တနိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်းနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဆိုင်းဆမ်ခမ်းတို့ တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။
မြန်မာကိုယ်စားလှယ်တွေက ဘာတွေဆွေးနွေးသွားလဲ
ဦးဆိုင်းဆမ်ခမ်းကတော့ စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်မှုတွေကြောင့် အရပ်သားတွေ သေဆုံးနေရတဲ့အခြေအနေကို မီးမောင်းထိုးပြပြီး မြန်မာလူထုရဲ့ ဒီမိုကရေစီအတွက် အားထုတ်မှု မဆုတ်မနစ်ရှိတဲ့အကြောင်းကို ထပ်လောင်းပြောဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, UN
ဒါ့ပြင် မြန်မာစစ်တပ်ကို လက်နက်ရောင်းချမှု ပိတ်ဖို့ စုပေါင်းအရေးယူဆောင်ရွက်ရေး တောင်းဆိုသလို လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေအနေနဲ့ မြန်မာလူထုနဲ့ ရပ်တည်မလား၊ စစ်ကောင်စီဘက်ကနေ ရပ်တည်မလားဆိုတာ လုပ်ပိုင်ခွင့်အရ၊ ကျင့်ဝတ်အရ ဆုံးဖြတ်ရမယ့်အချိန်ဖြစ်တယ်လို့လည်း သူက ထောက်ပြပါတယ်။
CRPH ရဲ့ ခေတ္တနိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကတော့ မနေ့က ပဲခူးမှာ ပူပူနွေးနွေးဖြစ်ထားတဲ့ စစ်ကောင်စီတပ်တွေရဲ့အင် အားသုံးဖြိုခွင်းမှုကို ထောက်ပြပြီး ဖေဖော်ဝါရီလ ၁ ရက်စလို့ စစ်ကောင်စီက အရေးပေါ်အခြေအနေ ကြေညာအာဏာသိမ်းခဲ့တာဟာ ကျိုးကြောင်းမဆီလျော်တဲ့အကြောင်း ပြောပါတယ်။
ဒါကြောင့် စစ်တပ်က မြန်မာလူထုပေါ် ပစ်မှတ်ထားပြီး စနစ်တကျကျူးလွန်နေတဲ့အကြမ်းဖက်မှု ရပ်အောင် ရုပ်ပိုင်းဆိုင်ရာ ကြားဝင်ဖြေရှင်းမယ့် နိုင်ငံတကာအားထုတ်မှုကို အသိအမှတ်ပြုမှာဖြစ်ပြီး နိုင်ငံတကာငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိန်းသိမ်းဖို့ တာဝန်ရှိတဲ့ လုံခြုံရေးကောင်စီအနေနဲ့ စစ်တပ် ကို တိုက်ရိုက်တနည်း၊ သွယ်ဝိုက်တဖုံ ထိရောက်မယ့် တိကျတဲ့အရေးယူလုပ်ဆောင်မှုလုပ်ဖို့ တိုက်တွန်းကြောင်း၊ နိုင်ငံတော်ဟာ နိုင်ငံသားတွေကို ကာကွယ်ပေးဖို့ ပျက်ကွက်တဲ့အခါ နိုင်ငံတကာအသိုင်းအဝိုင်းက တာဝန်ယူ ကာကွယ်ပေးတဲ့ R2P ရဲ့ ၃ ချက်မြောက်ကို ကျင့်သုံးပေးဖို့ကိုလည်း တိုက်တွန်းသွားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, UN
ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကတော့ လုံခြုံရေးကောင်စီအနေနဲ့ အဖွဲ့ဝင်နိုင်ငံတွေနဲ့အတူ မြန်မာစစ်တပ်ရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကနေ မြန်မာပြည်သူတွေကို အကာအကွယ်ပေးဖို့ အရေးယူဆောင်ရွက်မှုတွေကို အချိန်နဲ့တပြေးညီ တိတိပပ ဆောင်ရွက်ပေးဖို့ တောင်းဆိုပါတယ်။ အဲဒီလိုလုပ်ဆောင်တဲ့အခါမှာလည်း R2P ဆိုင်ရာအခြေခံမူတွေကို မဖယ်ချန်ထားဖို့ ကိုလည်း သူကအကူအညီတောင်းခံသွားပါတယ်။
အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ တရုတ်နဲ့ ရုရှတို့ဘယ်လိုရပ်တည်လဲ
မြန်မာ့အရေး ကုလလုံခြုံရေးကောင်စီက ကြေညာချက်တွေထုတ်ရုံနဲ့မလုံလောက်ဘဲ အလျင်အမြန် အရေးယူဆောင်ရွက်ဖို့၊ မြန်မာစစ်တပ်ရဲ့ ဆိုးရွား တဲ့လုပ်ရပ်တွေအတွက် ပြန်ပေးဆပ်ရမယ်ဆိုတာ သိဖို့လိုအပ်နေသလို မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်း အမေရိကန်သံအမတ်ကြီးက ပြောခဲ့ပါတယ်။
မြန်မာ့အရေးဘက်ပေါင်းစုံက အသံတွေကြားနိုင်ဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အထူးသံတမန် ခရစ္စတင်း ရှရနာ ဘာဂနာ ပြည်ဝင်ခွင့်ရဖို့ အရေးကြီးတဲ့အကြောင်း အမြဲတမ်းအဖွဲ့ဝင် ၃ နိုင်ငံက အလေးထားပြောသွားပေမဲ့ တရုတ်နိုင်ငံကတော့ အထူးသံတမန်အနေနဲ့ သူ့တာဝန်ထမ်းဆောင်တဲ့နေရာမှာ အပြုသဘောဆောင် ပါဝင်ဖို့ မျှော်လင့်တဲ့အကြောင်းပဲ ပြောသွားပါတယ်။
အထူးသံတမန်ကတော့ လက်ရှိမှာ ထိုင်းနိုင်ငံကို သူ ရောက်နေပေမဲ့ စစ်ကောင်စီက မြန်မာပြည်ထဲ ပြည်ဝင်ခွင့်မပေးသေးဘူးလို့ဆိုပြီး သူ့ရဲ့ တွစ်တာမှာ အစောပိုင်းက ရေးထားတာကို တွေ့ရပါတယ်။
သူဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးအရ ထိန်းသိမ်းခံတွေ လွှတ်ပေးဖို့၊ စစ်တပ်ရဲ့အကြမ်းဖက်မှုတွေကို ရပ်ဖို့၊ ပါဝင်သင့်ပါဝင်ထိုက်သူတွေနဲ့တွေ့ဆုံဆွေးနွေး ခွင့်ရဖို့ အာဏာသိမ်းမှုဖြစ်ပြီးကတည်းက အစဉ်တစိုက်တောင်းဆိုနေသူဖြစ်ပါတယ်။
ဆွေးနွေးပွဲမှာတော့ စစ်ဘက်ပိုင်းမှာရော လက်ရှိစစ်ကောင်စီနဲ့ပါ ဆက်ဆံရေး နီးကပ်တဲ့ လုံခြုံရေးကောင်စီအမြဲတမ်းအဖွဲ့ဝင် ရုရှား နိုင်ငံကတော့ အခု Arria အလွတ်သဘောဆွေးနွေးပွဲမှာ တက်ရောက်တာဟာ ကောင်စီထဲမှာပါတဲ့ သက်ဆိုင်ရာနိုင်ငံတွေရဲ့သံတမန်ကို လေးစားသမှု ပြဖို့ဖြစ်ပြီး ဗြိတိန်သံတမန်က ဦးဆောင်ခေါ်ယူတဲ့ ဒီဆွေးနွေးပွဲကို ထောက်ခံဖို့မဟုတ်ဘူး ဆိုပြီး ပြတ်ပြတ်သားသား ပြောသွားတာကိုတွေ့ရပါတယ်။
မြန်မာပြည်တွင်းက အခြေအနေကို ပိုဆိုးစေမယ့်အခြေအနေမျိုးကို ရုရှားအနေနဲ့ မထောက်ခံသလို လုံခြုံရေးကောင်စီက ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ထုတ်ပြန်ထားတဲ့ စုပေါင်းသဘောထားကြေညာချက်တွေအတိုင်း ရပ်တည်တယ်လို့ပဲ ရုရှားသံတမန်က ပြောဆိုသွားပါတယ်။
မြန်မာ့အိမ်နီးချင်း တရုတ်နိုင်ငံကတော့ အကြမ်းဖက်မှုနဲ့ သွေးထွက်သံယိုကိစ္စတွေဟာ ဘယ်သူ့အတွက်မှမကောင်းလို့ သက်ဆိုင်သူတွေအားလုံး အမြန်ဆုံးဆွေးနွေးကြဖို့ တိုက်တွန်းသလို နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာနိုင်ငံရဲ့အချုပ်အခြာ၊ လွတ်လပ်မှုနဲ့ နယ်မြေပိုင်စိုးမှုတွေကို အလေးထားဖို့ကိုလည်း ပြောသွားပါတယ်။
မနေ့ည ဧပြီလ ၉ ရက် ဆွေးနွေးပွဲမှာ တရုတ်နိုင်ငံနဲ့ ရပ်တည်ချက်ဆင်တူနီးပါး ပြောသွားတာကတော့ လက်ရှိမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဋ္ဌလည်းဖြစ်၊ မြန်မာနိုင်ငံနဲ့အတူ အာဆီယံအဖွဲ့ဝင်နိုင်ငံလည်းဖြစ်တဲ့ ဗီယက်နမ်နိုင်ငံဖြစ်ပါတယ်။
အာဆီယံထဲမှာ ဗီယက်နမ်နိုင်ငံလည်း အဖွဲ့ဝင်ဖြစ်တာကြောင့် မြန်မာ့အရေး အာဆီယံရဲ့အားထုတ်မှုတွေမှာ တက်တက်ကြွကြွပါနေသလို ပါဝင်သင့် ပါဝင်ထိုက်သူတွေကြား တွေ့ဆုံဆွေးနွေးစကားပြောဆိုနိုင်ဖို့၊ ငြိမ်းချမ်းတဲ့နည်းလမ်းရှာဖွေ နိုင်ဖို့ အားထုတ်နေတယ်လို့ ဗီယက်နမ်သံတမန်က ပြော ဆိုပါတယ်။
ဒါ့ကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အာဆီယံရဲ့ ရပ်တည်ချက်နဲ့ အားထုတ်မှုတွေကို အားပေးဖို့ကိုလည်း တိုက်တွန်းသွားပါတယ်။
ဆွေးနွေးပွဲကို တက်ရောက်တဲ့ မြန်မာ့အိမ်နီးချင်း အိန္ဒိယနိုင်ငံကတော့ မြန်မာနိုင်ငံနဲ့ရေ၊မြေဆက်စပ်မှုအပြင် ပြည်သူလူထုချင်း ချိတ်ဆက်မှု ကာလရှည်တာကိုထောက်ပြပြီး မြန်မာပြည်တွင်း မငြိမ်သက်မှုတွေဟာ မြန်မာ့နယ်မြေအပြင်အထိ သက်ရောက်မှု ရှိလာနိုင်တဲ့ အကျိုးဆက်ကို ထည့်ပြောသွားပါတယ်။
ဒါ့ကြောင့် လက်ရှိမှာ သက်ဆိုင်ရာပါဝင်ပတ်သက်သူတွေနဲ့ ပိုပြီးထိ တွေ့ပြောဆိုဖို့ လိုတယ်လို့ ပြောသလို မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံမြဲ ထောက်ခံသွားမယ်လို့ ကုလဆိုင်ရာ အိန္ဒိယအမြဲတမ်းကိုယ်စားလှယ်က ပြောပါတယ်။









