၂၀၂၀ ရဲ့ ထူးခြားတဲ့ သတင်းဖြစ်ရပ်များ-အပိုင်း ၃

ရေးသားခဲ့သည်။

တပ်မတော်ရဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ သတိပေးချက်၊ ရလဒ်ကောင်း မထွက်ခဲ့တဲ့ တစ်နှစ်ကျော်အကြာ လွှတ်တော်တွင်းက အခြေခံဥပဒေပြင်ဆင်ရေးနဲ့ အိုင်စီစီမှာ သက်သေထွက်ဖို့ရောက်လာတဲ့ မြန်မာစစ်သားနှစ်ဦး၊ ကိုဗစ်ကာလ အလုပ်ထုတ်ခံရတဲ့ အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်တွေ ၊တရုတ်ကုန်သည်တစ်ဦးက မြန်မာဆန်ကုန်သည်တွေဆီက သိန်းပေါင်‌သောင်းချီလိမ်သွားတဲ့ သတင်းတွေကလည်း ၂၀၂၀ မှာထူးထူးခြားခြား ရှိခဲ့ပါတယ်။‌

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဟာ ၂၀၂၁ မှာ အသက် ၆၅ နှစ်ပြည့်မှာဖြစ်ပြီး တပ်ချုပ်ရာထူး ဆက်လုပ်မလုပ်ကလည်း စိတ်ဝင်စားစရာပါ။

ဓာတ်ပုံ ရင်းမြစ်, PhyoThiha/MPA

ဓာတ်ပုံ ပုံစာ, ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဟာ ၂၀၂၁ မှာ အသက် ၆၅ နှစ်ပြည့်မှာဖြစ်ပြီး တပ်ချုပ်ရာထူး ဆက်လုပ်မလုပ်ကလည်း စိတ်ဝင်စားစရာပါ။

တပ်မတော်နဲ့ ရွေးကောက်ပွဲ

၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပိုင်းအလို နိုဝင်ဘာ ၂ ရက် နေ့မှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) ရဲ့ အလွဲအမှားတွေကို ထောက်ကာ အစိုးရကို တာဝန် ယူရမယ်လို့ သတိပေးထုတ်ပြန်ချက် တစ်စောင်ကို ထုတ်ပြန်ခဲ့ပါတယ်။

ကြိုတင်မဲ အပါအဝင် ရွေးကောက်ပွဲကြိုကာလ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေအပေါ်မှာ ကော်မရှင်ကို ခန့်အပ်ထားတာ သမ္မတဖြစ်တာကြောင့် ကော်မရှင်ရဲ့ လုပ်ရပ်တွေအပေါ်မှာ အစိုးရက တာဝန်ခံရမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဟာ ပြည်တွင်းသတင်းဌာနတစ်ခုနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ပတ်သက်လို့ သူ့မှာ ထောက်ပြ ဝေဖန်ရမယ့် တာဝန်ရှိပြီး သူမလုပ်ရင် ဘယ်သူလုပ်မလဲ လို့ တပ်ချုပ်က မေးခွန်းထုတ်ခဲ့ပါတယ်။

အဲဒီမေးမြန်းခန်းအပြီးမှာပဲ အစိုးရဘက်က အထူးသတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ကျင်းပခဲ့ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ပေါ်ပြူလာနယူးစ်တို့ တွေ့ဆုံမေးမြန်းခန်းမှာ တပ်ချုပ် ပြောကြားချက်တွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ၊ နိုင်ငံ့ဝန်ထမ်းဥပဒေများနဲ့ အနှစ်သာရအရ ကိုက်ညီမှုမရှိဘူးလို့ သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေးကပြောပါတယ်။

ရွေးကောက်ပွဲကော်မရှင်နဲ့ ပတ်သက်ပြီး တပ်မတော်ရဲ့ထုတ်ပြန်ချက်ဟာ တိကျသေချာမှုမရှိတဲ့ ပြောကြားချက်တွေကို အခြေခံထားပြီး ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် အထောက်အကူမပြုဘဲ မတည်မငြိမ်ဖြစ်စေရေးကို အားပေးရာရောက်နေတယ်လို့ ဦးဇော်ဌေးက ပြောခဲ့ပါတယ်။

လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ရေးဟာ အစိုးရဦးစားပေးမူဝါဒဖြစ်တယ်လို့ပြော
ဓာတ်ပုံ ပုံစာ, လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ရေးဟာ အစိုးရဦးစားပေးမူဝါဒဖြစ်တယ်လို့ပြော

ရွေးကောက်ပွဲကတော့ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ၈၄ ရာခိုင်နှုန်းနီးပါးနဲ့ တောင်ပြိုကမ်းပြို အနိုင်ရခဲ့ပါတယ်။

ရွေးကောက်ပွဲအပြီးမှာတော့ တပ်မတော်သားများနဲ့ မိသားစုဝင်များ ဆန္ဒမဲပေးခဲ့တဲ့ မြို့နယ် ၂၁၈ မြို့နယ်က ရွေးကောက်ပွဲ ဖြစ်စဉ်တွေကို ပြန်လည် သုံးသပ်နေပြီး စိစစ် တွေ့ရှိချက်များအရ လိုအပ်ပါက သက်ဆိုင်ရာ မဲဆန္ဒနယ်မှ မဲဆန္ဒရှင်များက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ရွေးကောက်ပွဲ ကန့်ကွက်လွှာတွေကို တင်သွင်းသွားမယ်လို့ တပ်မတော်က နိုဝင်ဘာ ၃၀ရက်နေ့မှာ ထုတ်ပြန်လာခဲ့ပြန်ပါတယ်။

လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲအဖြစ် အများပြည်သူက သံသယကင်းရှင်းစွာ အသိအမှတ် ပြုနိုင်ရေးနဲ့ ဒီမိုကရေစီ အနှစ်သာရဖြစ်တဲ့ တရားဥပဒေ ကို လေးစား လိုက်နာခြင်း အလေ့အထကောင်းတွေနဲ့ အတူ အနာဂတ် မြန်မာ့နိုင်ငံရေးလမ်းကြောင်းကို ပိုဖြောင့်ဖြူးစွာ တက်လှမ်းနိုင်ဖို့လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီရွေးကောက်ပွဲမှာ တပ်မဲရုံတွေတပ်ပြင် ပထမဆုံးထုတ်ခဲ့ပြီး တပ်မတော်သားတွေလွတ်လပ်စွာမဲပေးခွင့်ရခဲ့တယ်လို့ တပ်ဘက်က ပြောကြားထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MYO THIHA KYAW /MPA

ဓာတ်ပုံ ပုံစာ, ဒီရွေးကောက်ပွဲမှာ တပ်မဲရုံတွေတပ်ပြင် ပထမဆုံးထုတ်ခဲ့ပြီး တပ်မတော်သားတွေလွတ်လပ်စွာမဲပေးခွင့်ရခဲ့တယ်လို့ တပ်ဘက်က ပြောကြားထားပါတယ်။

တပ်မတော် အနေနဲ့လည်း ရွေးကောက်ပွဲဆိုင်ရာ ကိစ္စတွေမှာ အခုလို ဆောင်ရွက်ခွင့်ရှိတယ်လို့ အခြေခံဥပဒေ တပ်မတော်ဆိုင်ရာ ပြဌာန်းချက်တွေမှာ ထည့်သွင်းထားတာ မရှိသလို၊ ၁၉၅၄ ခုနှစ် တပ်မတော်အက်ဥပဒေ၊ နည်းဥပဒေတွေမှာ ရွေးကောက်ပွဲဆိုင်ရာ ဝင်ရောက် ဆောင်ရွက်ခွင့်၊ ပြန်လည် စိစစ်ခွင့် ရှိတယ်ဆိုတဲ့ ဖော်ပြချက်တွေကို ထည့်သွင်း မသတ်မှတ်ထားဘူးလို့ ဥပဒေရေးရာကျွမ်းကျင်သူ ဥပဒေအကျိုးဆောင် ဦးခင်မောင်မြင့်က ပြောပါတယ်။

အခြေခံဥပဒေ ပုဒ်မ ၄၀၂ မှာတော့ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ လုပ်ငန်းတွေနဲ့ ပတ်သတ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ အဆုံးအဖြတ်သည် အပြီးအပြတ်ဖြစ်သည်လို့ ပါရှိပါတယ်။

အခြေခံဥပဒေ ပြင်ဆင်ရေး ဥပဒေမူကြမ်း ဦးဆောင်တင်သူ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်
ဓာတ်ပုံ ပုံစာ, အခြေခံဥပဒေ ပြင်ဆင်ရေး ဥပဒေမူကြမ်း ဦးဆောင်တင်သူ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်

ရလဒ်ကောင်းမထွက်ခဲ့တဲ့ အခြေခံဥပဒေပြင်ဆင်ရေး

၂၀၁၉ ခုနှစ်ကစပြီး ကော်မတီဖွဲ့ပြီးကြိုးပမ်းလာခဲ့တဲ့ အခြေခံဥပဒေပြင်ဆင်ရေးဟာ ၂၀၂၀ မတ်လ လွှတ်တော်အတွင်း မဲခွဲတဲ့အထိ တစ်နှစ် ကျော်ကြာအောင် ဝိုင်းဝန်းကြိုးပမ်းအားထုတ်ခဲ့ပေမယ့် ရလဒ်မကောင်းခဲ့ပါဘူး။

ဒီဥပဒေတွေ ပြင်ဆင်ရေးဆွေးနွေးတဲ့အခါမှာလည်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်တွေ၊ NLD ပါတီ ကိုယ်စားလှယ်တွေ လွှတ်တော်အတွင်း ဆွေးနွေးကြရာမှာ တစ်ဖက်နဲ့ တစ်ဖက် သိက္ခာချ ပြောဆိုမှုတွေ တိုက်ခိုက်မှုတွေ ရှိခဲ့လို့ လွှတ်တော် နာယက က သတိပေးခဲ့ရပါတယ်။

ဒါ့အပြင် လွှတ်တော်နာယကကိုပါ အတိုက်အခံတွေဘက်ကဝေ ဖန်ပြောဆိုတာတွေလည်းရှိခဲ့ပါတယ်။

အန်အယ်ဒီ ဦးဆောင်တဲ့ အခြေခံ ဥပဒေပြင်ဆင်ရေး ၄၅ ဦး ပူးပေါင်းကော်မတီဟာ ပြင်ဆင်ရန် အချက်အလက် ၃၇၀၀ ကျော်ကို စုစည်းပြီး ဥပဒေကြမ်း နှစ်ခု တင်သွင်းခဲ့ပြီး တပ်မတော်သားကိုယ်စားလှယ်တွေ နဲ့ ကြံ့ခိုင်ရေးပါတီဘက်က ဥပဒေကြမ်း ငါးခု စုစုပေါင်း ဥပဒေကြမ်း ၇ ခုကို သီးခြား တင်သွင်းခဲ့တာဖြစ်ပါတယ်။ အဲဒီဥပဒေကြမ်းတွေထဲက တူရာအချက်တွေကို ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန်အဓိကကျတဲ့ ပုဒ်မ ၄၃၆(က) နဲ့ ပုဒ်မ ၄၃၆ (ခ) အောက်မှာ အဓိကထား ပြီး မဲခွဲဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

တစ်နှစ်ကျော်ကြာတဲ့အထိ ဆွေးနွေးငြင်းခုံမှုတွေအပြီး အခြေခံဥပဒေပြင်ဆင်ရေး ပုဒ်မ ၁၃၅ ခုအပေါ် ကိုးရက်တိုင်တိုင် မဲခွဲခဲ့ရာမှာ လေးခုကိုသာ ပြင်ဆင်နိုင်ခဲ့ပါတယ်။ ထိုပုဒ်မနှစ်ခုမှာလည်း 'မသန်မစွမ်း' နှင့် 'မသန်စွမ်း' ကဲ့သို့သော ဝေါဟာရပြင်ဆင်ချက်သာဖြစ်ပြီး အရေးပါတဲ့ ပုဒ်မ ၅၉ စလို့ ၊ ၂၆၁ (က) လိုပုဒ်မတွေ ပြင်ဆင်နိုင်ခဲ့ခြင်းမရှိပါဘူး။

အခြေခံဥပဒေကို စကားလုံးအနည်းငယ်လောက်ကလွဲပြီး ကြီးကြီးမားမားပြင်ဆင်နိုင်ခဲ့တာမရှိခဲ့ပါဘူး။

ဓာတ်ပုံ ရင်းမြစ်, PYIDAUNGSU HLUTTAW

ဓာတ်ပုံ ပုံစာ, အခြေခံဥပဒေကို စကားလုံးအနည်းငယ်လောက်ကလွဲပြီး ကြီးကြီးမားမားပြင်ဆင်နိုင်ခဲ့တာမရှိခဲ့ပါဘူး။

လက်ရှိ အခြေခံဥပဒေထဲက အချက်တွေကို ပြင်ချင်ရင် လွှတ်တော်ထဲက ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းနဲ့အထက် ကထောက်ခံမှ ပြင်လို့ရမယ်ဆိုတဲ့ အချက်က အဓိက အဆုံးအဖြတ်ပေးသွားခဲ့တာဖြစ်ပါတယ်။

တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း အလိုအလျောက် နေရာယူထားတဲ့ လွှတ်တော်မှာ သူတို့ ထောက်ခံမဲ မရဘဲ ၂၀၀၈ အခြခံဥပေဒ ပြင်ဖို့က သိပ်ကို ခဲယဉ်းတယ်ဆိုတာ ကို သက်သေပြသွားခဲ့တာဖြစ်ပါတယ်။

ရခိုင်မြောက်ပိုင်းက စစ်ဆင်ရေးတွေမှာ ရိုဟင်ဂျာတွေ အပေါ် ရက်ရက်စက်စက် နှိမ်နင်းခဲ့ပြီး ရွာလုံးကျွတ် မီးရှို့ခဲ့တယ်လို့ စွပ်စွဲခံရ
ဓာတ်ပုံ ပုံစာ, ရခိုင်မြောက်ပိုင်းက စစ်ဆင်ရေးတွေမှာ ရိုဟင်ဂျာတွေ အပေါ် ရက်ရက်စက်စက် နှိမ်နင်းခဲ့ပြီး ရွာလုံးကျွတ် မီးရှို့ခဲ့တယ်လို့ စွပ်စွဲမှုတွေရှိထားပါတယ်။

အိုင်စီစီရောက် မြန်မာစစ်သားနှစ်ဦး

မြန်မာစစ်သားနှစ်ဦး အိုင်စီစီမှာ သက်သေထွက်ဆိုဖွယ်ရှိတယ်လို့ လူ့အခွင့်ရေးလှုပ်ရှားတဲ့ Fortify Rights က စက်တင်ဘာလ အတွင်း ထုတ်ဖော်ပြောကြားခဲ့ပြီး အဲဒီ မြန်မာစစ်သားနှစ်ဦးဟာ ICC ရုံးစိုက်ရာ နယ်သာလန်နိုင်ငံ သည်ဟိဂ် မြို့ကို ရောက်ရှိ လာတယ် လို့ တယ်လို့လည်းစက်တင်ဘာလ အတွင်းက ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီ တပ်သား နှစ်ယောက်ကို အေအေ ရက္ခိုင့်တပ်တော်က မေးမြန်းထားတဲ့ မေးမြန်းခန်းတွေကို ထုတ်ပြန်ချက်အတိုင်မီ အွန်လိုင်းတွေပေါ်မှာ ပျံ့နှံ့လာခဲ့ပါတယ်။

အဲဒီထဲမှာ သူတို့ကို အထက် တပ်မတော်အရာရှိတွေက စေခိုင်းခဲ့တဲ့ အတွက် ရိုဟင်ဂျာတွေကို သတ်ဖြတ်မှုတွေ အပါအဝင် ကိုယ်တိုင် ပြစ်မှုတွေ ကျူးလွန်ခဲ့တာရှိတဲ့အကြောင်း ဝန်ခံ ပြောဆိုထားကြတာတွေ Fortifiy Rights အဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။

စစ်သားတွေက မြန်မာစစ်တပ်က ဒီအမှုတွေ တိုက်ရိုက်ကျူးလွန်တဲ့ ပြစ်မှုကျူးလွန်သူ ဆိုသူ ၁၉ ဦး ရဲ့အမည်တွေနဲ့ ရာထူးတွေကိုပါထုတ်ဖော်ခဲ့ပြီး၊ မြန်မာစစ်တပ်က အကြီးတန်း အရာရှိ ၆ ဦး က သူတို့ကိုအမိန့်ပေးခဲ့ကြောင်းနဲ့ ဒုဗိုလ်မှူးကြီး၊ ဗိုလ်မှူးကြီးတစ်ဦး၊ ဗိုလ်ကြီးသုံးဦး နဲ့သူတို့ဟာ ဒီရက်စက်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်ကို သိန်းချီထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ

ဓာတ်ပုံ ရင်းမြစ်, DIBYANGSHU SARKAR

ဓာတ်ပုံ ပုံစာ, ဘင်္ဂလားဒေ့ရှ်ကို သိန်းချီထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ

အရာရှိတွေက " ရိုဟင်ဂျာ တွေကို အမြစ်ပြတ် သုတ်သင်ကြ၊ " တွေ့သမျှ မြင်သမျှ အကုန်ပစ်ကြ " "ဒီနေရာက ရိုဟင်ဂျာတွေကို အကုန်သတ်ကြ" ဆိုပြီး အမိန့်ပေးခဲ့ကြောင်းလည်း သူတို့က ထွက်ဆိုခဲ့တယ်လို့လည်း သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံကို စုံစမ်းစစ်ဆေးဖို့ အိုင်စီစီ နိုင်ငံတကာ ရာဇဝတ်ခုံရုံးက ၂၀၁၉ အောက်တိုဘာလ ၁၄ ရက်နေ့မှာ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

မြန်မာ အစိုးရဘက်ကတော့ မြန်မာက အိုင်စီစီရဲ့ အဖွဲ့ဝင်နိုင်ငံ မဟုတ်သလို အိုင်စီစီအနေနဲ့ မြန်မာနိုင်ငံအပေါ်စုံစမ်းမှု ပြုလုပ်ခြင်းဟာ နိုင်ငံတကာ ဥပဒေနဲ့မညီဘူးလို့ တုံ့ပြန်ထားခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခအတွင်း ရိုဟင်ဂျာတွေအပေါ် သတ်ဖြတ်တာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာ၊ အတင်းအကျပ် ပြောင်းရွှေ့စေတာတွေ ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲ ခံထားတဲ့ ကိစ္စရပ်တွေကို ကနဦး စစ်ဆေးမှုတွေ လုပ်မယ်လို့ နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး (အိုင်စီစီ)က ၂၀၁၈ တုန်းကထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်တွေနဲ့ မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက နိုင်ငံတကာ တရားရုံး အိုင်စီဂျေမှာ တရားစွဲထားပြီး တရားရုံးက မြန်မာကလိုက်နာဆောင်ရွက်ရမယ့် ကြားဖြတ်အစီအမံလေးချက် ချထားပါတယ်။

No caption

ဓာတ်ပုံ ရင်းမြစ်, KOEN VAN WEEL

မြန်မာစစ်သားနှစ်ဦး အိုင်စီစီ ရာဇဝတ် တရားရုံးမှာ သက်သေထွက်ရင် ဒီအမှုနဲ့ဆက်စပ်ပြီး အမိန့်ပေးတဲ့ အထက် အရာရှိတွေနဲ့ပတ်သက်တဲ့ ကွင်းဆက်တွေ ဆက်တွေပေါ်လာနိုင်တယ်လို့ နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံး ဖြစ်စဉ်တွေကို အဆက်မပြတ်လေ့လာနေတဲ့ လူ့အခွင့်အရေးရှေ့နေ၊ ဖက်ဒရယ် ဥပဒေ အကယ်ဒမီ ကျောင်းအုပ်ကြီး ဦးအောင်ထူးက ဘီဘီစီကို ပြောခဲ့ပါတယ် ။

အိုင်စီစီ တရားရုံးမှာ ရိုဟင်ဂျာ အမှု ထွက်ဆိုဖွယ် ရှိတဲ့ စစ်သား နှစ်ယောက်ဟာ ရက္ခိုင့်တပ်တော် အေအေက ဖမ်းသွားတဲ့ သူတို့ရဲ့ တပ်သားတွေ ဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့က ဗိုလ်ချုပ် ဇော်မင်းထွန်းက ဘီဘီစီကို ပြောခဲ့ပြီး ဒီစစ်သည်တွေရဲ့ ပြောကြားချက်တွေမှာ ခြိမ်းခြောက်ခံရပြီး ပြောတဲ့ပြောကြားချက်တွေရှိကြောင်းနဲ့ သူတို့ရဲ့ ဗီဒီယိုဖိုင်တွေ ထွက်လာကတည်းက မြေပြင်စုံစမ်းမူတွေ ပြုလုပ်ခဲ့ပြီး ကွဲလွဲချက်တွေ ရှိကြောင်းလည်း ဗိုလ်ချုပ် ဇော်မင်းထွန်းက တုံ့ပြန်ခဲ့ပါတယ်။

ဧပြီ ၃၀ ရက်နေ့ က ရန်ကုန်ရှိအထည်ချုပ်လုပ်ငန်းခွင် တစ်ခု မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဧပြီ ၃၀ ရက်နေ့ က ရန်ကုန်ရှိအထည်ချုပ်လုပ်ငန်းခွင် တစ်ခု မြင်ကွင်း

ကပ်ရောဂါအကြောင်းပြပြီး အလုပ်သမားအရေးလှုပ်ရှားသူထောင်ချီအလုပ်ထုတ်ခံရ

ကိုဗစ်ဒုတိယလှိုင်းမတိုင်ခင် ဇူလိုင်လအတွင်း မြန်မာက အထည်ချုပ်စက်ရုံလုပ်သားတွေဟာ စက်ရုံတွေကနေ အော်ဒါတွေမရတော့တဲ့အတွက် သောင်းနဲ့ချီပြီး အလုပ်လျှော့ခံရတဲ့အထဲ ပါဝင်ခဲ့ပါတယ်။

ဒီလို အလုပ်လျှော့ခံရတဲ့ အထဲမှာ အလုပ်ရှင် တော်တော်များများဟာ အလုပ်သမား သမဂ္ဂတွေမှာ ဝင်ရောက်လုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေကို ဦးတည်ပြီး အလုပ်ထုတ်တာတွေ လုပ်နေတဲ့အတွက် အလုပ်သမား ဥပဒေကို လေးစားလိုက်နာမှု မရှိတဲ့ အလုပ်ရှင်တွေကို အရေးယူပေးဖို့ တိုင်ကြား တာတွေလည်းရှိခဲ့ပါတယ်။

အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်က အဖွဲ့ဝင် ၃၀၀၀ လောက် အလုပ်လျှော့တဲ့ အထဲမှာပါနေတာကြောင့် အစိုးရဘက်ကို တိုင်ကြားခဲ့ တယ်လို့ မြန်မာနိုင်ငံ အထည်ချုပ် အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (Federation of Burmar Worker Myanmar) ရဲ့ တာဝန်ခံ မမိုးစန္ဒာမြင့်က ဘီဘီစီကို ပြောခဲ့ပါတယ်။

ဒီလို အလုပ်ထုတ်မှုတွေဟာ ဒီဇင်ဘာလ တတိယပတ်လောက်အထိ ဆက်လက်ဖြစ်ခဲ့ပြီး ဒီဇင်ဘာလ ၁၉ ရက်နေ့ က လှိုင်သာယာ ရွှေသံလွင် စက်မှုဇုန်က အလုပ်သမားသမဂ္ဂ အဖွဲ့ဝင် ၃၀၀ ခန့်အလုပ်ထုတ် ခံခဲ့ရတယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေဘက်က ပြောပါတယ်။

ရန်ကုန်တိုင်း‌ဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဒေါ်မိုးမိုးစုကြည် နဲ့တိုင်ရီစက်ရုံလုပ်သားများ

ဓာတ်ပုံ ရင်းမြစ်, MPA

ဓာတ်ပုံ ပုံစာ, ရန်ကုန်တိုင်း‌ဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဒေါ်မိုးမိုးစုကြည် နဲ့တိုင်ရီစက်ရုံလုပ်သားများ

မန္တလေးတိုင်းမှာလည်း ကိုဗစ်ကပ်ရောဂါ ကာလအတွင်း အလုပ်သမားပေါင်း ၆၀၀ ဝန်းကျင်ကို အလုပ်ထုတ်ခံရပြီး၊ အဲဒီထဲက အများစုဟာ အလုပ်သမားသမဂ္ဂ အဖွဲ့ထဲ ဝင်ရောက်သူတွေဖြစ်လို့ အထုတ်ခံရတာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ စက်မှုလက်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားများ သမဂ္ဂအဖွဲ့ချုပ်က ဒီဇင်ဘာ(၁၀)ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။

ကိုဗစ်ကာလအတွင်း အလုပ်သမားတွေကို အလုပ်ကနေ ထုတ်ပယ်တာတွေ ရှိလာပြီး တချို့ လုပ်ငန်းရှင်တွေကတော့ အမှန်တကယ် စီးပွားရေး လုပ်ငန်းတွေမှာ အရှုံးပေါ်တာကြောင့် ထုတ်တာဖြစ်သလို တချို့ လုပ်ငန်းရှင်တွေကတော့ အကြောင်းမဲ့ အလုပ်သမားတွေ အပေါ် လုပ်ငန်းရပ်စဲတာတွေ ရှိတယ်လို့ လုပ်ငန်းရှင်တစ်ချို့က ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် အတွင်းအလုပ်သမားတွေကို လုပ်ခလစာ မပေးဘဲ အလုပ်ရှင်ထွက်ပြေးသွားတဲ့ စက်ရုံ ၃ ရုံ ခန့်ရှိခဲ့ပြီး လှိုင်သာယာ ရွှေလင်ပန်းစက်မှုဇုန်က Su Xing အထည်ချုပ်စက်ရုံက လုပ်ငန်းရှင်ဟာ အလုပ်သမား ၃၂၀ နီးပါးကို လစာမပေဘဲ ထွက်ပြေးခဲ့ပြီး အဲ့ဒီစက်ရုံ က အလုပ်သမားတွေဟာ အခုဒီဇင်ဘာလ အထိ လုပ်ခလစာတွေ မရသေးပါဘူး။

အခုလိုကာလမှာ အလုပ်သမား အဖွဲ့အစည်းတွေနဲ့ လုပ်ငန်းရှင်တို့ကြား ပဋိပက္ခတွေမျိုးစုံ ရှိနေနိုင်ပြီး လုပ်ငန်းရှင်တွေဘက်က လုပ်ငန်းခွင် စည်းကမ်းချိုးဖောက်တဲ့ အလုပ်သမားကို ထုတ်ပယ်ခွင့်ရှိတယ်လို့ အထည်ချုပ် လုပ်ငန်းရှင်တွေဘက်က ဆိုပါတယ်။

မူလတာဝန်ကို ပျက်ကွက်လို့ အရေးယူတာကို သမဂ္ဂတာဝန်ယူလို့ဆိုပြီး တံဆိပ်ကပ်လို့ မရသလို အဲဒီလို အလုပ်သမားဥပဒေကို ချိုးဖောက်တဲ့ လုပ်ငန်းရှင်တွေကိုလည်း ထိထိရောက်ရောက် အရေးယူ သင့်တယ်လို့ လည်းလုပ်ငန်းရှင်တွေဘက်က ပြောကြပါတယ်။

CMP စနစ်နဲ့ ကုန်ကြမ်းတွေကို ပြည်ပကတင်သွင်းပြီး ချုပ်လုပ်လျက်ရှိတဲ့ အထည်ချုပ်စက်ရုံတွေအနက် ကိုဗစ်ကာလအတွင်း အထည်ချုပ်စက်ရုံ ၄၂ ရုံအပြီးပိတ်သိမ်းခဲ့ပြီး အလုပ်သမားလေးသောင်းကျော်အလုပ်လက်မဲ့ဖြစ်ခဲ့ကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်း ကသိရပါတယ်။

တရုတ်နိုင်ငံဟာ မြန်မာ့ဆန်စျေးကွက်ရဲ့ အဓိကအားထားရာ စျေးကွက်ဖြစ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တရုတ်နိုင်ငံဟာ မြန်မာ့ဆန်စျေးကွက်ရဲ့ အဓိကအားထားရာ စျေးကွက်ဖြစ်

မြန်မာဆန်ကုန်သည်တွေ သိန်းပေါင်‌သောင်းချီ အလိမ်ခံရမှု

ပြီးခဲ့တဲ့ နိုဝင်ဘာလ က မူဆယ်ကတစ်ဆင့် တရုတ်ကိုတင်ပို့ထားတဲ့ ကျပ်သိန်းပေါင်း သောင်းချီရှိတဲ့ မြန်မာကုန်သည်တွေရဲ့ဆန်ဖိုးငွေတွေ မရဘဲ တရုတ်ဘက်ကကုန်သည် ထွက်ပြေးသွားခဲ့ပါတယ်။

ငွေပေးချေခြင်းမရှိသေးတဲ့ တရုတ်ကုန်သည်ကို မြန်မာကုန်သည်တွေဘက်ကရောင်းချထားတဲ့ဆန်ဖိုးဟာ မြန်မာငွေကျပ်သိန်းပေါင်း နှစ်သောင်းကျော်ဖိုး ဝန်းကျင်ရှိတယ်လို့လည်း မူဆယ် ဆန်စပါးကုန်စည်ဒိုင်ဒုတိယဥက္ကဌဖြစ်သူဦးမင်းသိန်းက ဘီဘီစီကို ပြောပြပါတယ်။

အဲဒီ တရုတ်ကုန်သည်ဟာ မြန်မာကုန်သည်တွေဆီကတင် မဟုတ်ဘဲ ရွှေလီအခြေစိုက် ကုန်သည်တွေဆီကလည်း သိန်းပေါင်း ရှစ်သောင်းကျော် လိမ်လည်သွားခဲ့ပြီး စုစုပေါင်း သိန်းပေါင်း တစ်သိန်းကျော် ဖြစ်တယ်လို့လည်း မူဆယ်အခြေစိုက်ဆန်ကုန်သည်တစ်ဦးကပြောပါတယ်။

မူဆယ်နယ်စပ်ကတစ်ဆင့် မြန်မာ့ဆန် တရားဝင်တင်ပို့ ရောင်းချနိုင်ဖို့ နှစ်ဘက် ကုမ္ပဏီတွေအကြား ၂၀၁၉ခုနှစ်က သဘောတူစာချုပ် ချုပ်ဆိုခဲ့

ဓာတ်ပုံ ရင်းမြစ်, AFP/Getty Images

ဓာတ်ပုံ ပုံစာ, မူဆယ်နယ်စပ်ကတစ်ဆင့် မြန်မာ့ဆန် တရားဝင်တင်ပို့ ရောင်းချနိုင်ဖို့ နှစ်ဘက် ကုမ္ပဏီတွေအကြား ၂၀၁၉ခုနှစ်က သဘောတူစာချုပ် ချုပ်ဆိုခဲ့

ဒီဇင်ဘာလထဲမှာ တော့ မူဆယ်နယ်စပ်က တစ်ဆင့် တရုတ်နိုင်ငံဘက်ကို တင်ပို့ရောင်းချထားတဲ့ မြန်မာကုန်သည်တွေရဲ့ ဆန်ဖိုးငွေ ကျပ်သိန်းပေါင်း နှစ်သောင်းကျော်ကို မူဆယ် ကုန်စည်ဒိုင်မှာ စာရင်းကောက်ပြီး စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကို တင်ပြကာ အကူအညီ တောင်းခံသွားမယ်လို့ မူဆယ်နယ်စပ်ဆန်ကုန်သည်အသင်း ဒုဥက္ကဋ္ဌ ဦးမင်းသိန်းက ပြောပါတယ်။

အရင်ကလည်း တရုတ်ကိုဆန်တင်ပို့တဲ့ မြန်မာကုန်သည်တွေအနေနဲ့ ငွေကြေးလိမ်လည် ခံရတာတွေ ရှိခဲ့ဖူးပြီး တရားမဝင် ရောင်းချခဲ့ရတာဖြစ်လို့ ငွေကြေး ပြန်ရတာမျိုးတော့ မရှိဘူးလို့ ဆိုပါတယ်။

လက်ရှိ မူဆယ်ကတစ်ဆင့် ဆန်တင်ပို့မှုဟာ တရုတ်ကနေ ခွဲတမ်း ကိုတာ ရလို့ တင်သွင်းခွင့်ရထားတဲ့ ကုန်သည်တွေကနေ တရားဝင်လမ်းကြောင်းကနေပဲ တင်သွင်းနေတာဖြစ်ပြီး ငွေကြေးလိမ်လည်ခံရတာမျိုးတွေ မရှိဘဲ ဒီတစ်ကြိမ်ဟာ တရားဝင်တင်သွင်းတဲ့ လမ်းကြောင်းကနေ လိမ်လည်ခံရတာ ပထမဆုံးလို့ ဦးမင်းသိန်းက ပြောပါတယ်။

no caption

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဒီ‌‌ငွေကြေး အရှုပ် အရှင်းကိစ္စမှာ အဓိက တာဝန်ရှိသူဟာ တရုတ်ကုန်တရုတ်နိုင်ငံ ဟူပေပြည်နယ်မှ ဆန်ကုမ္မဏီပိုင်ရှင်ဖြစ်ပြီးတော့ ရွှေလီမြို့ နဲ့ဝမ်တိမ်မြို့တို့က သူပိုင်ဆိုင်တဲ့ ဆန်စက်နှစ်ခုကို ဒီဇင်ဘာလ ၅ ရက်နေ့က အကြွေးရရန်ရှိတဲ့သူတွေက တစ်စစီ ဖြုတ်ယူသွားတဲ့လို့ သိရပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာ လအတွင်းက စပြီးတော့ တရုတ်နယ်စပ်ကို ဆန်နဲ့ ဆန်ကွဲတင်ပို့နေရမှုတွေဟာ အရင်နှစ်တွေကနဲ့မတူဘဲ အမြောက်အမြား တင်ပို့ရောင်းချနေရပြီးတော့ လာမယ့်၂၀၂၁ မှာ အခုထက်ပိုပြီး အလားအလာကောင်းနိုင်တယ်လို့ နယ်စပ်ကုန်သည်တွေက ပြောပါတယ်။

ဒါပေမယ့် နှစ်နိုင်ငံ ငွေပေးချေတဲ့ ဘဏ်စနစ်ဟာ အဆင်ပြေမှု မရှိတာကြောင့်မြန်မာကုန်သည်တွေက အခုလို‌ငွေကြေး အရှုပ်အရှင်းတွေ ထပ်ဖြစ်လာမှာကိုလည်းစိုးရိမ်နေကြ ပါတယ်။

မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်အသင်းချုပ်ကတော့ နယ်စပ်ကုန်သည်တွေအနေနဲ့ တရုတ်နိုင်ငံဘက်ကို ဆန်တင်ပို့ရောင်းချတဲ့ အခါမှာတရုတ်နိုင်ငံအတွင်းကို တရားဝင်ဆန်တင်သွင်းခွင့်ရှိတဲ့ကုမ္ပဏီတွေကိုပဲ ရောင်းချဖို့နဲ့ ‌‌ငွေကြေးဆုံးရှုံးမှုတွေ မရှိဖို့အတွက်စာချုပ်စာတမ်း စနစ်တကျချုပ်ဆိုကြဖို့ နိုဝင်ဘာလ အတွင်းက နှိုးဆော်ခဲ့ပါတယ်။

အပိုင်း ၁ ကို ဒီနေရာမှာ ဖတ်ပါ။

အပိုင်း ၂ ကို ဒီနေရာမှာ ဖတ်ပါ။

ဗီဒီယို ပုံစာ, ကိုဗစ်ကပ်ကြီးအတွင်း သီလရှင်ဆရာလေးတွေရဲ့ အကျပ်အတည်း