ရိုဟင်ဂျာ ဒုက္ခသည်အရေး - "ညဘက်မှာ လှေပေါ်ကအလောင်းတွေ ရေထဲပစ်ချခဲ့တယ်"

စက်လှေကမ်းခြေဆိုက်အပြီး ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ ပစ္စည်းတွေ ကမ်းခြေမှာ ပြန့်ကျဲနေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စက်လှေကမ်းခြေဆိုက်အပြီး ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ ပစ္စည်းတွေ ကမ်းခြေမှာ ပြန့်ကျဲနေ
    • ရေးသားသူ, ဆွာမိနာသန် နာတာရာဂျန် နှင့် မိုဇမ်ဟူစိန်
    • ရာထူးတာဝန်, ဘီဘီစီကမ္ဘာတလွှားအစီအစဉ်
  • ရေးသားခဲ့သည်။

"လူတွေ ဘယ်နှစ်ယောက် သေခဲ့သလဲဆိုတာကို ဘယ်သူမှ အတိအကျ မသိကြပါဘူး။ ၅၀ လောက် ဒါမှမဟုတ် ဒါ့ထက်လည်း ပိုနိုင်တယ်" လို့ ခါဒီဇာ ဘီဂမ် က ပြန်ပြောပြပါတယ်။

အသက် ၅၀ အရွယ် ခါဒီဇာ ဟာ ပင်လယ်ထဲ နှစ်လကြာ မျောနေတဲ့ စက်လှေပေါ်က ရိုဟင်ဂျာ မွတ်ဆလင် ၃၉၆ ဦးထဲက တစ်ဦးပါ။ သူတို့လှေကို ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတန်းစောင့်ရဲက ကယ်ခဲ့တာပါ။

သေသွားသူတွေရဲ့ ဈာပနကို ကြီးမှူးလုပ်ပေးခဲ့တဲ့ တစ်လှေတည်းပါလာသူ သူ့သား မွတ်ဆလင် ဘာသာရေးဆရာဆီက စာရင်းအရ ခါဒီဇာ ဘီဂမ် က ခန့်မှန်းပြောခဲ့တာပါ။

လူမှောင်ခိုတွေက သူတို့ကို မလေးရှားကို ခေါ်သွားရမှာပါ။ ဒါပေမဲ့ မလေးရှားကို မရောက်ခဲ့ပါဘူး။

ခါဒီဇာဟာ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် မြန်မာနိုင်ငံဘက်ခြမ်းကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံခဲ့သူပါ။ ဒီအကြမ်းဖက်တိုက်ခိုက်မှုတွေဟာ လူမျိုးရေး ရှင်းလင်းတဲ့ ပုံစံမျိုး ဖြစ်တယ်လို့ကုလသမဂ္ဂက ဆိုပါတယ်။

အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက သူ့ကို ဒုက္ခသည်စခန်းမှာ ခိုလှုံခွင့်ပြုခဲ့ပါတယ်။ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေ ခိုလှုံနေတဲ့ အဲဒီဒုက္ခသည်စခန်းဟာ အခုအခါ ကမ္ဘာပေါ်မှာ အကြီးဆုံး ဒုက္ခသည်စခန်းကြီးဖြစ်လာခဲ့ပါပြီ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇားမှာ ရိုဟင်ဂျာ တစ်သန်းလောက် ခိုလှုံနေပါတယ်။

အဲဒီထဲမှာ တချို့က ခါဒီဇာ လိုပဲ သူတို့ရဲ့ဘဝ ပိုတိုးတက်ဖို့ မျှော်လင့်ချက်နဲ့ ဘင်္ဂလားပင်လယ်အော်ရဲ့တဘက်ခြမ်းက မလေးရှားနိုင်ငံမှာ သွားအခြေချချင်နေကြပါတယ်။

အလောင်းတွေကို ရေထဲ ပစ်ချခဲ့

ခါဒီဇာရဲ့ မျှော်လင့်ချက် အိပ်မက်တွေကတော့ အိပ်မက်ဆိုးကြီး ဖြစ်သွားခဲ့ပါတယ်။

လူတွေ ပြည့်သိပ်နေတဲ့ စက်လှေပေါ်မှာ လူတွေ သေတာကို ဖုံးကွယ်ဖို့ လူမှောင်ခို စက်လှေသမားတွေ ကြိုးစားခဲ့ကြပုံကို ခါဒီဇာက ပြန်ပြောပြပါတယ်။

"အလောင်းတွေကို ရေထဲပစ်ချချိန်မှာ ရေစင်တဲ့အသံကို လူတွေ မကြားအောင် စက်လှေသမားတွေကအင်ဂျင်စက်နှစ်ခုစလုံးကို အကျယ်ကြီး နှိုးထားတတ်ကြတယ်"

"ညဘက်တွေမှာ အလောင်းတွေ ဖျောက်လေ့ရှိတယ်" လို့ သူက ပြောပါတယ်။

"အနည်းဆုံးတော့ အမျိုးသမီး ၁၄ ယောက်ကနေ ၁၅ ယောက်ကြား သေခဲ့တယ်ဆိုတာကို ကျွန်မ အသေအချာသိတယ်"

သူ့ဘေးမှာ ထိုင်ခဲ့တဲ့ အမျိုးသမီး သေဆုံးပုံကိုတော့ ခါဒီဇာ တစ်သက်လုံး မေ့ပျောက်နိုင်မှာ မဟုတ်ပါဘူး။

ခါဒီဇာ ဘီဂမ်
ဓာတ်ပုံ ပုံစာ, ခါဒီဇာ ဘီဂမ်

ရေဓာတ်ခန်းခြောက်သွားလို့ အဲဒီအမျိုးသမီးဟာ အစပိုင်းမှာ ကယောင်ကတမ်းတွေ ဖြစ်လာပါတယ်။

သူ့ကို စက်လှေသမားတွေက လှေအပေါ်ထပ်ကို သယ်သွားပါတယ်။ အဲဒီမှာ ဆုံးသွားတာလို့ ခါဒီဇာကပြောပါတယ်။

"သူသေသွားပုံကို ခုထိ မြင်ယောင်နေတုန်းပဲ။ ကျွန်မတို့ မျက်စိအောက်မှာတင် သေသွားတာလေ"

အဲဒီအမျိုးသမီးနဲ့အတူ ကလေး ၄ ယောက် ပါလာပါတယ်။

"သူတို့အမေ ဆုံးသွားတဲ့အကြောင်း အသက် ၁၆ နှစ်အရွယ် သမီးအကြီးဆုံးကို ကျွန်မသားက အသိပေးခဲ့တယ်" လို့ ခါဒီဇာက ပြောပြပါတယ်။

မိဘမဲ့ကလေးတွေ

ခါဒီဇာကိုယ်တိုင်လည်း ကလေး ၄ ယောက် မိခင်ပါ။

"အဲဒီအမျိုးသမီးရဲ့ ကျန်တဲ့ ကလေး ၃ ယောက်က သူတို့အမေ သေသွားတာကို မသိကြဘူး။

ငိုနေကြတယ်။ ရင်နင့်စရာ အရမ်းကောင်းတာပဲ"

"အလောင်းကို ချက်ချင်းပဲ ရေထဲ ပစ်ချလိုက်ကြတယ်"

၂၀၁၇ ခုနှစ်တုန်းက ရခိုင်ပြည်နယ်မှာ တပ်မတော်ရဲ့ နယ်မြေရှင်းလင်း စစ်ဆင်မှုအတွင်း သူ့ခင်ပွန်းနဲ့သားတစ်ယောက် သေဆုံးခဲ့ပြီး အိမ်မဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ ခါဒီဇာက ပြောပါတယ်။

သူ့ရွာ မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့အတွက် သူ့ကလေးတွေနဲ့အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်း ကော့ဆက်ဘဇားဒုက္ခသည်စခန်းဆီ ထွက်ပြေးခိုလှုံခဲ့ရတယ်လို့ ဆိုပါတယ်။

သူသမီးအကြီးဆုံးကို ယောက်ျားပေးစားလိုက်အပြီးမှာ ကျန်တဲ့ သားနဲ့သမီးရဲ့ဘဝရှေ့ရေး တိုးတက်အောင် လုပ်ပေးဖို့ စိတ်ဆန္ဒ ပြင်းပြခဲ့ပါတယ်။

"ကျွန်မတို့ဘဝက ကြမ်းပါတယ်။ ဒုက္ခသည်စခန်းမှာ နေနေရတဲ့ ကျွန်မတို့အတွက် အနာဂတ်မျှော်လင့်ချက် ဘာမှ မရှိပါဘူး။"

ပင်လယ်ဖြတ်ပြီး မလေးရှားကို ရောက်သွားကြတဲ့ ရိုဟင်ဂျာတွေ ကောင်းစားနေကြတဲ့ သတင်းတွေ ကြားရတဲ့အခါ မလေးရှားသွားဖို့ ခါဒီဇာ အရမ်းစိတ်ဝင်စားလာပါတယ်။

စက်လှေပေါ်မှာ သေဆုံးခဲ့သူတွေအတွက် အသုဘကို ခါဒီဇာ့သားက ကြီးမှူးလုပ်ပေးရ
ဓာတ်ပုံ ပုံစာ, စက်လှေပေါ်မှာ သေဆုံးခဲ့သူတွေအတွက် အသုဘကို ခါဒီဇာ့သားက ကြီးမှူးလုပ်ပေးရ

ရှိစုမဲ့စု လက်ဝတ်လက်စားတွေရောင်းချ

ခါဒီဇာ ဟာ သူ့မှာ ရှိတဲ့ လက်ဝတ်လက်စားတွေ ရောင်းပြီး ရလာတဲ့ ဒေါ်လာ ၇၅၀ ကို စက်လှေ စီစဉ်ပေးမယ့် လူမှောင်ခိုတွေကို ပေးခဲ့ရပါတယ်။

အဲဒီနောက် ဖေဖော်ဝါရီလရောက်တော့ တစ်ညမှာ သူစောင့်မျှော်နေတဲ့ ဖုန်း ဝင်လာပါတယ်။

"ဖုန်းခေါ်တဲ့သူက တက်ခ်နက်ဖ် ဘတ်စ်ကားဂိတ်ကို လာဖို့ ကျွန်မကို ပြောပါတယ်။"

ခါဒီဇာ ဟာ သူ့အစီအစဉ်ကို ဘယ်သူ့ကိုမှ မပြောဘဲ လျှို့ဝှက်ထားခဲ့ပါတယ်။ အဝတ်အစားတချို့နဲ့ ကျန်တဲ့ ရွှေငွေ လက်ဝတ်လက်စားတွေကို အိတ်ကလေးတစ်ခုထဲ စုပြုံ ထည့်ပြီး ထွက်လာခဲ့ပါတယ်။

"ဆေးသွားကုမလို့ ဆိုပြီး မိတ်ဆွေတွေနဲ့ အိမ်နီးချင်းတွေကို ပြောထားခဲ့တယ်" လို့ ခါဒီဇာက ဘီဘီစီကိုပြောပြပါတယ်။

သူ့သားနဲ့သမီးကို ခေါ်ပြီး ညဘက်မှာ အိမ်တံခါး သော့ခတ်၊ တိတ်တိတ်ကလေး ထွက်လာခဲ့ကြပါတယ်။

လူတစ်ယောက်က ဘတ်စ်ကားဂိတ်နားမှာ သူတို့ကို လာစောင့်နေပြီး လယ်တောအိမ် တစ်ခုဆီ ခေါ်သွားပါတယ်။ အဲဒီမှာ တခြားလူတွေကို ရာနဲ့ချီ တွေ့ရပါတယ်။

အဲဒီနောက်မှာ သူတို့ကို စက်လှေတစ်စင်းပေါ်တင်ပြီး ဘင်္ဂလားဒေ့ရှ် စိန့်မာတင်ကျွန်းစုတွေနဲ့ မြန်မာနိုင်ငံ စစ်တွေ အကြားက ဘင်္ဂလားပင်လယ်အော်ထဲ ဖြည်းဖြည်းချင်း ရွက်လွှင့် ထွက်ခဲ့ကြပါတော့တယ်။

"ဒီလို ထွက်လာနိုင်ဖို့ ကျွန်မ လနဲ့ချီ စီစဉ်ခဲ့ရတာပါ။ ကျွန်မဘဝ ပိုကောင်းစားချင်တယ်။ နိုင်ငံသစ်မှာဘဝသစ်စဖို့ ကျွန်မ အိပ်မက်မက်ခဲ့တာလေ။"

ခြေဆန့်ဖို့တောင် နေရာမရှိခဲ့

မလေးရှားသွားမယ့်လှေ သရုပ်ဖော်ပုံ
ဓာတ်ပုံ ပုံစာ, မလေးရှားသွားမယ့်လှေ သရုပ်ဖော်ပုံ

နှစ်ရက်လောက်ကြာတော့ လူတွေ ပြည့်နေတဲ့ ပိုကြီးတဲ့ နောက်စက်လှေကြီးတစင်းပေါ် ပြောင်းခိုင်းပါတယ်။

လှေပေါ်မှာ ခြေဆန့်စရာတောင် နေရာမရှိခဲ့ပုံကို ခါဒီဇာက ပြန်ပြောပြပါတယ်။

"အဲဒီမှာ အမျိုးသမီးတွေ၊ ကလေးတွေနဲ့ မိသားစုတွေ တွေ့ရတယ်။ လူ ၅၀၀ ကျော်လောက်တောင် ရှိမယ်ထင်တယ်" လို့ ဆိုပါတယ်။

အဲဒီစက်လှေဟာ တောင်အာရှဒေသမှာ အသုံးပြုလေ့ရှိတဲ့ ငါးဖမ်းစက်လှေတွေထက် ပိုကြီးပေမဲ့ လူတွေအများကြီး တင်ရလောက်အောင်တော့ မခိုင်ခံ့လှပါဘူး။

စက်လှေပေါ် ရောက်တော့ စက်လှေသမားတွေဟာ မြန်မာတွေ ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။

"အစပိုင်းမှာ အတော်လေး ကြောက်မိတယ်။ ကိုယ့်ကံကြမ္မာက ဘယ်လို ဖြစ်လာမလဲဆိုတာ မသိဘူးလေ။ ဒါပေမဲ့ လှေပေါ်မှာ အနေတကျ ဖြစ်သွားတော့လည်း အနာဂတ် စိတ်ကူးယဉ်အိပ်မက် ပြန်မက်မိပြန်ရော။"

"ပိုကောင်းတဲ့ဘဝကို ရောက်တော့မယ်လို့ ထင်ခဲ့တယ်။ ဒီတော့ လမ်းမှာ ဘယ်လို ဒုက္ခအခက်အခဲမျိုးတွေနဲ့ပဲ တွေ့ရတွေ့ရ၊ ရင်ဆိုင်သွားဖို့ ပြင်ခဲ့တယ်။"

အိမ်သာထဲက သေဆုံးမှု

အဲဒီစက်လှေပေါ်မှာ သောက်သုံးရေနဲ့ မိလ္လာသန့်စင်တဲ့ အိမ်သာ၊ ရေချိုးခန်းတွေ မရှိပါဘူး။

ခါဒီဇာ ဟာ ပင်လယ်ထဲက ရေကို ခပ်ပြီး နှစ်လအတွင်း နှစ်ခါလောက်ပဲ ကိုယ်လက် ဆေးကြောသန့်စင်ခဲ့ရပါတယ်။ ဒါကလည်း အများရှေ့မှာ လုပ်ခဲ့ရတာပါ။

အိမ်သာဆိုတာက သစ်သားချောင်း နှစ်ချောင်းနဲ့ အလယ်မှာ ပင်လယ်ထဲ တိုးလျှိုပေါက် မြင်ရတဲ့ အပေါက်ကြီးပါ။

"ခရီးစဉ်စပြီး ရက်ပိုင်းမှာပဲ ကောင်လေးတစ်ယောက် အိမ်သာပေါက်ထဲကနေ ပင်လယ်ထဲ ကျသေသွားခဲ့ပါတယ်။"

ဒါက ခါဒီဇာ နောက်ထပ် တွေ့ရမယ့် သေဆုံးမှုအများကြီးထဲက ပထမဆုံးတစ်ခုပါ။

ပင်လယ်ထဲ စက်လှေနဲ့ နှစ်လမျောနေခဲ့
ဓာတ်ပုံ ပုံစာ, ပင်လယ်ထဲ စက်လှေနဲ့ နှစ်လမျောနေခဲ့

မလေးရှားကို ရောက်ခါနီးပြီ

ပင်လယ်ပြင်ထဲ ရွက်လွှင့် ခုတ်မောင်းလာခဲ့အပြီး ၇ ရက်လောက်အကြာမှာ ရာသီဥတု ဆိုးဝါးပြီး လှိုင်းလုံးကြီးတွေနဲ့ ကြုံခဲ့ရပါတယ်။

မလေးရှားကမ်းရိုးတန်းကိုလည်း လှမ်းမြင်နေရပါပြီ။

အဲဒီမှာ လှေအသေးလေးတွေနဲ့ သူတို့ကို လာခေါ်ပြီး ကမ်းဆီ ပို့ပေးမယ်လို့ မျှော်လင့်ထားကြတာပါ။

ဒါပေမဲ့ ဘယ်သူမှ ရောက်မလာကြပါဘူး။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် မလေးရှားမှာ လုံခြုံရေး တင်းကျပ်ထားပြီး ကမ်းရိုးတန်းစောင့်အဖွဲ့တွေလည်းကင်းလှည့်စစ်ဆေးမှုတွေ ပိုလုပ်နေတာကြောင့် လူတွေ ခိုးသွင်းဖို့ အခက်တွေ့ခဲ့ရပါတယ်။

စက်လှေပေါ် ပါလာတဲ့သူတွေ မလေးရှားကမ်းပေါ် တက်နိုင်တော့မှာ မဟုတ်ဘူးလို့ စက်လှေမှူးက ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ခါဒီဇာရဲ့ မျှော်လင့်ချက်တွေ ပြိုပျက်သွားခဲ့ရပါပြီ။

ပင်လယ်ရေတွေ သောက်ခဲ့ရ

သူတို့ နောက်ဆုတ် လှည့်ပြန်ခဲ့ရပါပြီ။ အပြန်လမ်းမှာ စားနပ်ရိက္ခာနဲ့ သောက်သုံးရေ ပြတ်လပ်မှုတွေနဲ့ ကြုံလာရပါတော့တယ်။

မလေးရှားကိုအလာ လမ်းမှာတုန်းကတော့ သူတို့ကို တစ်နေ့ ရေတစ်ခွက်နဲ့ ထမင်းနှစ်ခါ ကျွေးပါတယ်။ တစ်ခါတလေ ပဲဟင်း ပါပါတယ်။

"အပြန်လမ်းမှာ ပထမတော့ တစ်နေ့ကို ထမင်းတစ်ကြိမ် ကျွေးပါတယ်။ နောက်တော့ နှစ်ရက်ကို တစ်ကြိမ်ပဲ ကျွေးပါတယ်။ ထမင်းဖြူချည်းသက်သက်ပါ၊ ဘာမှ မပါပါဘူး။"

သောက်ရေ မရတာကြောင့် လူတွေ အနေရခက်လာခဲ့ပါတယ်။

တချို့ဆိုရင် ကြံရာမရ ဖြစ်ပြီး ပင်လယ်ရေ သောက်ရတဲ့အထိ ဖြစ်ခဲ့ကြတယ်လို့ ခါဒီဇာ က ပြောပြပါတယ်။

"ရေငတ်ပြေအောင် အဝတ်တွေကို ပင်လယ်ရေထဲ စိမ်ထားပြီး အဝတ်ညှစ်ရာက ကျလာတဲ့ ရေစက်ကိုပါးစပ်နဲ့ ခံသောက်တဲ့နည်းကိုသုံးခဲ့ကြတယ်။"

ဒုတိယအကြိမ် အခွင့်အလမ်း

ရက်ပေါင်း အတန်ကြာတော့ ထိုင်းကမ်းရိုးတန်းနားကို ရောက်လာပါတယ်။ အဲဒီမှာ လူမှောင်ခိုတွေ စီစဉ်ပေးတဲ့ လှေငယ်တစ်စင်းနဲ့ လိုတဲ့ပစ္စည်းတွေ လာပို့ပေးပါတယ်။

မလေးရှားကို သွားဖို့ နောက်ထပ် အခွင့်အရေး စောင့်နေတုန်းမှာပဲ မြန်မာရေတပ်သင်္ဘောတစင်း ရောက်လာပြီး သူတို့ စက်လှေကို တားဆီး ရှာဖွေခဲ့ပါတယ်။

"စက်လှေမှူးနဲ့ လှေသမား ၃ ဦးကို ဖမ်းသွားခဲ့ပါတယ်။ဒါပေမဲ့ နောက်တော့ ပြန်လွှတ်ပေးခဲ့ပါတယ်"

"အပေးအယူလုပ်ပြီး ပြန်လွှတ်ပေးလိုက်တာလို့ ထင်တာပဲ" လို့ ခါဒီဇာက ပြောပါတယ်။

မလေးရှားကို သွားဖို့ သူတို့ရဲ့ ဒုတိယနဲ့ နောက်ဆုံးအကြိမ် ကြိုးစားမှုကလည်း ဒီမှာတင် အဆုံးသတ်သွားခဲ့ပါတော့တယ်။

ခရီးအတွင်း လူ ၅၀ လောက် သေဆုံးခဲ့ဖွယ်ရှိ
ဓာတ်ပုံ ပုံစာ, ခရီးအတွင်း လူ ၅၀ လောက် သေဆုံးခဲ့ဖွယ်ရှိ

လှေပေါ်က မကျေနပ်မှုတွေ

သူတို့ ဘယ်မှ မရောက်တော့ဘူးဆိုတာကို လှေပေါ်မှာ ပါလာသူတွေ တဖြည်းဖြည်း သိလာကြရပါပြီ။

"ကမ်းကပ်နိုင်မယ့် မျှော်လင့်ချက် မရှိဘဲ ပင်လယ်ထဲမှာ မျောနေတာ ကြာလာတော့ လူတွေက ဆောက်တည်ရာမဲ့ ဖြစ်လာကြပါတယ်။ ဘယ်လောက်ကြာကြာ အသက်ဆက်ရှင်နေနိုင်မှာလဲလို့ ကိုယ့်ကိုယ်ကိုယ် မေးမိကြတယ်။"

ဒီတော့ လှေပေါ်ပါလာတဲ့ လူတစ်စုက လှေသမားတွေကို တစ်နေရာရာမှာ ကမ်းကပ်ပေးဖို့ သွားမေတ္တာရပ်ခံကြတယ်။ မြန်မာဘက်ကမ်းပဲ ဖြစ်ဖြစ်၊ ဘင်္ဂလားဒေ့ရှ်ဘက်ကမ်းပဲ ဖြစ်ဖြစ်ပေါ့။

ဒါပေမဲ့ လှေသမားတွေက လက်မခံခဲ့ကြပါဘူး။ အန္တရာယ် များလွန်းတယ်လို့ ပြန်ပြောခဲ့ပါတယ်။ သူတို့အဖမ်းခံရနိုင်ပြီး စက်လှေလည်း အသိမ်းခံရနိုင်တယ်လို့ ဆိုပါတယ်။

ဘင်္ဂလားပင်လယ်အော်ထဲ စက်လှေ ဦးတည်ရာမဲ့ မျောပါနေချိန်မှာပဲ လှေပေါ်ပါလာသူတွေကို လှေသမားတွေက အဓမ္မကျင့်တယ်၊ ညှင်းပန်းနှိပ်စက်တယ် ဆိုတဲ့ သတင်းတွေ ပျံ့လာခဲ့ပါတယ်။

အခြေအနေတွေ ထိန်းမနိုင် ဖြစ်လာခဲ့တယ်လို့ ခါဒီဇာက ပြောပါတယ်။

"လှေသမားတစ်ယောက် အသတ်ခံခဲ့ရပြီး သူ့အလောင်းကို ပင်လယ်ထဲ ပစ်ချလိုက်တယ်လို့ ကြားတယ်။"

စက်လှေပေါ်မှာ လှေသမား ၁၀ ယောက် ပါလာပြီး လှေပေါ် ပါတဲ့ လူ ၄၀၀ ကို ကြီးကြပ်နေတာပါ။

"လှေပေါ်ပါတဲ့ လူတွေကို အနိုင်တိုက်နိုင်ဖို့ ခက်တယ် ဆိုတာကို လှေသမားတွေ သဘောပေါက်လာခဲ့ကြတယ်။"

ကမ်းဆီ ပို့ပေးနိုင်မယ့် လှေငယ်တွေ ငှားဖို့ ပိုက်ဆံ ထပ်ပေးရမယ် ဆိုပြီး လှေသမားတွေက တောင်းခဲ့ပါတယ်။

လှေပေါ်ပါသူတွေအကြား ခြစ်ခြစ်ကုပ်ကုပ်နဲ့ ပိုက်ဆံလိုက်ကောက်ပြီး ဒေါ်လာ ၁၂၀၀ ပေးလိုက်ပါတယ်။

ရက်ပိုင်းအကြာမှာ လှေငယ်တစ်စင်း ကပ်လာပါတယ်။

ချက်ချင်းပဲ စက်လှေမှူးနဲ့ လှေသမားအများစု အဲဒီလှေပေါ် ခုန်ချပြီး ထွက်ပြေးသွားပါတယ်။

စက်လှေပေါ် ကျန်ခဲ့တဲ့ လှေသမား နှစ်ယောက်ရဲ့ အကူအညီနဲ့ စက်လှေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ဦးလှည့်ခဲ့ပါတယ်။

အားလုံးဆုံးရှုံးခဲ့ရ

"နှစ်လအတွင်း ပထမဆုံးအကြိမ် ကမ်းကို မြင်လိုက်ရတော့ ကျွန်မမှာ ပျော်လိုက်တာလေ" လို့ ခါဒီဇာက ပြောပါတယ်။

သူတို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပြန်ရောက်လာပါပြီ။

သီတင်း နှစ်ပတ်ကြာ ကွာရန်တင်းစခန်းမှာ နေခဲ့အပြီး ဒုက္ခသည်စခန်းက သူ့အိမ်ကို ခါဒီဇာ ပြန်ခဲ့ပါတယ်။

ဒါပေမဲ့ သူ့အိမ်နေရာမှာ နောက်မိသားစုတစ်စုက ဝင်နေရာယူထားတာကို တွေ့လိုက်ရပါတယ်။

မြန်မာပြည်ဘက်အခြမ်းက သူထွန်ယက်စိုက်ပျိုးခဲ့တဲ့ လယ်မြေပေါ်မှာ ပြန်နေဖို့ မျှော်လင့်ချက်လည်းမရှိတော့ပါဘူး။

အခုတော့ သူ့သား၊ သမီးနဲ့အတူ နေရာကျဉ်းကျဉ်းလေးမှာ အတူနေနေရပါတယ်။

"ကျွန်မအိပ်မက်ကို အကောင်အထည်ဖော်ရင်း အားလုံး ဆုံးရှုံးသွားခဲ့ရပါတယ်။ ကျွန်မလို ထပ်မမှားကြပါနဲ့" လို့ ခါဒီဇာက လေးလေးနက်နက် ပြောသွားခဲ့ပါတယ်။