၂၀၂၀ အတွင်း ထူးခြားတဲ့ သတင်းဖြစ်ရပ်များ-အပိုင်း ၂

ရေးသားခဲ့သည်။

ရွေးကောက်ပွဲဝင်မယ့်‌ ကိုယ်စားလှယ်လောင်း ၃ ဦး အဖမ်းခံထားရသလို အနိုင်ရပြီး ကိုယ်စားလှယ်တစ်ဦး ရှမ်းပြည်နယ်ထဲမှာ လုပ်ကြံခံရတာ ၊ လူ၁၇၀ ကျော် သေဆုံးခဲ့တဲ့‌ ဖားကန့်က စံချိန်တင်မြေပြိုမှုတွေအပြင် တပ်မတော်ရဲ့ ပထမဆုံး ရေငုပ် သင်္ဘော စစ်ရေးလေ့ကျင်တာ၊ ကယားဝန်ကြီးချုပ်ကို လွှတ်တော်က ဖြုတ်ချလိုက်တာ၊ ကိုယ်စားလောင်း တစ်ထောင်ကျော် ဝင်ပြိုင်မယ့် နှင်းဆီပါတီ ဖျက်သိမ်းခံရတဲ့ သတင်းတွေက ၂၀၂၀ ပြည့်နှစ်ထဲမှာ ထူးထူးခြားခြား ရှိခဲ့ပါတယ်။

အန်အယ်ဒီ ကိုယ်စားလှယ်လောင်းတွေ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေး

ဓာတ်ပုံ ရင်းမြစ်, AA

ဓာတ်ပုံ ပုံစာ, အန်အယ်ဒီ ကိုယ်စားလှယ်လောင်းတွေ ပြန်လည် လွတ်မြောက်လာခြင်းမရှိသေး

NLD အမတ်ချို့ ဖမ်းဆီးမှု၊ လုပ်ကြံသတ်ဖြတ်မှုတွေ ကြုံခဲ့ရ

၂၀၂၀ နိုဝင်ဘာလ ၈ ရက် နေ့မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမတိုင်မီ မှာ NLD ရဲ့ တောင်ကုတ်မြို့နယ်က ကိုယ်စားလှယ်လောင်း ၃ ဦး ကို ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွေ လုပ်နေ စဉ်မှာ အေအေ လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသလို ရွေးကောက်ပွဲ အနိုင်ရခဲ့တဲ့ NLD ပါတီ ရဲ့ ကျောတ်မဲမြို့နယ်က ကိုယ်စားလှယ် နေအိမ်မှာ သေနတ်နဲ့ အပစ်ခံရပြီး သေဆုံးသွားခဲ့ပါတယ်။

တောင်ကုတ်မြို့နယ်မှာ မဲဆွယ်စည်းရုံးရေးဆင်းနေတဲ့ ဒေါ်ချစ်ချစ်ချော ၊ ဒေါ်နီနီမေမြင့်နဲ့ ဦးမင်းအောင် တို့ကို အောက်တိုဘာ ၁၄ ရက် မနက်ပိုင်း ၁၁ နာရီကျော်လောက်မှာ တောင်ကုတ်မြို့နယ် အနောက်ဘက် ဖောင်းခါးကျေးရွာမှာ လက်နက်ကိုင်ဆောင်ထားတဲ့ အရပ်ဝတ်နဲ့ လူငါးယောက်လောက်က လာရောက်ခေါ်ဆောင်သွားတာ ဖြစ်ပါတယ် ။

သူတို့ ၃ ယောက်ကို စစ်ဆေးမေးမြန်းဖို့ ခေါ်ဆောင်ထားခြင်းဖြစ်ပြီး ကာလတစ်ခုအထိ ထိန်းသိမ်းစစ်ဆေးသွားမယ်လို့ ရက္ခိုင့်တပ်တော် (အေအေ) လက်နက်ကိုင်အဖွဲ့က အောက်တိုဘာ ၁၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အန်အယ်လ်ဒီအစိုးရက ဖမ်းဆီးထားတဲ့ နိုင်ငံရေးသမားတွေ ပြည်သူတွေနဲ့ ငြိမ်းချမ်းရေးအတွက် ဆန္ဒပြခဲ့တဲ့ ကျောင်းသားတွေကို ပြန်လွှတ်ပေးရင် အခုဖမ်းထားတဲ့ အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်း ၃ ယောက်ကို ပြန်လွှတ်ပေးမယ်လို့လည်း အေအေဘက်က တောင်းဆိုထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလက စစ်တွေမြို့မှာရှိတဲ့ ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့က စစ်ဆန့်ကျင်ရေးတောင်းဆိုတဲ့ ဆန္ဒပြ

ဓာတ်ပုံ ရင်းမြစ်, MORN HTEET/MPA

ဓာတ်ပုံ ပုံစာ, ပြီးခဲ့တဲ့ စက်တင်ဘာလက စစ်တွေမြို့မှာရှိတဲ့ ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့က စစ်ဆန့်ကျင်ရေးတောင်းဆိုတဲ့ ဆန္ဒပြ

ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမှာ တောင်ကုတ်၊ သံတွဲ၊ မာန်အောင်၊ ဂွမြို့နယ်တွေမှာ အန်အယ်ဒီ ပါတီအနိုင်ရရှိခဲ့သလို အဲ့ဒီမြို့နယ်တွေဟာ အန်အယ်ဒီ အတွက်ထောက်ခံမှု အများဆုံးရရှိထားတဲ့မြို့နယ်တွေ ဖြစ်ပါတယ်။

ပါတီပြောခွင့်ရ ဒေါက်တာမျိုးညွန့်ကတော့ ကိုယ်စားလှယ်လောင်းတွေ လွတ်မြောက်ရေးကို ပါတီက ကြိုးပမ်းနေပြီး လက်နက်ကိုင်တွေနဲ့ တိုက်ရိုက်ဆက်သွယ်ပြောဆိုတဲ့လမ်းကြောင်းတော့ အန်အယ်လ်ဒီမှာ မရှိဘူးလို့ ပြောထားပါတယ်။

ရွေးကောက်ပွဲအပြီး ရခိုင်မှာ တိုက်ပွဲရပ်ပြီး တပ်မတော် နဲ့ အေအေလက်နက်ကိုင် အဖွဲ့တို့ တွေ့ဆုံဆွေးနွေးမှုတွေ ရှိခဲ့ပေမယ့် အခုအချိန်အထိတော့ ဒီအမတ် လောင်းသုံးဦး ပြန်လည်လွတ်မြောက်လာတာ မရှိသေးပါဘူး။

No caption

ဓာတ်ပုံ ရင်းမြစ်, NLD

ဒါ့အပြင် ကျောက်မဲမြို့နယ် ပင်တိန်ရွာက နေအိမ်မှာ နိုဝင်ဘာလ ၂၁ ရက်နေ့ည ၆ နာရီလောက်က ကျောက်မဲခရိုင်က NLD ပါတီကိုယ်စားပြု ရွေးကောက်ပွဲအနိုင်ရ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးထိုက်ဇော် သေနတ်နဲ့ ပစ်ခံရလို့ သေဆုံးသွားခဲ့ပါတယ်။

အခုအချိန်အထိတော့ သူ့ကို ဘယ်အဖွဲ့က လုပ်ကြံတာ၊ ဘယ်သူက လုပ်ကြံခဲ့တယ်ဆိုတာ မသိရသေးပါဘူး။

ဦးထိုက်ဇော်ဟာ ဒေသခံပါတီတွေ လွှမ်းမိုးခဲ့တဲ့ ကျောက်မဲမှာ နှစ်၃၀ အတွင်း ပထမဆုံး အနိုင်ရတဲ့ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ် လည်း ဖြစ်ပါတယ်။

ပင်တိန်ကျေးရွာရှိ နေအိမ်ဈေးဆိုင်အတွင်း နိုဝင်ဘာလ ၂၁ ရက်နေ့ညနေပိုင်းက ဦးထိုက်ဇော်ဟာ ကွမ်းယာနေစဉ် အမည်မသိ လူနှစ်ဦး ဆိုင်ကယ်တစီးနဲ့ လာရောက် ပစ်ခတ်သွားတာဖြစ်တယ်လို့ ရှမ်းပြည်နယ်အခြေစိုက် သတင်းဌာနတွေက ဖော်ပြပါတယ်။

ဦးထိုက်ဇော် သေနတ်နဲ့ လုပ်ကြံခံရမှုဟာ ရွေးကောက်ပွဲနဲ့ဆိုင်တယ်လို့ အကြမ်းဖျဉ်း ပြောနိုင်ကြောင်း ကျောက်မဲမြို့နယ် အမျိုးသား ဒီမိုက‌ရေစီ အဖွဲ့ချုပ်အောင်နိုင်ရေး အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ဦးထိုက်ဇော် သေနတ်နဲ့ လုပ်ကြံခံရမှုဟာ ရွေးကောက်ပွဲနဲ့ဆိုင်တယ်လို့ပြောဆိုမှုတွေရှိ

ဓာတ်ပုံ ရင်းမြစ်, NLD

ဓာတ်ပုံ ပုံစာ, ဦးထိုက်ဇော် သေနတ်နဲ့ လုပ်ကြံခံရမှုဟာ ရွေးကောက်ပွဲနဲ့ဆိုင်တယ်လို့ပြောဆိုမှုတွေရှိ

ဦးထိုက်ဇော်ဟာ တောင်တွင်းကြီးဇာတိ ဗမာ လူမျိုး ဖြစ်ပြီးတော့ ရွေးကောက်ပွဲမှာ မဲအရေတွက်ရာမှာ အကြိတ်အနယ်ရှိခဲ့ပြီး ပြိုင်ဘက် SNLD ပါတီ ကိုယ်စားလှယ်လောင်းကို ၅၄ မဲအကွာနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ ကျောက်မဲခရိုင်အတွင်း နိုင်ငံရေး ပါတီပေါင်း (၁၀)ပါတီ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။

အဲ့ဒီဒေသ မှာလက်နက်ကိုင်အဖွဲ့က ပစ်ခတ်လုပ်ကြံမှုတွေ မကြာခဏရှိခဲ့ပြီးတော့ တရားခံကို ဖမ်းဆီးရမိလေ့ မရှိပါဘူး။

ဦးထိုက်ဇော်ဟာ ရွေးကောက်ပွဲကော်မရှင်ကနေ ကျောက်မဲခရိုင် အမှတ်(၁)မဲဆန္ဒနယ် အမျိုးသားလွှတ်တော် အနိုင်ရကိုယ်စားလှယ်အဖြစ် ကြေညာပြီးဖြစ်လို့ ကိုယ်စားလှယ်အဖြစ် ရှိနေပါတယ်။

ရွေးကောက်ခံ ကိုယ်စားလှယ်တစ်ဦး အခုလို လုပ်ကြံခံရတာဟာ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲများသမိုင်းမှာ ပထမဆုံးဖြစ်စဉ်ဖြစ်လို့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေထဲမှာတောင် ဒီလိုကိစ္စရပ်မျိုးအတွက် ဖော်ပြတာ မလုပ်ထားသေးဘူးလို့ ရွေးကောက်ပွဲစောင့်ကြည့် လေ့လာသူတွေက ထောက်ပြကြပါတယ်။

သေဆုံးသူ ၁၇၄ ဦးရဲ့ ရုပ်အလောင်းတွေ ရရှိခဲ့

ဓာတ်ပုံ ရင်းမြစ်, MPA

ဓာတ်ပုံ ပုံစာ, သေဆုံးသူ ၁၇၄ ဦးရဲ့ ရုပ်အလောင်းတွေ ရရှိခဲ့

လူ ၁၇၀ ကျော် သေဆုံးခဲ့တဲ့ ဖားကန့်မြေပြိုမှု

ကချင်ပြည်နယ်က ကျောက်စိမ်းရတနာမြေ ဖားကန့်မှာ လူအသေအပျောက် စံချိန်တင်တဲ့ မြေပြိုမှု ၂၀၂၀ ၊ ဇူလိုင်လ ၂ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။

လူ ၁၇၀ ကျော် သေဆုံးခဲ့ရတဲ့ ဒီမြေပြိုမှုဖြစ်စဉ်ဟာ ဖားကန့်မှာ လူအသေအပျောက်အများဆုံး မြေပြိုမှု ဖြစ်ပါတယ်။

ဖားကန့်မြေပြိုမှုမှာ သေဆုံးသူအရေအတွက် ၂၀၀ လောက် ရှိမယ်လို့ ခန်မှန်းကြပေမဲ့ ဒါ့ထက် ပိုများနိုင်တယ်လို့ ဒီမြေပြိုမှုဖြစ်စဉ်ကနေ လွတ်မြောက်လာသူ ကိုဖြိုးသက်နိုင်က ဘီဘီစီကို ပြောခဲ့ပါတယ်။

မြေပြိုခဲ့တဲ့နေရာဟာ ကျောတ်စိမ်းတူးပြီး စွန့်ပစ်တဲ့ မြေစာပုံတွေဟာ တောင်တွေလိုဖြစ်နေပြီး အလယ်မှာ ရေစုကန်လိုဖြစ်နေတဲ့ နေရာတစ်ခု လည်းဖြစ်ပါတယ်။

အဲ့ဒီကျင်းထဲကို ဆင်းပြီး စွန့်ပစ် ရေမဆေးကျောက်ရှာသူတွေဟာ မြေပြိုကျမယ့်နေ့က မိုးရွာပြီး မြေပြိုမှုတွေရှိနေပေမယ့်လည်း သူ့ထက်ငါ အသက်လုပြီး ကျင်းထဲ ဆင်းတူးတဲ့ အချိန်မှာ လူရာနဲ့ချီပြီးမြေပြိုတဲ့ အထဲကို ပါသွားခဲ့တာလို့ အသက်ဘေးက လွတ်လာသူတစ်ဦးက ဘီဘီစီနဲ့ တွေ့ဆုံမေးမြန်းရာမှာ ပြောကြားခဲ့ပါတယ်။

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့က သေဆုံးသူ တစ်ဦးကို ငါးသိန်းနဲ့ ဒဏ်ရာရသူတွေကို နှစ်သိန်းစီ ဇူလိုင်လ ၅ရက်နေ့က ထောက်ပံ့

ဓာတ်ပုံ ရင်းမြစ်, PROF DR WIN MYAT AYE

ဓာတ်ပုံ ပုံစာ, လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့က သေဆုံးသူ တစ်ဦးကို ငါးသိန်းနဲ့ ဒဏ်ရာရသူတွေကို နှစ်သိန်းစီ ဇူလိုင်လ ၅ရက်နေ့က ထောက်ပံ့

ဇူလိုင် ၂ ရက်နေ့ ဖားကန့် ဝှေခါမှော် မြေပြိုမှု ဖြစ်အပြီး သမ္မတ ဖွဲ့စည်းလိုက်တဲ့ စုံစမ်းရေး ကော်မရှင်ဟာ ဖားကန့်ကို သွားရောက် ကွင်းဆင်း စစ်ဆေးမှုတွေ လုပ်ခဲ့ပြီး သမ္မတထံ အစီရင်ခံစာ တင်ခဲ့ပါတယ်။

ဒီလို ဖြစ်ရပ်မျိုးတွေ ထပ်မဖြစ်အောင် အဲဒီမှာရှိတဲ့ ဌာနဆိုင်ရာပေါင်းစုံနဲ့ ပူးပေါင်းပြီး တားဆီး ကာကွယ်ရေးကို ဦးစားပေး ဆောင်ရွက်သွားမယ်၊ပညာပေးတာတွေ၊ စောင့်ကြပ် ကြည့်ရှုတာတွေ လုပ်သွားမယ်လို့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ပြောခဲ့ပါတယ်။

အဲဒီမြေပြိုမှုဖြစ်စဉ်အတွက် ရေမဆေး လောပန်း ၁၃ ဦးကို ထောင် ၃ နှစ်ထိ ကျခံရနိုင်တဲ့ ကျောက်မျက်ဥပဒေ ပုဒ်မ ၅၀ (က) နဲ့ အမှုဖွင့်ခဲ့သလို တပ်မတော်ကလည်း ပြည်နယ် နယ်လုံဝန်ကြီးနဲ့ တပ်မှူးတစ်ဦးကို အရေးယူခဲ့ပါတယ်။

ဖားကန့်မြေပြိမှုနဲ့ ပတ်သက်ပြီး ဇူလိုင်လ ၅ ရက်နေ့အထိ အလောင်း ၁၇၄ လောင်း တွေ့ရှိထားတယ်လို့ အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

နှင်းဆီပါတီလို့ လူသိများတဲ့ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ တည်ထာင်သူ ဦးကျော်မြင့်

ဓာတ်ပုံ ရင်းမြစ်, UDP

ဓာတ်ပုံ ပုံစာ, နှင်းဆီပါတီလို့ လူသိများတဲ့ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ တည်ထာင်သူ ဦးကျော်မြင့်

ပါတီ ဥက္ကဋ္ဌ အဖမ်းခံရပြီး ဖျက်သိမ်းခံလိုက်ရတဲ့ နှင်းဆီပါတီ

"ငါးနှစ်အတွင်း တိုင်းပြည် မတိုးတက်ရင် ပါတီ ဥက္ကဋ္ဌကို ထောင်ချပါ" ဆိုတဲ့ နှင်းဆီပါတီ လို့ လူသိများတဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီ ဟာ ၂၀၂၀ ရွေ‌ကောက်ပွဲ မတိုင်မီ ပါတီ ဥက္ကဋ္ဌ အဖမ်းခံလိုက်ရပြီးတော့ ပါတီ ကိုပါ ဖျက်သိမ်းခြင်းခံလိုက်ရပါတယ်။

၂၀၂၀ရွေးကောက်ပွဲမတိုင်မီ မဲဆွယ်စည်းရုံးမှုတွေမှာ နှင်းဆီပါတီဟာ ကိုယ်စားလှယ်လောင်း တစ်ထောင်ကျော်နဲ့ ဒုတိယ အများဆုံး ဝင်ပြိုင်လို့ လူတွေကြားမှာ တဖြည်းဖြည်း လူသိများလာခဲ့ပါတယ်။

အငြင်းပွားဖွယ်ရာတွေနဲ့ ပြည့်နေတဲ့ လူတစ်ယောက် ဦးဆောင်ပြီး နေ့ချင်းညချင်း ပါတီကြီး တစ်ခုဖြစ်လာတဲ့ ညီညွတ်သော ဒီမိုကရက်တစ်ပါတီဟာ နိုင်ငံရေးစိတ်ဝင်စားသူတွေကြားမှာ စိတ်ဝင်စားစရာ ဖြစ်လာခဲ့တာပါ။

ပိုပြီး ထူးခြားတာက စက်တင်ဘာ ၂၉ ရက် ညမှာ ပါတီက မဲဆွယ်စည်းရုံးနေချိန် ပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်ဟာ တရားခံပြေးအဖြစ် ဖမ်းဆီးခံခဲ့ရတာပါ။

၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပြီးရင် ကိုယ်စားလှယ်လောင်း ၁,၁၃၁ ဦးနဲ့ ဒုတိယအများဆုံး ဝင်ပြိုင်မယ့်ပါတီရဲ့ အနာဂတ်ဟာ ခေါင်းဆောင် အဖမ်းခံရပြီးနောက်၊ တရားမဝင် ငွေကြေးတွေနဲ့ ဆက်စပ်တယ်လို့ အစိုးရက ဖော်ထုတ်ခဲ့ပါတယ်။

နှင်းဆီပါတီလို့ လူသိများတဲ့ ညီညွတ်သော ဒီမိုကရက်တစ်ပါတီဟာ ၂၀၁၀ ခုနှစ်မှာ စတင်မှတ်ပုံတင်ခဲ့ပြီး အဲ့ဒီပါတီကို စည်းရုံးရေးလုပ်ငန်းနဲ့ မဲဆွယ်စည်းရုံးရေး ရုံးခန်းဖွင့်လှစ်တာတွေ အတွက် ဦးကျော်မြင့်ရဲ့ မြန်မာကျော် ကုမ္ပဏီက ကျပ် ၁.၄၅ ဘီလျံ ထောက်ပံ့သုံးစွဲတယ်လို့လည်း အစိုးရဘက်က စစ်ဆေးရရှိကြောင်း သမ္မတရုံးက အထူးသတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြောကြားခဲ့ပါတယ်။

ချမ်းအေးသာစံမြို့နယ် တရားရုံးကနေ နိုဝင်ဘာလ ၁၂ရက်နေ့က ထောင်ပြေးမှုပုဒ်မ ၂၂၄နဲ့ ထောင်ဒဏ် ၂နှစ်ချမှတ်ခဲ့တာပါ။

ဓာတ်ပုံ ရင်းမြစ်, MPA

ဓာတ်ပုံ ပုံစာ, ချမ်းအေးသာစံမြို့နယ် တရားရုံးကနေ နိုဝင်ဘာလ ၁၂ရက်နေ့က ထောင်ပြေးမှုပုဒ်မ ၂၂၄နဲ့ ထောင်ဒဏ် ၂နှစ်ချမှတ်ခဲ့တာပါ။

နှင်းဆီပါတီဟာ ၂၀၁၀ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး ဒီပဲယင်း၊ သရက်နဲ့ တံတားဦး မြို့နယ်တွေက ၃ နေရာ ဝင်ပြိုင်ခဲ့တာတွေ့ရပါတယ်။ ၁၀နှစ်အကြာ ၂၀၂၀ မှာတော့ အများဆုံးဝင်ပြိုင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နဲ့ နှင်းဆီပါတီက ၉ ယောက်ပဲ ကွာပါတော့တယ်။

ပါတီက ကိုယ်စားလှယ်လောင်းတွေနဲ့ ပါတီဝင်တွေကို ‌‌ငွေကြေးထောက်ပံ့တာတွေရှိခဲ့ပြီးတော့ ဥက္ကဋ္ဌ ဦးကျော်မြင့် ရဲ့ ဘဏ်ငွေစာရင်းနဲ့ သူနဲ့ဆက်စပ်တဲ့ ဘဏ်ငွေစာရင်း ငွေအဝင်အားလုံးဟာ တရုတ်နယ်စပ်ကနေ ဟွန်ဒီ လို့ခေါ်တဲ့ တရားမဝင် ငွေလွှဲနဲ့ ရောက်လာခဲ့တာ ဖြစ်တယ်လို့ သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက အောက်တိုဘာလ ၁၅ ရက်နေ့ သမ္မတအိမ်တော် သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောကြားထားပါတယ်။

၂၀၁၀ နဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွေမှာ နှင်းဆီပါတီဟာ မဲဆန္ဒနယ် တစ်နေရာမှ အနိုင်မရခဲ့ပါဘူး။

ဦးကျော်မြင့်ဟာ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ(၂၂၄) အရ အမှုဖွင့်ထားတဲ့ ရဲဘက်ပြေးဖြစ်တဲ့အတွက် ရဲဝရမ်းနဲ့ စတင်ဖမ်းဆီးခဲ့ပြီး ချမ်းအေးသာစံမြို့နယ် တရားရုံးကနေ နိုဝင်ဘာလ ၁၂ရက်နေ့က ထောင်ပြေးမှုပုဒ်မ ၂၂၄နဲ့ ထောင်ဒဏ် ၂နှစ်ချမှတ်ခဲ့ပါတယ်။

ထောင်ပြေးမှုနဲ့ ထောင်ဒဏ်နှစ်နှစ် ချမှတ်ခံထားရပြီး အရင်ထောင်ဒဏ် လက်ကျန် ၇ နှစ်ကျော်ပါ ပူးပေါင်းကျခံနေရတဲ့ ပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ဟာ ဒီဇင်ဘာလမှာတော့ မန္တလေး အိုးဘိုထောင်ကနေ ရန်ကုန် အင်းစိန်ထောင် ကိုပြောင်းရွှေ့ခဲ့ပါတယ်။ သူဟာ နိုင်ငံ အတွင်း တရားမဝင် ပြန်လည်ဝင်ရောက်လာတဲ့ အတွက် လဝက အမှုနဲ့ လည်းရင်ဆိုင်ရဖို့ ရှိနေပေမယ့် လဝကအမှုနဲ့ မန္တလေးက တရားရုံးမှာ တရားစွဲထားမှုကတော့ စီရင်ပိုင်ခွင့်မရှိတဲ့အတွက် ပလပ်ခံထားရပါတယ်။

မင်းရဲသိင်္ခသူရေငုပ်သင်္ဘောဟာ ဒီဇင်ဘာ ၂၄ ရက်က တပ်တော်ဝင်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, SENIOR GENERAL MIN AUNG HLAING

ဓာတ်ပုံ ပုံစာ, မင်းရဲသိင်္ခသူရေငုပ်သင်္ဘောဟာ ဒီဇင်ဘာ ၂၄ ရက်က တပ်တော်ဝင်ခဲ့ပါတယ်။

မြန်မာ့ ပထမဦးဆုံးရေငုပ်သင်္ဘော မင်းရဲသိင်္ခသူ စစ်ရေးစတင်လေ့ကျင့်

မြန်မာ့ ပထမဆုံး ရေငုပ်သင်္ဘောဟာ ၂၀၂၀ ပြည့်နှစ် တပ်မတော် ရေ စစ်ဆင်ရေးမှာ ပါဝင်လာခဲ့ပြီး မြန်မာတပ်မတော်ပိုင် ရေငုပ်သင်္ဘောရဲ့ ပထမဆုံး စစ်ရေးလေ့ကျင်မှုဖြစ်ခဲ့ပါတယ်။

အိန္ဒိယကနေ ဝယ်ယူထားတဲ့ ရုရှားလုပ်ရေငုပ်သင်္ဘော မင်းရဲသိင်္ခသူ ပါဝင်တဲ့ စစ်ရေယာဉ်ပင်လယ်ပြင် လက်တွေ့လေ့ကျင့်ခန်းကို မြန်မာ့ပင်လယ်ပြင်မှာ လုပ်ခဲ့ပြီး အောက်တိုဘာလ ၁၅ ရက်နေ့ကတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်းပြောခဲ့ပါတယ်။

ဒီလို ရေငုပ်သင်္ဘောပိုင်ဖို့ ဆယ်စုနှစ်တွေများစွာကတည်းက အိပ်မက် မက်ခဲ့ပေမယ့် သူ့လက်ထက်မှာတော့ ဒီအိပ်မက်ကို အကောင်အထည် ဖော်နိုင်ခဲ့ကြောင်း၊ ရေငုပ်သင်္ဘောတွေ ပါဝင်မှ ခေတ်မီတဲ့ ရေတပ်ဖွဲ့ဖြစ်နိုင်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောခဲ့ပါတယ်။

ဒီရေငုပ်သင်္ဘောဟာ ဒီဇယ်လျှပ်စစ်စွမ်းအင်သုံး Kilo အမျိုးအစား တိုက်ခိုက်ရေးရေယာဉ်ဖြစ်ပြီး ဆိုဗီယက်ပြည်ထောင်စုလက်ထက်တုန်းက အိန္ဒိယရေတပ်ကို ရောင်းချခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

တပ်မတော်ရဲ့ အဓိက တာဝန်ဟာ နိုင်ငံတော်လုံခြုံရေးနဲ့ ကာကွယ်ရေးတာဝန်ဖြစ်ပြီး မြန်မာ့ရေပြင်နယ်နိမိတ်ကို ကာကွယ်ဖို့ ဒီလို ရေငုပ်သင်္ဘောတွေ လိုတယ်လို့လည်း တပ်ချုပ်က ပြောပါတယ်။

ရေငုပ်သင်္ဘော တန်ဖိုးထက် သင်တန်းကုန်ကျစရိတ်က ပိုများကြောင်းတပ်မတော် ပြော

ဓာတ်ပုံ ရင်းမြစ်, cnicds

ဓာတ်ပုံ ပုံစာ, ရေငုပ်သင်္ဘော တန်ဖိုးထက် သင်တန်းကုန်ကျစရိတ်က ပိုများကြောင်းတပ်မတော် ပြော

"ပိုက်ဆံရှိလို့မို့လို့ ရေငုပ်သင်္ဘော ဝယ်နိုင်တယ်ဆိုတာထက် ရေငုပ်သင်္ဘောထက် ပိုတန်ဖိုးရှိတာက Training လေ့ကျင့်ရေးပါပဲ။ ရေငုပ်သင်္ဘောတစ်ခု ပိုင်ဆိုင်ဖို့ နှစ်ပေါင်းများစွာ ထရိန်နင် လုပ်ရတာဖြစ်ပါတယ်''လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီကို ပြောခဲ့ပါတယ်။

ရေငုပ် သ‌င်္ဘောအတွက် ၂၀၁၅ ခုနှစ်က စပြီး လေ့ကျင်သင်တန်းတွေ တက်ခဲ့ရပြီး ရေငုပ်သင်္ဘော တန်ဖိုးထက် သင်တန်းကုန်ကျစရိတ်က ပိုများကြောင်း လည်း သူကပြောပါတယ်။

အိန္ဒိယက ရေငုပ်သင်္ဘာဝယ်ရတာဟာ တစ်နှစ်တစ်ကြိမ် ပြန်လည်ပြင်ဆင်မှုတွေလုပ်တဲ့အခါမှာ ရေနယ်နိမိတ်ချင်း ဆက်စပ်နေတဲ့အတွက် ကိုယ်တိုင် မောင်းသွားလို့ရသလို လိုအပ်တဲ့ သင်တန်းတက်ရမှာလည်း အဆင်ပြေတဲ့အတွက် ဝယ်ယူခဲ့တာလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ဒေသတွင်းနိုင်ငံတွေဖြစ်တဲ့ ဗီယက်နမ်၊ စင်ကာပူ၊ မလေးရှားနဲ့ အင်ဒိုနီးရှားတို့မှာလည်း ရေငုပ်သင်္ဘောတွေ ပိုင်ဆိုင်ထားကြသလို အိမ်နီးချင်း ထိုင်းနိုင်ငံ ကလည်း ရေငုပ်သင်္ဘောမှာယူထားပြီး ဖြစ်တဲ့အပြင် ၂၀၀၈ ခုနှစ်က နှစ်နိုင်ငံအကြား ရေပိုင်နက်အငြင်းပွားခဲ့ဖူးတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်း ပြီးခဲ့တဲ့ ၂နှစ်ထဲမှာပဲ ရေငုပ်သင်္ဘောနှစ်စီးကို ပိုင်ဆိုင်ထားပြီးဖြစ်ပါတယ်။

မြန်မာ့တပ်မတော်ရေက လက်ရှိမှာ Green water navy အဆင့်ကိုရောက် ရှိနေပြီလို့ တပ်မတော်က ကိုယ်တိုင်သတ်မှတ်ထားပြီး သမုဒ္ဒရာနှစ်ခုကို ဖြတ်ကျော်လှုပ်ရှားနိုင်တဲ့အဆင့်ကို Blue water Navy အဆင့်ကိုရောက်အောင် ကြိုးစားလာတာဖြစ်ပါတယ်။

ကယားပြည်နယ် ဝန်ကြီးချုပ်ဟာ မယ်စဲ့ မြို့နယ်က ရွေးကောက်ခံပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဖြစ်ပါတယ်။
ဓာတ်ပုံ ပုံစာ, ကယားပြည်နယ် ဝန်ကြီးချုပ်ဟာ မယ်စဲ့ မြို့နယ်က ရွေးကောက်ခံပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဖြစ်ပါတယ်။

လွှတ်တော်က စွပ်စွဲပြစ်တင်လို့ တာဝန်ကရပ်စဲခံရတဲ့ ပထမဆုံးဝန်ကြီးချုပ်

ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုဟာ အခြေခံဥပဒေပါ ပြဌာန်းချက်တွေကို ဖောက်ဖျက်တယ်ဆိုပြီး ကယားပြည်နယ် လွှတ်တော်ကိုယ်စားလှယ် လေးပုံတစ်ပုံက လက်မှတ်ရေးထိုးပြီးစွပ်စွဲပြစ်တင်ခဲ့ပါတယ်။ ဒါကို လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာမှာ ဝန်ကြီးချုပ်ကို ရာထူးက ဖြုတ်ချလိုက်နိုင်တာကြောင့် ပြည်နယ်လွှတ်တော်ရဲ့အဆုံးအဖြတ်အရ သမ္မတက စက်တင်ဘာလ ၃ ရက်နေ့မှာဦးအယ်လ်ဖောင်းရှိုကို တာဝန်က ရပ်စဲခဲ့ပါတယ်။

ဦးအယ်လ်ဖောင်းရှိုဟာ လွှတ်တော်က စွပ်စွဲပြစ်တင်လို့ တာဝန်ကရပ်စဲခံရတဲ့ ပထမဆုံးဝန်ကြီးချုပ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ကယားပြည်နယ်လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်က ဗမာတိုင်းရင်းသားရေးရာဝန်ကြီး အပါအဝင် ကိုယ်စားလှယ် ၂၀ ဦးရှိပါတယ်။

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို စွပ်စွဲပြစ်တင်ဖို့ ပြည်နယ်လွှတ်တော်မှာ စက်တင်ဘာလ ၁ရက်နေ့က မဲခွဲတဲ့အခါ လွှတ်တော်အမတ် အယောက် ၂၀ မှာ ၁၆ ယောက်က ထောက်ခံခဲ့ပါတယ်။

ပြည်နယ်လွှတ်တော်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အမတ် ၁၀ ဦးခန့်ရှိပြီး သူတိုထဲက အချို့ဟာ ဝန်ကြီးချုပ်ကို စွပ်စွဲပြီးဖြုတ်ချဖို့ ထောက်ခံမှုမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။

ဝန်ကြီးချုပ်ကို အဓိက စွပ်စွဲပြစ်တင်တဲ့အကြောင်းကတော့ ကယားပြည်နယ် လွှတ်တော်မှာ အောင်ထားတဲ့အဆို တစ်ခုဖြစ်တဲ့ ကယားပြည်နယ်နေ့ ကျင်းပရာကွင်းနဲ့ တစ်ဆက်တစ်စပ်တည်း ရှိရာ မြေကွက်ကို ပုဂ္ဂလိကပိုင်အဖြစ် ဆောင်ရွက်ထားတဲ့ကိစ္စနဲ့ အရင်အစိုးရလက်ထက်က ဝယ်ယူထားတဲ့ စက်ယန္တရားတွေရဲ့ ငှားရမ်းခတွေကို ကိုယ်ပိုင်ငွေစာရင်းဖွင့်လှစ်သုံးစွဲမှုကြောင့်လို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ဘက်က ဆိုပါတယ်။

သြဂုတ်လ ၁၄ ရက်နေ့က စွပ်စွဲပြစ်တင်တာတွေကို စစ်ဆေးဖို့ အဖွဲ့ဖွဲ့ခဲ့ပါတယ်။
ဓာတ်ပုံ ပုံစာ, သြဂုတ်လ ၁၄ ရက်နေ့က စွပ်စွဲပြစ်တင်တာတွေကို စစ်ဆေးဖို့ အဖွဲ့ဖွဲ့ခဲ့ပါတယ်။

စုံစမ်းစစ်ဆေးရေးအဖွဲ့ ဟာ ဒီအချက်တွေကို အခြေအမြစ် ရှိမရှိ နဲ့ အထောက်အထားနဲ့ မရှင်းလင်းတဲ့ အချက်တွေကိုစစ်ဆေးဖို့ အတွက် ပြည်နယ်စာရင်းစစ်ချုပ် ပြည်နယ် ရသုံးခန့်မှန်းခြေငွေစာရင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်နဲ့ သက်ဆိုင်ရာ ကုမ္ပဏီများကို ဖိတ်ကြားပြီး စစ်ဆေးခဲ့တယ်လို့လည်း စုံစမ်းစစ်ဆေးရေးအဖွဲ့ အစီရင်ခံစာမှာ ဖော်ပြပါရှိပါတယ်။

စစ်ဆေးချက်အဖွဲ့ တွေ့ရှိချက်အရ ၂၀၁၆ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အတွင်း ပြည်နယ်ရန်ပုံငွေနဲ့ ၀ယ်ယူထားတဲ့ စက်ယန္တရားတွေရဲ့ ငှားရမ်းခရငွေ သိန်း ၅၀၀၀ ကျော်မှာ ဝန်ကြီးချုပ်ရဲ့ ကိုယ်ရေးကိုယ်တာအတွက်နဲ့ ပါတီအတွက် တာတွေပါ တွေ့ရတယ်လို့ စစ်ဆေးချက်အဖွဲ့ အစီရင်ခံစာမှာ ဖော်ပြပါရှိပါတယ်။

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက သူ့ကို ငွေကြေးအလွဲသုံးစားမှုနဲ့ ကယားပြည်နယ်လွှတ်တော်က ဝန်ကြီးချုပ်အဖြစ်က ဖယ်ရှားဖို့ ဆုံးဖြတ်ခဲ့တာဟာ တရားလိုက တရားသူကြီးအဖြစ် ဆောင်ရွက်ခဲ့တာ ဖြစ်တဲ့အတွက် တရားမျှတမှုမရှိဘူးလို့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

၂၀၂၀ နိုဝင်ဘာလ ရွေးကောက်ပွဲမှာ ဦးအယ်ဖောင်းရှိုဟာ မယ်စဲ မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နေရာက ပြန်အနိုင်ရခဲ့ ပြီး ကယားပြည်နယ်ဝန်ကြီးချူပ်ပြန်လည် ခန့်အပ်ခြင်းခံရဖို့ ရေပန်းစားနေပါတယ်။

လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေးဟာ ကိုယ်စားလှယ်လောင်းအဖြစ် ပြန်လည်ရွေးချယ်ခံရခြင်းမရှိတဲ့အပေါ် ပုဂ္ဂိုလ်ရေးမကျေနပ်မှုတွေရှိတာကြောင့် ဝန်ကြီးချုပ်ကို စွပ်စွဲပြစ်တင်ဖို့ကြိုးပမ်းရာမှာပါဝင်ခဲ့တယ်လို့ NLD ပါတီနဲ့နီးစပ်သူတွေထံကနေ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

ဒါပေမဲ့လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေးကတော့ ဒီမိုကရေစီစနစ်အရ လွှတ်တော်ရဲ့အဓိက လုပ်ငန်းတွေကိုသာ ဦးတည်ဆောင်ရွက်ခဲ့တာသာဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် NLD ပါတီက ကိုယ်စားလှယ်လောင်းများ ရွေးချယ်ရာမှာတော့ ကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေးမှာ ပြန်လည်ပါဝင်လာခြင်းမရှိတဲ့နောက်မှာ ပါတီမှ နုတ်ထွက်စာတင်ခဲ့ပြီး တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲ ယှဉ်ပြိုင်ရန် လျှောက်ထားခဲ့ပါတယ်။

ကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေးဟာ ရှားတောမြို့နယ်က ပြည်နယ်လွှတ်တော်မှာ တစ်သီးပုဂ္ဂလ အနေနဲ့ ဝင်ပြိုင်ခဲ့ပေမဲ့ အနိုင်ရခဲ့ခြင်း မရှိပါဘူး။

အပိုင်း ၁ ကို ဒီနေရာမှာ ဖတ်ပါ။

အပိုင်း ၃ ကို ဒီနေရာမှာ ဖတ်ပါ။

ဗီဒီယို ပုံစာ, မြန်မာ့ ပထမဆုံးရေငုပ်သင်္ဘော တပ်တော်ဝင်