ဇူလိုင် ၂၁ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးရေး မနီလာမြို့ မှာကျင်းပနေတဲ့ အာဆီယံဝန်ကြီးများအစည်းအဝေးက တဆင့်ဖိအားပေးဖို့ APHR တောင်းဆိုတဲ့သတင်းအပါအဝင် ဇူလိုင် ၂၁ ရက် မြန်မာနဲ့ ကမ္ဘာတဝန်းထူးခြားသတင်းတွေကိုတိုက်ရိုက်တင်ဆက်ပေးနေပါတယ်။
ဇူလိုင် ၂၁ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရန်ကုန်မြို့မှာ ကြက်ဥတစ်လုံး လက်လီစျေး ကျပ် ၆၀၀ ကနေ ၇၀၀ အထိဖြစ်လာပြီး အလုံး ၃၀ တစ်ကတ်ကို ကျပ် ၁,၆၀၀၀ ကနေ ၁,၇၀၀၀ အထိ စျေးမြင့်တက်လာတယ်လို့ ဘီဘီစီကို ပြောလာကြပါတယ်။
''အလုံး ၃၀ ပါတဲ့တစ်ကတ်ကို ကျပ် ၁၂,၅၀၀ ကနေ ၁၆,၀၀၀ ဖြစ်သွားတယ်။ တစ်လုံးကို ကျပ် ၄၅၀ ၊ ၅၀၀ ကနေ အခု ၆၀၀၊ ၇၀၀ ဖြစ်လာတာ။ ကြက်ဥ မရှားဘူး၊ ဝယ်လို့ရတယ်၊ စျေးပဲ တက်လာတာ။ လက်ကားဒိုင်တွေကတော့ ကြက်စာစျေးကြီးလို့တဲ့ ပြောတယ်'' လို့ ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ် ကုန်စုံဆိုင်တစ်ဆိုင်ရဲ့ဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။
လတ်တလောမှာ ကြက်ဥတွေ စျေးတွေထဲမှာ ပြတ်လပ်တာမရှိသေးပေမဲ့ လက်ကားဒိုင်တွေမှာတော့ တဖြည်းဖြည်း ကြက်ဥပြတ်လာလို့ ဒီနေ့ကစလို့ ဒိုင်တချို့မှာ ဦးသူစနစ်နဲ့ဖြန့်နေကြရတယ်လို့ ကြက်ဥ၊ ဘဲဥဒိုင်တချို့က ဘီဘီစီကို ပြောပါတယ်။
ရန်ကုန်မြို့က ကြက်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူတစ်ဦးကတော့ အစာကုန်ကြမ်း၊ တိရစ္ဆာန်ဆေးဝါး စတာတွေရဲ့သွင်းကုန်ပါမစ်ကိစ္စနဲ့ ခွဲတမ်းကိစ္စတွေကြောင့် သွင်းအားစု စရိတ်မြင့်တက်ပြီး ကြက်ဥစျေးတက်လာတာလို့ ပြောပါတယ်။
''ကောက်တဲ့နေရာတွေကနေကို အရနည်းလို့ ဒီနေ့ဆို အရင်မှာ ထားတဲ့ဆိုင်တွေကို အစဉ်လိုက် ဦးစားပေး ဖြန့်ရပါတယ်။ နောက် ဒီရာသီက နဂိုကတည်းက ကြက်တွေက နာချင်တာ။ နှစ်တိုင်း ဒီအချိန်ဆို အစာနဲ့ ဆေး မပြတ်အောင် ဂရုစိုက်ပေးရတယ်။'' လို့ ကြက်မွေးမြူရေးလုပ်ကိုင်သူ တစ်ဦးက ပြောပါတယ်။
မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ရဲ့ ဇူလိုင် ၁၇ ရက်ကလုပ်တဲ့ “ကြက်ဥထုတ်လုပ်ဖြန့်ဖြူးရောင်းချမှုအခြေအနေအစည်းအဝေး” မှာ ဆွေးနွေးချက်တွေအရ ကာကွယ်ဆေးနဲ့ အစာကုန်ကြမ်း သွင်းအားစု လိုအပ်ချက်တွေကြောင့် စျေးတက်လာတယ်လို့ နားလည်ရပါတယ်။ အဲဒီအစည်းအဝေးမှာ ကြက်ဥဈေးနှုန်း ဆက်လက်မြင့်တက်မှု မရှိစေရေး ကြက်ဥဖြန့်ဖြူးရောင်းချသူတွေနဲ့ ညှိနှိုင်းဆောင်ရွက်သွားဖို့ရှိတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ASEAN 2026 PH
မြန်မာအရေးအတွက် အမြဲတမ်းအထူးကိုယ်စားလှယ်တစ်ဦးတည်း ထားရှိရေးကိစ္စကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေကြား ဆွေးနွေးထားတယ်လို့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်၊ လက်ရှိ မြန်မာ့အရေး အထူးသံလည်းဖြစ်တဲ့ ထရီဇာလာဇာရိုက ပြောပါတယ်။
''မြန်မာ့ အရေး လုပ်ဆောင်ရာမှာ ထိရောက်အောင် အမြဲတမ်းကိုယ်စားလှယ်ထားမလားဆိုတဲ့ကိစ္စကို ဆွေးနွေးထားတယ်'' လို့ လာဇာရိုက ပြောပါတယ်။
ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ ဒီနေ့ ပြုလုပ်ခဲ့တဲ့ မြန်မာ့အရေး အာဆီယံဝန်ကြီးတွေရဲ့အလွတ်သဘော သီးခြားတွေ့ဆုံ ဆွေးနွေးမှုအပြီးမှာ နိုင်ငံခြားရေးဝန်ကြီးက အခုလို ပြောလာတာဖြစ်ပါတယ်။
မြန်မာ့အရေးဖြေရှင်းဖို့ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်မှာ နှစ်စဉ် အလှည့်ကျ အာဆီယံဥက္ကဋ္ဌနိုင်ငံက နိုင်ငံခြားရေး၀န်ကြီးကို မြန်မာ့အရေးဆိုင်ရာအာဆီယံအထူးသံတမန်အဖြစ် ခန့်အပ်ဖို့ကို အာဆီယံခေါင်းဆောင်တွေကြား ၂၀၂၁ ခုနှစ်၊ ဧပြီလမှာ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာ သဘောတူခဲ့ကြတာဖြစ်ပါတယ်။
အဲဒီနောက် မြန်မာ့အရေးအထူးသံတာဝန်ကို အာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေ ဒါမှမဟုတ် ထိပ်တန်းအရာရှိကြီးတချို့ တာဝန်ယူခဲ့တာဖြစ်ပြီး လက်ရှိ ဖိလစ်ပိုင်အလှည့်မှာတော့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးကပဲ အထူသံတာဝန်ကို ယူထားတာဖြစ်ပါတယ်။
‘‘ကျွန်မ လက်ရှိတာဝန် ယူထားသလိုမျိုး အထူးသံကို နှစ်စဉ်ခန့်တာ မထိရောက်ဘူး။ ဘာလို့ဆို အခင်းအကျင်းကို ပြည့်ပြည့်စုံစုံမြင်ရဖို့လည်း အရေးကြီးတာကိုး။ ဒီတော့ နိုင်ငံခြားရေးဝန်ကြီးဌာနအောက်က ဌာနတစ်ခုကပဲ အထူးသံကို ကူညီတာမျိုးလုပ်မလားဆိုတာမျိုး ဘရူနိုင်းဘက်က အဆိုပြု တင်ပြထားတာမျိုးလည်းရှိတယ်။ အဲဒီလို အချက်တွေလည်း ဆွေးနွေးထားကြတာမျိုးရှိပါတယ်။ ဒါပေမဲ့ ဒီလိုရုံးဖွင့်ရင် ဒီရုံးအတွက် အထူးသံ သွားလာတာတွေအတွက် ကုန်ကျစရိတ်ကို ဘယ်သူက ထောက်ပံ့မှာလည်းဆိုတာမျိုးရှိပြန်တယ်။’’ လို့ သူက ပြောပါတယ်။
ဒါကြောင့် အမြဲတမ်းအထူးသံ ခန့်ထားရေး အဆိုပြုချက်တွေနဲ့ပတ်သက်ပြီး အဓိကအချက်တွေကို ကြေညက်အောင် စဉ်းစားသုံးသပ်ဖို့ ဝန်ကြီးတွေက အကြီးတန်းအရာရှိကြီးတွေကို လမ်းညွှန်ထားတာရှိတယ်လို့လည်း သူက ပြောပါတယ်။
ဒီအချက်တွေက နို၀င်ဘာလမှာ အာဆီယံခေါင်းဆောင်တွေ တွေ့တဲ့အခါ ထည့်သွင်းစဉ်းစားဖို့ရာ အချက်တွေဖြစ်နေတာကြောင့်လို့လည်း သူက ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, မီလျံနာရွှေဆိုင်
မန္တလေးမြို့၊ မီလျံနာရွှေဆိုင် ရွှေ ၁ ပိဿာဝန်းကျင် ဓားပြတိုက်ခံရတာနဲ့ လားရှိုးမြို့ရဲ့ ရပ်ကွက် ၁၀ က ကုန်စုံဆိုင်ရှင်အမျိုးသမီး ၂ ဦး နေအိမ်အတွင်း ပစ္စည်းလုယက်သတ်ခံရမှု တရားခံတွေ မမိသေးဘူးလို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။
မနေ့ကဖြစ်ခဲ့တဲ့ မန္တလေးက ရွှေဆိုင်ဓားပြတိုက်ခံရမှုနဲ့ပတ်သက်ပြီး ဆိုင်ရှင်က '' ရဲကတော့ CCTV မှတ်တမ်းရော အကုန်သေချာမေးပြီး မှတ်တမ်း ယူသွားတယ်။ တရားခံနဲ့ ပတ်သက်တဲ့သတင်းတော့ မထူးခြားသေးပါဘူး” လို့ ဘီဘီစီကို ပြောပါတယ်။
မီလျံနာရွှေဆိုင်ကို မနေ့က ညနေပိုင်းမှာ လူ ၆ ဦးက ဆိုင်ကယ် ၃ စီးနဲ့ရောက်လာပြီး ရွှေ ၁ ပိဿာဝန်းကျင်ကို လုယက်သွားတယ်လို့ သူက ပြောပါတယ်။
သေနတ်ကိုင်သူ တစ်ဦး ပါလာပြီး သေနတ်ပစ်ဖောက်ကာ ပုဆိန်ကိုင်ဆောင်သူက မှန်ကိုခွဲပြီး ကျန် ၂ ဦးက ရွှေတွေ ယူသွားတာလို့လည်း သူက ပြောပါတယ်။
“နောက်ထပ် လောက်လေးခွနဲ့ တစ်ယောက်၊ ဆိုင်ကယ်မှ ာထိုင်စောင့်တဲ့သူတစ်ယောက်လည်းပါတယ်။ ကျွန်တော်တို့ဆိုင်ရဲ့အစောင့်ကတော့ သေနတ်နဲ့ထုခံရလို့ ခေါင်းပေါက်သွားတယ်” လို့ မီလျံနာဆိုင်ရှင်က ပြောပါတယ်။
မန္တလေးမြို့မှာ လုံခြုံရေးစိုးရိမ်ချက်ကြောင့် သံတံခါးကို ပိတ်ပြီး ရွှေကို ရောင်းချပေမဲ့ တံခါးခဏ ဖွင့်တုန်းမှာ အတင်းအဓမ္မဝင်ရောက်လုယက်သွားတာလို့လည်း ဆိုင်ရှင်ရဲ့ပြောပြချက်အရသိရပါတယ်။
လားရှိုးမှာတော့ ဇူလိုင် ၁၉ ရက်ညမှာ အမျိုးသမီး ၂ ဦးနဲ့ ကျန်းမာရေးမကောင်းတဲ့အမျိုးသား ၁ ဦး နေထိုင်တဲ့ ရပ်ကွက် ၁၀ က ကျေးဇူးရှင် ကုန်စုံဆိုင်အိမ်မှာ လုယက်လူသတ်မှုဖြစ်ခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးဆီကနေ သိရပါတယ်။
“တရားခံတော့ မိတယ် မကြားသေးပါဘူး။ ကျွန်တော့်သူငယ်ချင်းနဲ့ သူ့အစ်မ အသတ်ခံရပြီး နေရာပဲ ဆုံးတယ်။ သူတို့အဖေကတော့ အသက်ရှင်ပါတယ်” လို့ မိသားစုနဲ့နီးစပ်သူက ပြောပါတယ်။
ဒီဖြစ်စဥ်မှာလည်း ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိတာမရှိသေးဘူးလို့ မြို့ခံနဲ့ မိသားစုနဲ့နီးစပ်သူတို့ရဲ့ ပြောပြချက်အရသိရပါတယ်။
ဘီဘီစီက လားရှိုး ခရိုင်ရဲတပ်ဖွဲ့ကို ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ပြန်လည်ဖြေဆိုတာ မရှိပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Screen Grab
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ တာလုံဇက်ဆိပ်ကနေ ရေစီးနဲ့ မျောပါသွားပြီး ပျောက်ဆုံးနေသူ ၈ ဦးဟာ ၃ ရက်ကြာတဲ့အထိ ရှာမတွေ့သေးဘူးလို့ ဒေသခံ လူမှုကူညီရေးအသင်း တာဝန်ရှိသူက ဘီဘီစီကို ပြောပါတယ်။
ဇူလိုင် ၁၉ ရက်မနက်အစောပိုင်းမှာ မြစ်ကို ဖြတ်ကူးဖို့ ဇက်ပေါ်ကို ကားတက်နေချိန်မှာ ဇက်ဖောင်ဟာ ကြိုးပျက် ထွက်ပြီး ကားရော ဇက်ရော ရေစီးနဲ့ မျောကာ ဒီပေါ်မှာရှိနေသူတွေ ပျောက်ဆုံးနေတာဖြစ်ပါတယ်။
“အပေါ်မှာ ၁၀ ယောက်ပါတယ်။ ၂ ယောက်ပဲ ချက်ချင်းကယ်နိုင်တာ။ အခု ၃ ရက်ကြာရင် ပြန်များ ပေါ်လာမလားဆိုပြီး ရှာနေတာ မတွေ့ရသေးပါဘူး” လို့ ဒေသခံကယ်ဆယ်ရေးသမားက ပြောပါတယ်။
ပျောက်ဆုံးနေသူတွေထဲမှာ ကျောက်မဲမြို့နယ် နောင်ပိန်ရွာနဲ့ မန္တလေးက ကားသမားတွေအပါအဝင် ဒေသခံတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
“ကျွန်တော့် ညီတဝမ်းကွဲ ၂ ယောက်လည်းပါသွားတယ်။ ကယ်ဆယ်ရေးက ဒုဋ္ဌဝတီမြစ်တလျှောက် ရှာနေပေမဲ့ သူတို့ သတင်းမကြားရသေးပါဘူး။ ရှာတွေ့ပြီဆိုတဲ့ သတင်းအတုတွေ ထွက်နေပေမဲ့ တကယ်မတွေ့သေးပါဘူး” လို့ ပျောက်ဆုံးနေသူတွေရဲ့ မိသားစုဝင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ကယ်ဆယ်ရေးအဖွဲ့ဝင်တွေကတော့ ပျောက်ဆုံးတွေကို တာလုံ၊ တောင်ခြေနဲ့ တာမခန်ကူးတို့ဆိပ်အပါအဝင် မြစ်ကြောင်းတလျှောက်ဆက်လက်ရှာဖွေနေဆဲဖြစ်တယ်လို့ ဒေသခံတချို့ရဲ့ ပြောပြချက်အရသိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ASEAN 2026 PH
မြန်မာ့အရေးအတွက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ အလွတ်သဘော သီးသန့်ဆွေးနွေးတာကို ဒီနေ့ မွန်းလွဲပိုင်းမှာပြုလုပ်ဖို့ရှိတယ်လို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ပြီးခဲ့တဲ့နာရီပိုင်းမှာ ပြောပါတယ်။
မနီလာမြို့မှာ ဒီနေ့ မနက်ခင်းပိုင်း ပြုလုပ်ခဲ့တဲ့နိုင်ငံခြားရေးဝန်ကြီးတွေရဲ့မျက်နှာစုံညီ အစည်းအဝေးပြုလုပ်ပြီး အခြေအနေကို သတင်းစာရှင်းလင်းပွဲပြုလုပ်ချိန် သူက ထုတ်ပြောသွားတာဖြစ်ပါတယ်။
ဖိလစ်ပိုင်က အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ဆွေးနွေးဖက်နိုင်ငံတွေရဲ့ဆက်စပ်အစည်းအဝေးပွဲတွေကိုတော့ နေပြည်တော်ကို နိုင်ငံခြားရေးအတွင်းဝန် တက်ရောက်နေပါတယ်။
မြန်မာ့အရေးဖြေရှင်းဖို့ အာဆီယံ ခေါင်းဆောင်တွေကြား ရရှိထားတဲ့ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည် မဖော်နိုင်ဘူးလို့ဆိုပြီး မြန်မာကို နိုင်ငံရေး ရာထူးမယူထားသူကိုပဲ တက်ရောက်ဖို့ အာဆီယံက ဆုံးဖြတ်ထားတဲ့ နေပြည်တော်ခေါင်းဆောင် ဦးမင်းအောင်လှိုင်ရော၊ သူ့ နိုင်ငံခြားရေးဝန်ကြီးသစ် ဦးတင်မောင်ဆွေပါ အစည်းအဝေးပွဲတက်ရောက်ခွင့် မရပါဘူး။
ဒါကြောင့် နေပြည်တော်က နိုင်ငံခြားရေးအတွင်းဝန်ပဲ ကိုယ်စားပြု တက်ရောက်နေတာဖြစ်ပါတယ်။
ဒါပေမဲ့ မြန်မာ့အရေး အာဆီယံအထူးသံအဖြစ်လည်း တာဝန်ယူထားတဲ့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဇာ လာဇာရိုဟာ အခုအစည်းအဝေးပွဲတွေ မတိုင်ခင် ဇူလိုင် ၁၂ ရက်တုန်းကတော့ နေပြည်တော်နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အလွတ်သဘောတွေ့ဆုံခဲ့ပြီး ဖြစ်ပါတယ်။
အဲဒီအစည်းအဝေးကို ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်က အိမ်ရှင်အဖြစ်လက်ခံကျင်းပတာဖြစ်ပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီး အများစုလည်း တက်ရောက်ပါတယ်။အဲဒီနောက် အာဆီယံဝန်ကြီးတွေချည်းပဲ သီးသန့် ထပ်မံဆွေးနွေးကြတဲ့ ဆွေးနွေးပွဲမှာ မြန်မာအနေနဲ့
၁- လူသားချင်းစာနာမှု အကူအညီပေးနိုင်ရေး အခင်းအကျင်းဖန်တီးဖို့
၂- အရပ်သားတွေအပေါ် ရိုက်ခတ်တဲ့ အကြမ်းဖက်မှုအရေအတွက် လျှော့ချဖို့
၃- သက်ဆိုင်ရာပါ၀င်သင့်ပါ၀င်ထိုက်သူတွေပါတဲ့ အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖြစ်ဖို့
၄- ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်တဲ့ကောင်းကွန်တဲ့ဖြစ်ပေါ်တိုးတက်မှု၊ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့အပါအဝင် အမျိုးသားရင်ကြားစေ့ရေးနဲ့ တွေ့ဆုံဆွေးနွေးရေးရပ်ဝန်းဖန်တီးဖို့ အချက်တွေကို တိုးတက်မှု ရှိရမယ့်နယ်ပယ်အဖြစ် ထားရှိဖို့ သဘောတူခဲ့ကြတယ်လို့လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်ထဲမှာ ကြားကာလပညာရေး၊ စစ်ရှောင်နဲ့ ရပ်ရွာအရေးပေါ် တုံ့ပြန်ရေး အကူအညီပေးနေတဲ့အမျိုးသား ၃ ဦးဟာ ထားဝယ်အထူးစီးပွားရေးဇုန် (SEZ)ကို ဝင်လာတဲ့စစ်တပ် စစ်ကြောင်းရဲ့ဖမ်းဆီးတာခံရပြီး အသတ်ခံခဲ့ရတယ်လို့ SEZ စောင့်ကြည့်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ MAGGA Initiative(MI)က ပြီးခဲ့တဲ့ နာရီပိုင်းက သတင်းထုတ်ပြန်ပါတယ်။
MAGGA Initiative(MI) အဖွဲ့အပြောအရ အသတ်ခံရတဲ့ လူငယ် ၃ ဦးဟာ The Ants Humanitarian Aids Team အဖွဲ့ခေါင်းဆောင် ကိုအယ်သာ၊ အဖွဲ့ဝင်တွေဖြစ်တဲ့ကိုမြတ်သူနဲ့ ကိုလီယွန်တို့ဖြစ်တယ်လို့ဆိုပါတယ်။
သူတို့ ၃ ဦးဟာ ဇူလိုင် ၉ ရက်မှာ အထူးစီးပွားရေးဇုန်ကို ဝင်လာတဲ့စစ်ကြောင်းကို ရှောင်ဖို့ ထွက်လာကြချိန် ဝက်ချောင်းရွာမှာ တခြားရွာသားတွေနဲ့အတူ ဖမ်းဆီးခံခဲ့ရတာလို့လည်း MI အဖွဲ့က ပြောပါတယ်။
သူတို့ ၃ ဦးနဲ့အတူ အဖမ်းခံရတဲ့ဒေသခံအမျိုးသမီးတွေကတော့ အဲဒီနေ့မှာပဲ ပြန်လွတ်လာခဲ့ပေမဲ့ ကိုအယ်သာတို့ ၃ ဦးဟာ ဆက်လက်ဖမ်းဆီးခံခဲ့ရတယ်လို့ MI အဖွဲ့က သူတို့ ထုတ်ပြန်ချက်မှာ ပြောပါတယ်။
ဇူလိုင် ၂၀ ရက်မှာတော့ သူတို့ ၃ ဦးရဲ့ရုပ်အလောင်းတွေကို အထူးစီးပွားရေးဇုန်ရှိတဲ့ နဘုလယ်ဒေသထဲကဧကနိရွာမှာ အလောင်းသာ ပြန်တွေ့ရတယ်လို့ MI က ဒေသခံတွေရဲ့သတင်းပေးပို့ချက်ကို အခြေခံပြီး ပြောပါတယ်။
ဒီအမျိုးသား ၃ ဦး သေဆုံးမှုနဲ့ပတ်သက်ပြီး ဘီဘီစီ အနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။
နေပြည်တော် စစ်တပ်ရဲ့ဒုတိယခေါင်းဆောင် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက ထားဝယ်ရေနက်ဆိပ်ကမ်းလို စီမံကိန်းကြီးတွေနဲ့ ပြည်ထောင်စုလမ်းမကြီးတလျှောက်က အကြမ်းဖက်အဖွဲ့အစည်းတွေကို ချေမှုန်းမယ်လို့ဆိုပြီး ပြီးခဲ့တဲ့ဇွန်လမှာ တနင်္သာရီတိုင်းကို လာရောက်ချိန် ပြောခဲ့ပါတယ်။
အဲဒီနောက် စစ်တပ်ဟာ အင်အားတစ်ထောင်နီးပါးနဲ့ ဇူလိုင် ၉ ရက်မှာ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း နယ်မြေထဲကို စစ်ကြောင်းထိုးဝင်လာတာဖြစ်ပါတယ်။
စစ်ကြောင်းကြောင့် ရွာပေါင်း ၆ ရွာက ဒေသခံ ၅,၀၀၀ကျော် စစ်ရှောင်ခဲ့ရတယ်လို့ အထူးစီးပွားရေးဇုန် စောင့်ကြည့်အဖွဲ့ (Dawei SEZ Watch) က ဇူလိုင် ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။
နေပြည်တော်ဟာ ၁၈ နှစ်ကြာတဲ့အထိ ရုပ်လုံးမပေါ်လာသေးတဲ့ ထားဝယ်အထူးစီးပွားရေးဇုန်ကို ရုရှားနဲ့ပေါင်းပြီး အကောင်အထည်ဖော်ဖို့ လုပ်နေသလို ရုရှား ရင်းနှီးမြှုပ်နှံမှုတွေကိုလည်း ဖိတ်ခေါ်နေပါတယ်။
အခုနောက်ဆုံး အထူးစီးပွားရေးဇုန်တစ်ခုလုံးကို မီးပေးနိုင်ဖို့ရည်ရွယ်တဲ့ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံဆောက်လုပ်ရေး နားလည်မှုစာချွန်လွှာ(MOU) ကို ရုရှားနဲ့ လက်မှတ်ရေးထိုးတဲ့အထိ စီမံကိန်းဖော်ဖို့ လုပ်ဆောင်ထားပါတယ်။
အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံ၊ မြို့တော် မနီလာမှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့အစည်းအဝေးပွဲတွေနဲ့ ဆက်စပ်အစည်းအဝေးပွဲတွေ ဒီနေ့ စတင်နေပြီဖြစ်ပါတယ်။
ဒေသတွင်းအစည်းအဝေးပွဲတွေမှာ ပြုလုပ်ဖို့ရှိတဲ့ မနီလာက အခုတစ်ခေါက် ဆွေးနွေးပွဲကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုလည်း တက်ရောက်ဖို့ မနီလာမြို့ကို ရောက်နေပြီဖြစ်ပါတယ်။
ဒီနေ့ မနက်ပိုင်းမှာတင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးနဲ့ သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးတို့ သီးခြားစီ တွေ့ဆုံထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ရင်းမြစ်, Supplier
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ရထားတိုက်မှုမှာ သေဆုံးခဲ့တဲ့မြန်မာတစ်ဦးအတွက် ထိုင်းအစိုးရကပေးတဲ့လျော်ကြေး ဘတ် ၂ သန်းကျော်ကို ကျန်ရစ်သူမိသားစုက လက်ခံရရှိခဲ့တယ်လို့ မိသားစုဝင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ဘန်ကောက်မြို့၊ မက္ကဆန်ရဲစခန်းမှာ အဲဒီလျော်ကြေးငွေကို ဇူလိုင် ၁၅ ရက်နေ့က ကျန်ရစ်သူမိသားစုတွေ လက်ခံရယူခဲ့တာပါ။
“မိဘနှစ်ဦးက တစ်သန်း၊ ကလေးနဲ့ အမျိုးသားက တစ်သန်းစီ ခွဲပြီး ယူလိုက်ကြတယ်။ ပြီးရင် ရွာပြန်ပြီး သူ့အတွက် အလှူလုပ် ပေးသွားမှာပါ” လို့ သေဆုံးခဲ့သူ မြန်မာအမျိုးသမီးရဲ့အစ်ကို ကိုဝင်းက ဘီဘီစီကို ပြောပါတယ်။
သေဆုံးခဲ့သူဟာ အသက် ၃၆ နှစ်အရွယ် မအေးအေးမြင့်ဖြစ်ပြီး ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကျုံဖဲကျေးရွာ ဇာတိဖြစ်ပါတယ်။
မအေးအေးမြင့်ဟာ သူအလုပ်လုပ်နေတဲ့ ဘန်ကောက်မြို့က စားသောက်ဆိုင်တစ်ဆိုင်ကနေအိမ်ကို ပြန်ဖို့ ဘန်ကောက်ဘတ်စ် ကားလိုင်းအမှတ် ၂၀၆ ရဲ့ကားတစ်စီးပေါ်မှာ စီးနင်းလိုက်ပါလာချိန် သူ စီးလာတဲ့ဘတ်စ်ကားဟာ မေလ ၁၆ ရက် ညနေပိုင်းမှာ ကုန်တင်ရထား ဝင်တိုက်တာ ခံခဲ့ရတာဖြစ်ပါတယ်။
ဘန်ကောက်မြို့က မအေးအေးမြင့်ရဲ့နာရေးအခမ်းအနားကိုလည်း ထိုင်းအာဏာပိုင်တွေကိုယ်တိုင်လာရောက်ခဲ့ကြပါတယ်။
အဲဒီဖြစ်စဉ်ကြောင့် ထိုင်းနိုင်ငံသား ၇ ဦးနဲ့ မြန်မာနိုင်ငံသား တစ်ဦး သေဆုံးခဲ့ရပါတယ်။
နောက်ထပ် မြန်မာတစ်ဦးကတော့ ထိခိုက်ဒဏ်ရာရခဲ့ပြီး ဆေးရုံကနေ ဆင်းခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအတွက် ဝန်ကြီးတွေ စုဝေးနေချိန်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဥ်းသားအားလုံး အမြန်ဆုံး အကြွင်းမဲ့ လွှတ်ပေးရေး ဖိအားပေးဖို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင် သမ္မတနဲ့ တီမော သမ္မတတို့ကို လူအခွင့်အရေးဆိုင်ရာအာဆီယံလွှတ်တော်အမတ်များအဖွဲ့ (APHR) က စာပို့ပါတယ်။
APHR က မနေ့တုန်းက စာပေးပို့စာမှာ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက မြန်မာစစ်ခေါင်းဆောင်အစုအဖွဲ့နဲ့ဆက်ဆံရာမှာ ဒေါ်အောင်ဆန်းစုကြည်မိသားစုဝင်တွေ၊ ရှေ့နေတွေ၊ ဆေးဘက်ဆိုင်ရာပညာရှင်တွေနဲ့ လွတ်လွတ်လပ်လပ်တွေ့ဆုံခွင့်ကို မဖြစ်မနေ လုပ်ရမယ့်လုပ်ဆောင်ချက်အဖြစ် သတ်မှတ်တောင်းဆိုဖို့ တိုက်တွန်းထားပါတယ်။
တီမောသမ္မတကိုတော့ အာဆီယံက ဦးမင်းအောင်လှိုင်ကို အရေးယူဖို့ ဖိအားပေးပြောဆိုဖို့ APHR က တိုက်တွန်းထားတာပါ။ APHR ဟာ အာဆီယံနိုင်ငံအသီးအသီးက တာဝန်ထမ်းဆောင်ဆဲ အမတ်တွေနဲ့ဖွဲ့စည်းထားတာဖြစ်ပြီး အဲဒီအမတ်တွေထဲ မလေးရှားနိုင်ငံခြားရေးဝန်ကြီး တာဝန်ယူဖူးသူလို သက်ဆိုင်ရာလွှတ်တော်ကော်မတီတွေမှာ ထိပ်ပိုင်းနေရာယူထားကြသူတွေလည်း ပါဝင်ပါတယ်။
APHR ကတော့ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကျင်းပချိန်မှာ အာဆီယံဥက္ကဋ္ဌအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အသက်ရှိနေသေးကြောင်း ခိုင်လုံတဲ့သက်သေအမြန်တောင်းဆိုသင့်တယ်လို့ဆိုထားပါတယ်။ ဒီသက်သေဟာ အာဆီယံနဲ့ မြန်မာစစ်အာဏာရှင် ပြန်လည်ဆက်ဆံနေရခြင်းရဲ့ရလဒ်ကို တိုင်းတာမယ့် စမ်းသပ်ချက်အဖြစ် သတ်မှတ်သင့်ပြီး နောက်အာဆီယံထိပ်သီးအစည်းအဝေးအထိ မရွှေ့ဆိုင်းသင့်ဘူးလို့ APRH က ပြောထားပါတယ်။
ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို နေပြည်တော်ရဲ့နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်း တက်ရောက်နေပြီး နိုင်ငံခြားရေးဝန်ကြီးအဆင့် တက်ရောက်ခွင့်မရပါဘူး။ မြန်မာ့အရေးနဲ့ပတ်သက်လို့လည်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေချည်းပဲ ပြုလုပ်မယ့် အလွတ်သဘောတွေ့ဆုံမှုလည်း ပြုလုပ်သွားဖို့ ရှိနေပါတယ်။
မြန်မာ့အရေးမှာ လက်ရှိအရေးကြီးတာက မြန်မာအာဏာပိုင်တွေနဲ့သာမက တခြားသက်ဆိုင်သူတွေနဲ့ပါ ဆက်လက်ထိတွေ့နေဖို့ဖြစ်တယ်လို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့အာဆီယံရေးရာ ပြောရေးဆိုခွင့်ရှိသူ ဒိုမီးနစ်ဇေးဗီးယားက ဇူလိုင် ၂၀ ရက်က အကြို သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ သူက တွေ့ဆုံမှုတွေကနေ ဘယ်လိုဆုံးဖြစ်ချက်ပဲ ထွက်လာပါစေ အာဆီယံခေါင်းဆောင်တွေဟာ ဘုံသဘောတူညီချက် ၅ ရပ်ကိုပဲ အခြေခံ စဉ်းစားသုံးသပ်ကြသွားမှာဖြစ်တယ်လို့ ပြောထားပါတယ်။
မင်္ဂလာပါ။ ဇူလိုင် ၂၁ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။