ပင်လယ်ထဲမှာ ၆ လနေခဲ့ရအပြီး ရိုဟင်ဂျာ ၃၀၀ နီးပါး အင်ဒိုနီးရှားကို ရောက်လာ

ရေးသားခဲ့သည်။

အင်ဒိုနီးရှားကို လှေနဲ့ ရောက်လာကြတဲ့ ရိုဟင်ဂျာတွေ

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, အင်ဒိုနီးရှားကို လှေနဲ့ ရောက်လာကြတဲ့ ရိုဟင်ဂျာတွေ

အင်ဒိုနီးရှားနိုင်ငံကို ရောက်လာကြတဲ့ ရိုဟင်ဂျာ ၃၀၀ နီးပါးက ပင်လယ်ပြင်ထဲမှာ ၆ လလောက် သူတို့ နေခဲ့ကြရတယ်လို့ အင်ဒိုနီးရှား အာဏာပိုင်တွေကို ပြောပြကြပါတယ်။

ဆူမားတြားကျွန်းရဲ့ မြောက်ဘက်ကမ်းရိုးတန်းပေါ်က လုပ်ခ်ဆွန်မာဝီမြို့ကမ်းခြေကနေ မိုင်ပေါင်းတော်တော်ဝေးတဲ့ ပင်လယ်ပြင်မှာ အဲဒီရိုဟင်ဂျာတွေကို တင်လာတဲ့ သစ်သားလှေကို အင်ဒိုနီးရှား ငါးဖမ်းသမားတွေက လှမ်းတွေ့ခဲ့တာလို့ ရဲက ပြောပါတယ်။

အဲဒီလှေပေါ်မှာ ကလေး ၁၄ ဦးအပါအဝင် လူ ၂၉၇ ဦးပါလာတယ်လို့ ရဲက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်မှုတွေကြောင့် လတ်တလော နှစ်ပိုင်းတွေအတွင်း ရိုဟင်ဂျာ အများအပြား တခြား အရှေ့တောင်အာရှနိုင်ငံတွေမှာ ခိုလှုံဖို့ မြန်မာနိုင်ငံကနေ ထွက်ပြေးလာခဲ့ကြပါတယ်။

အခုရောက်လာတဲ့ ရိုဟင်ဂျာတွေဟာ အင်ဒိုနီးရှားကို ရောက်လာသမျှထဲမှာ ၂၀၁၅ ခုနှစ်ကတည်းကဆိုရင် အများဆုံး ဖြစ်တယ်လို့ ရိုဟင်ဂျာအရေး ဆောင်ရွက်နေတဲ့ Arakan Project အဖွဲ့က ခရစ်စ် လူဝါ က ပြောပါတယ်။

သူတို့ဟာ မတ်လကုန် ဒါမဟုတ် ဧပြီလ အစောပိုင်းလောက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းကနေ မလေးရှားနိုင်ငံကို ဦးတည် ထွက်လာကြတာ ဖြစ်တယ်လို့ မစ်စ် လူဝါက ပြောပြပါတယ်။

ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်စ် စည်းမျဉ်းကန့်သတ်မှုတွေကြောင့် မလေးရှား အာဏာပိုင်တွေကရော၊ ထိုင်းအာဏာပိုင်တွေကပါ သူတို့ကို လက်မခံဘဲ ပင်လယ်ထဲ ပြန်လွှတ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီရိုဟင်ဂျာဒုက္ခသည်တွေကို လူမှောင်ခိုတွေက ပင်လယ်ထဲမှာ အချိန်တော်တော်ကြာ ပြန်ပေးဆွဲထားပြီး ပိုက်ဆံပေးမှ လှေပေါ်က ဆင်းခွင့်ပြုမယ်လို့ ခြိမ်းခြောက်ခဲ့ပုံရတယ်လို့ သူက ပြောပါတယ်။

လှေပေါ်ပါလာသူ ဒုက္ခသည်တွေထဲက အနည်းဆုံးတစ်ဦးကို ဆေးရုံ အမြန်တင်ခဲ့ရပါတယ်။

"လောလောဆယ် သူတို့ကို ကြည့်ရတာ တော်တော်လေး အားနည်းချိနဲ့နေတာ တွေ့ရတယ်" လို့ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဒုက္ခသည်များအေဂျင်စီ ညှိနှိုင်းရေးမှူးတစ်ဦး ဖြစ်တဲ့ အော့ခ်တီနာက ဘီဘီစီကို ပြောပြပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် အဲဒီက ဒေသခံတွေက အစားအသောက်တွေ၊ အဝတ်အစားတွေ လာလှူကြတယ်လို့ သိရပါတယ်။

"သူတို့အခြေအနေကို တော်တော် စိတ်ပူမိပါတယ်။ လူသားချင်းစာနာတဲ့ဘက်က ကြည့်ရင် သူတို့ အကူအညီတွေ လိုနေပါတယ်။ ကျွန်တော်တို့တွေလိုပဲ သူတို့လည်း လူတွေပါပဲ" လို့ အိုင်ရှာ ဆိုသူ ဒေသခံတစ်ဦးက Reuters သတင်းဌာနကို ပြောပါတယ်။

လှေပေါ်မှာ ကလေး ၁၄ ဦး အပါအဝင် လူ ၂၉၇ ပါလာခဲ့

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, လှေပေါ်မှာ ကလေး ၁၄ ဦး အပါအဝင် လူ ၂၉၇ ပါလာခဲ့

ဇွန်လတုန်းကလည်း အဲဒီနေရာကို အမျိုးသမီးတွေနဲ့ ကလေးတွေ အများစုပါတဲ့ ရိုဟင်ဂျာ ၁၀၀ လောက် ပင်လယ်ထဲ ၄ လလောက်ကြာခဲ့အပြီး ရောက်လာခဲ့ပါတယ်။

ပင်လယ်ပြင်ထဲမှာ နေနေရစဉ် လူမှောင်ခိုတွေရဲ့ရိုက်နှက်တာကိုခံခဲ့ရပြီး အသက်ဆက်ရှင်အောင် ကိုယ့်ရဲ့ ကျင်ငယ်ရည်ကို ပြန်သောက်ခဲ့ကြရတယ်လို့ သူတို့က ပြန်ပြောပြကြပါတယ်။

ဇွန်လတုန်းက ရောက်လာသူတွေရော၊ ဒီကနေ့ တနင်္လာနေ့မှာ ရောက်လာသူတွေရောဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းကနေ အခုနှစ် အစောပိုင်းမှာ ထွက်ခွာသွားတယ် ဆိုတဲ့ ရိုဟင်ဂျာ အယောက် ၈၀၀ ထဲက ဖြစ်နိုင်တယ်လို့ မစ်စ် လူဝါက ပြောပါတယ်။

ကနဦးအုပ်စုထဲက လူ ၃၀ လောက် ပင်လယ်ပြင်မှာ သေဆုံးခဲ့တယ်လို့ ယူဆရကြောင်းလည်း သူကပြောပါတယ်။

မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ အတော်များများဟာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အရင် အခြေစိုက် ခိုလှုံလေ့ ရှိကြပြီး အခုအခါ အဲဒီက ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေသူ ရိုဟင်ဂျာ တစ်သန်းလောက် ရှိပါတယ်။

အဲဒီက ဒုက္ခသည်တွေကို လူမှောင်ခိုတွေက မွတ်ဆလင် နိုင်ငံတွေ ဖြစ်တဲ့ အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံတွေဆီ ပို့ပေးမယ် ဆိုပြီး အခကြေးငွေ မတန်တဆ တောင်းပြီး အသုံးချမှုတွေ ရှိနေပါတယ်။

အခု အင်ဒိုနီးရှားအစိုးရက ဒီကနေ့ မနက်က ကယ်တင်လိုက်တဲ့ လူတွေ အထဲမှာ ဘင်္ဂလာဒေ့ရှ်မှာရှိတဲ့ မြန်မာ မွတ်ဆလင် ဒုက္ခသည်စခန်းတွေက အများစုဖြစ်ပြီး မြန်မာနိုင်ငံ အနောက်ဘက်နယ်စပ်က လူတွေလည်း ပါတယ်လို့ စစ်တွေ သဲချောင်း အုန်းတောကြီး IDP စခန်းကဦးကျော်ဝင်းက ဘီဘီစီကို ပြောပါတယ်။