ကွာရန်တင်းနေရာအခက်အခဲ ဘယ်လိုဖြေရှင်းမလဲ၊ စွပ်စွဲပြစ်တင်ပြီး ရာထူးက ပထမဆုံးဖြုတ်ချခံရသူဖြစ်လာတဲ့ ကယားဝန်ကြီးချုပ် စတဲ့ တစ်ပတ်အတွင်း ပြည်တွင်းသတင်းကောက်နုတ်ချက်

မြန်မာမှာ ကိုဗစ်လူနာအများဆုံးရှိနေတာက ရန်ကုန်မြို့နဲ့ ရခိုင်ပြည်နယ်က စစ်တွေမြို့တို့ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Ye Ko/MPA

ဓာတ်ပုံ ပုံစာ, မြန်မာမှာ ကိုဗစ်လူနာအများဆုံးရှိနေတာက ရန်ကုန်မြို့နဲ့ ရခိုင်ပြည်နယ်က စစ်တွေမြို့တို့ဖြစ်ပါတယ်။
ရေးသားခဲ့သည်။

ပြီးခဲ့တဲ့တစ်ပတ်အတွင်းမှာ ကိုဗစ်လူနာတစ်ထောင်ကျော်သွားတဲ့နောက် လူနာနဲ့ထိတွေ့သူတွေကို အသွားအလာကန့်သတ်ထားရှိဖို့ အခက်အခဲတချို့ရှိလာတာနဲ့ စွပ်စွဲပြစ်တင်ခံရပြီး လွှတ်တော်အဆုံးအဖြတ်နဲ့ ပထမဆုံးဖြုတ်ချခံရတဲ့ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို သတင်းတွေက ထိပ်တန်းရောက်ခဲ့ပါတယ်။

နေ့စဉ်တိုးလာတဲ့ အတည်ပြု လူနာတွေနဲ့ ထိတွေ့သူတွေကို ကွာရန်တင်းထားဖို့ နေရေးစားရေးနဲ့ ဒီလူတွေကို စောင့်ရှောက်ဖို့ စေတနာ့ဝန်ထမ်း ရရှိရေး အခက်အခဲတွေ ရှိလာနေပါတယ်။

တစ်ခါ အန်အယ်လ်ဒီအစိုးရလက်ထက် စွပ်စွဲပြစ်တင်ခံရပြီး ရာထူးက ပထမဆုံး ဖြုတ်ချခံရတဲ့ ကယားဝန်ကြီးချုပ်ရဲ့ နောက်ဆက်တွဲ သတင်းတွေ ကလည်း နိုင်ငံရေးအသိုင်းအဝိုင်းနဲ့လေ့လာသုံးသပ်သူတွေကြား ဆွေးနွေးငြင်းခုံစရာဖြစ်ခဲ့ပါတယ်။

ကွာရန်တင်းစင်တာတွေမှာ ဘယ်လိုအခြေအနေရှိနေလဲ

မြန်မာမှာ ကိုဗစ်အတည်ပြုလူနာ စတွေ့တဲ့မတ်လကနေ စရေတွက်ရင် ငါးလကျော်အတွင်း အတည်ပြုလူနာ တစ်ထောင်ကျော်ကို ရောက်လာခဲ့ပါပြီ။

နေ့စဉ် ရာဂဏန်းနီးပါးတိုးလာတဲ့ လူနာတွေထဲမှာ ရန်ကုန်နဲ့ ရခိုင်ပြည်နယ်က အများဆုံး ဖြစ်နေပါတယ်။

အစိုးရရဲ့ လက်ရှိမူဝါဒက ပိုးတွေ့လူနာအားလုံးကို ဆေးရုံတင်ထားပြီး လူနာနဲ့ ထိတွေ့သူ အားလုံးကို အသွား အလာကန့်သတ်စောင့်ကြည့်တဲ့နေရာတွေမှာ ထားရှိတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်ကစလို့ ပိုးတွေ့လူနာ တစ်ဟုန်ထိုးတက်လာတဲ့ ရန်ကုန်မှာ ဝေဘာဂီ နဲ့ တောင်ဥက္ကလာ ပဆေးရုံတွေအပြင် ကိုဗစ်ကုသရေးဌာနအဖြစ် အသွင်ပြောင်းထားတဲ့ ဝန်ထမ်းလေ့ကျင့်ရေးကျောင်း ဖောင်ကြီးမှာ စတင် ကုသပေးနေရပြီ ဖြစ်ပါတယ်။

ရခိုင်မှာလည်း နေ့စဉ်တိုးလာတဲ့လူနာတွေကို ကုသဖို့ ယာယီဆေးရုံလုပ်နိုင်မယ့်နေရာတွေကို ရှာဖွေပြင်ဆင်ထားနေရပါပြီ။

အရင်က လူနာသစ်တိုးနှုန်း သိပ်မများတဲ့ အခြေအနေမှာ ကွာရန်တင်းနေထိုင်ရသူတွေရဲ့ နေရေးစားရေးအတွက် အခက်သိပ်မကြုံခဲ့ပေမဲ့ ခုအခြေအနေမှာတော့ ထိတွေ့သူတွေကို ကွာရန်တင်းထားဖို့ နေရာနဲ့ စားရေးသောက်ရေး အခက်အခဲတချို့ရှိလာတဲ့အကြောင်း မြေပြင်မှာ ဆောင်ရွက်နေသူတွေက ပြောပါတယ်။

မြန်မာမှာ အသွားအလာကန့်သတ်ထားသူက သောင်းနဲ့ချီရှိနေပါပြီ။

ဓာတ်ပုံ ရင်းမြစ်, Ye Ko/MPA

ဓာတ်ပုံ ပုံစာ, မြန်မာမှာ အသွားအလာကန့်သတ်ထားသူက သောင်းနဲ့ချီရှိနေပါပြီ။

"ရွှေပြည်သာက တက္ကသိုလ်မှာ ဖွင့်ထားတဲ့ ကွာရန်တင်းစင်တာမှာတော့ လူမဆံ့တော့တဲ့အတွက် အထက်တန်းကျောင်းနှစ်ကျောင်းကို ပြင်ဆင်နေရပြီး အဲဒီကျောင်းတွေမှာ ဖွင့်မယ့် စင်တာကတော့ ရွှေပြည်သာမြို့နယ်ဒေသခံတွေရဲ့အလှူငွေနဲ့လည်ပတ်မယ်"လို့ ရွှေပြည်သာအမတ် ဦးရန်အောင်မင်းက ဘီဘီစီကိုပြောပါတယ်။

ကွာရန်တင်းစင်တာမှာ တစ်ဦးကို တစ်ရက် စားစရိတ် ကျပ် ၅၀၀၀ နှုန်းနဲ့ အစိုးရက ထောက်ပံ့ပေးတာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီစင်တာတွေမှာ အသွားအလာကန့်သတ်ထားသူတွေကိုသာ အစိုးရက အကုန်အကျခံတာဖြစ်ပြီး စင်တာပြင်ပမှာ လုံခြုံရေးတာဝန်ယူရတဲ့ ရဲတပ်ဖွဲ့၊ စေတနာ့ဝန်ထမ်းနဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက်ကိုတော့ ကျခံပေးတာမျိုးမရှိဘူးလို့လည်း သူက ဆက်ပြောပါတယ်။

"လူနာက ၃၀ ဆိုရင် သူနဲ့ထိတွေ့တဲ့သူတွေက လူပေါင်းတစ်ရာလောက်ရှိတယ်။ သူတို့ကို ကွာရန်တင်းထည့်နေရတာ။ သူတို့ကို ကျွေးရမွေးရတဲ့စရိတ်၊ သူတို့အတွက် စေတနာ့ဝန်ထမ်းပေါ့နော်။ ဒါတွေလည်းလိုတယ်။ ခုနောက်ပိုင်း နေစရာက အရမ်းလိုလာရင်တော့ တိုင်းဒေသကြီးအစိုးရက စီစဉ်ထားတာရှိပါတယ်။ လူမနေသေးတဲ့တိုက်ခန်း ခြောက်ထောင်လောက်ရှိတယ်။ ဒါတွေ မှမဆံ့ရင်တော့ ဟိုတယ်တွေနဲ့ ချိတ်ပြီးဆောင်ရွက်ဖို့တော့ စီစဉ်ထားတယ်" လို့ ဦးရန်အောင်မင်းကပြောပါတယ်။

နေအိမ်ကွာရန်တင်းထားသင့်လား

နောက်ပိုင်း ကွာရန်တင်းစင်တာတွေမှာ လူတွေဒီထက်များလာခဲ့ရင်တော့ မိမိအစီအစဉ်နဲ့မိမိ ကွာရန်တင်းဝင်နေသူတွေကို အိမ်ကနေ စားစရာ လာပို့မှ အဆင်ပြေမယ့် အခြေအနေဖြစ်တယ်လို့ ဦးရန်အောင်မင်းက ပြောပါတယ်။

ဒါကြောင့် တခြားနိုင်ငံတွေမှာလုပ်သလို သံသယရှိသူတွေကို ကနဦးနေအိမ်တွေမှာပဲ ကွာရန်တင်းထားသင့်တယ်ဆိုတဲ့ထောက်ပြချက်တွေလည်း ထွက်လာပါတယ်။

ဒီတော့ မြန်မာမှာ နေအိမ်ကွာရန်တင်းဝင်သူတွေကို ခွင့်ပြုပေးသင့်ပါသလား။ ကွာရန်တင်းထားတဲ့နေရာကနေ ပိုး မကူးစက်အောင်ရော နည်းပညာအသုံးပြုပြီး အဖြေရှာဖို့ ပိုးတွေ့လူနာအများဆုံးရှိနေတဲ့ သင်္ကန်းကျွန်းမြို့နယ်က တိုင်းဒေသကြီးအမတ် ဦးနေဘုန်းလတ်က အကြံပြုပါတယ်။

လက်ရှိမှာ ကိုဗစ် အတည်ပြုလူနာနဲ့ထိတွေ့မှုတွေကို နောက်ယောင်ခံရှာဖွေဖော်ထုတ်သတင်းပေးနိုင်တဲ့ မိုဘိုင်းလ်အက်ပလီကေးရှင်းတချို့ကို ဖန်တီး ထားတာရှိပြီး ဒီနည်းပညာတွေကို အပြည့်အဝ အသုံးပြုနိုင်ရင်တော့ နေအိမ်ကွာရန်တင်းထားမယ့် အစီအစဉ်လုပ်နိုင်ပြီး ထိတွေ့မှုအန္တရာယ်ကိုလည်း လျှော့ချနိုင်မယ်လို့ ကိုနေဘုန်းလတ်က ပြောပါတယ်။

အဲဒီလိုနည်းပညာကို အသုံးပြုဖို့ ဆောင်ရွက်ရာမှာလည်း သေချာစနစ်တကျနဲ့ ပြည်သူတွေ သုံးနိုင်ဖို့ အစိုးရတာဝန်ရှိသူတွေဘက်က အင်နဲ့အားနဲ့ အကောင်အထည်ဖော်သင့်တယ်လို့ သူက အကြံပြုပါတယ်။

နည်းပညာကို မသုံးနိုင်သေးသမျှ နေအိမ်ကွာရန်တင်းထားမယ့်အစီအစဉ်မှာ လူအင်အား သုံးဆောင်ရွက်ရတာမျိုးတွေ ဖြစ်လာမယ်လို့ အမတ် ဦးနေဘုန်းလတ်က ပြောပါတယ်။

ကမ္ဘာပေါ်မှာ စက်တင်ဘာ ၄ ရက် နေ့လယ်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူပေါင်း ၂၆ သန်းကျော်ရှိပြီး သေဆုံးသူ ကိုးသိန်းနီးပါး ရှိနေပါတယ်။ ပြန်လည်ကျန်းမာလာသူက ၁၈ သန်းကျော်ဖြစ်ပါတယ်။ မြန်မာမှာတော့ အတည်ပြုလူနာ တစ်ထောင်ကျော်နဲ့သေဆုံးသူက ၇ ဦးရှိသွားပြီဖြစ်ပါတယ်။

စွပ်စွဲပြစ်တင်ဖြုတ်ချခံရတဲ့ ပထမဆုံးဝန်ကြီးချုပ်

လွှတ်တော်က ဖွဲ့စည်းတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့က မမှန်ကန်ဘူးလို့ ဝန်ကြီးချုပ်ဟောင်းက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Kayah State Hluttaw

ဓာတ်ပုံ ပုံစာ, လွှတ်တော်က ဖွဲ့စည်းတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့က မမှန်ကန်ဘူးလို့ ဝန်ကြီးချုပ်ဟောင်းက ပြောပါတယ်။

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို ပြည်နယ်လွှတ်က စွပ်စွဲပြစ်တင်ပြီး ရာထူးက ဖြုတ်ချခဲ့ပါတယ်။

ဦးအယ်လ်ဖောင်းရှိုဟာ ရွေးကောက်ပွဲတွေအရ ပေါ်ပေါက်လာတဲ့ လွှတ်တော် သက်တမ်းနှစ်ကြိမ်အတွင်း ပထမဆုံး စွပ်စွဲပြစ်တင်ပြီးဖြုတ်ချခံရတဲ့ ဝန်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်။

စွပ်စွဲခံရတဲ့အချက်တွေက အစိုးရပိုင်စက်ယန္တရားငှားရမ်းခတွေကို ဘတ်ဂျက် ဥပဒေစည်း မျဉ်းတွေဖောက်ဖျက်ပြီး ကိုယ်ကျိုးစီးပွားအတွက် ကိုယ်ပိုင်ငွေ စာရင်းဖွင့်သုံးစွဲခဲ့တာနဲ့ ကယားပြည်နယ်နေ့ကျင်းပရာမြေနေရာကို အများပြည်သူပိုင်အဖြစ် ထားရှိရေး လွှတ်တော်မှာ အောင်ထားတဲ့အဆိုကို လိုက်နာ အကောင်အထည်ဖော်ဖို့ ပျက်ကွက်တာ ဆိုတဲ့ အချက်နှစ်ချက်ဖြစ်ပါတယ်။

စွပ်စွဲမှုတွေရဲ့ အဓိက သက်သေအဖြစ် စုံစမ်းစစ်ဆေးရေးအဖွဲ့ဘက်က ပြည်နယ် စာရင်းစစ်ချုပ်အစီရင်ခံစာနဲ့ ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာန ကပေးပို့တဲ့စာရင်းတွေကို တိုက်ဆိုင်စစ်ဆေးခဲ့တာဖြစ်ပါတယ်။

အဲဒီလို စစ်ဆေးတဲ့အခါ၂၀၁၆ ကနေ ၂၀၁၈ ထိ ၂ နှစ်ကျော်အတွင်း စက်ယန္တရားငှားရမ်းခရငွေ ကျပ် သိန်းပေါင်း ၅,၆၀၀ ကျော်အနက် ဝန်ကြီးချုပ်ဟာ ကိုယ်ရေးကိုယ်တာကိစ္စအတွက် ကျပ်သိန်းပေါင်း ၃၇၀ ကျော်သုံးစွဲခဲ့ပြီး ပါတီလုပ်ငန်းအတွက် ၁၃ သိန်းကျော်သုံးစွဲခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ပါတီဘက်ကတော့ ဦးအယ်လ်ဖောင်းရှိုဆီက ပါတီအတွက် ငွေကြေး တစ်စုံတစ်ရာ လက်ခံရယူခဲ့တာမရှိဘူးလို့ ပါတီပြောခွင့်ရသူဒေါက်တာ မျိုးညွန့်ကပြောပါတယ်။

ဦးအယ်လ်ဖောင်းရှိုကတော့ သူ့ကို စွပ်စွဲပြစ်တင်ဖို့ တင်ပြတဲ့သူတွေထဲက အများစုနဲ့ လွှတ်တော်က ပြန်လည် ဖွဲ့စည်းပေးလိုက်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ တရားလိုက တရားသူကြီး ဖြစ်နေတဲ့အခြေအနေကြောင့် ဒီအဖွဲ့ထံ အစစ်မခံခဲ့တာလို့ ဘီဘီစီကိုပြောပါတယ်။

စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ မှန်မှန်ကန်ကန် စုံစမ်းစစ်ဆေးမယ်ဆိုရင် အချိန်မရွေး ချပြလို့ရကြောင်းနဲ့ မှန်ကန်တဲ့အတွက် ဘာကိုမှ စိုးရိမ်ကြောက်လန့်နေစရာမရှိဘူးလို့လည်း ဆိုပါတယ်။

ဒါကြောင့် စုံစမ်းစစ်ဆေးရေးအဖွဲ့က တွေ့ရှိပြီး တင်ပြလာတဲ့ ငွေကြေးသုံးစွဲမှု စာရင်းဇယားတွေနဲ့ ပြည်နယ် စာရင်းစစ်ချုပ် အစီရင်ခံစာတွေ့ရှိချက်တွေအရ ပေါ်ပေါက်နေတဲ့ ကိုယ်ကျိုးအတွက် ကိုယ်ပိုင်ငွေစာရင်းဖွင့်ပြီး သုံးစွဲထားတဲ့ငွေကြေးတွေနဲ့ပတ်သက်လို့ ရှင်းပြပေးဖို့ရှိမရှိ ဘီဘီစီက ဝန်ကြီးချုပ်ကို မေးမြန်းခဲ့ပါတယ်။

ဒါကိုတော့ ဦးအယ်လ်ဖောင်းရှိုက ရှင်းပြစရာမလိုဘဲ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းနဲ့အညီ ဆောင်ရွက်ခဲ့တာဖြစ်ပြီး အစိုးရအဖွဲ့ရုံးမှာ လေးနှစ်စာ အစီရင်ခံစာတွေ၊ စာရင်းစာအုပ်တွေကို မည်သူမဆို လာရောက်တောင်းခံကြည့်ရှုနိုင်တယ်လို့သာ တုံ့ပြန်ပါတယ်။

အန်အယ်လ်ဒီအမတ်အများစုရှိတဲ့ ကယားလွှတ်တော်မှာ ဝန်ကြီးချုပ်ကို တာဝန်က ရပ်စဲရေးမဲခွဲတဲ့အခါ ထောက်ခံမဲ ၁၆ မဲ ကန့်ကွက်မဲ ၄ မဲနဲ့ အဆိုအောင်မြင်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Kayah State Hluttaw

ဓာတ်ပုံ ပုံစာ, အန်အယ်လ်ဒီအမတ်အများစုရှိတဲ့ ကယားလွှတ်တော်မှာ ဝန်ကြီးချုပ်ကို တာဝန်က ရပ်စဲရေးမဲခွဲတဲ့အခါ ထောက်ခံမဲ ၁၆ မဲ ကန့်ကွက်မဲ ၄ မဲနဲ့ အဆိုအောင်မြင်ခဲ့ပါတယ်။

ကယားပြည်နယ်လွှတ်တော်မှာ အန်အယ်လ်ဒီအမတ်က ဆယ်ဦး၊ တပ်ကိုယ်စားလှယ် ၅ ဦး၊ ကြံ့ခိုင်ရေးအမတ် ၄ဦးနဲ့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ က တစ်ဦး စုစုပေါင်း ၂၀ ဦးရှိပါတယ်။ ဝန်ကြီးချုပ်ကို တာဝန်က ရပ်စဲဖို့ မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲ ၁၆ မဲ ကန့်ကွက်မဲ ၄မဲရှိခဲ့တာကြောင့် ထောက်ခံမဲ ထဲမှာ အန်အယ်လ်ဒီအမတ် ၆ ဦး ပါဝင်တယ်လို့ ဆိုနိုင်ပါတယ်။

ဦးအယ်လ်ဖောင်းရှိုကို ရာထူးက ဖြုတ်ချတဲ့ လုပ်ရပ်ဟာ ကယားပြည်နယ် လွှတ်တော်ဥက္ကဋ္ဌက ပုဂ္ဂိုလ်ရေး ပုဂ္ဂိုလ်ရေးအာဃာတနဲ့ ဆောင်ရွက်တာ ဖြစ် တယ်လို့ NLD ပါတီဘက်က ရှုမြင်ပါတယ်။

ကယားပြည်နယ် လွှတ်တော်ဥက္ကဋ္ဌဟာ လာမယ့်ရွေးကောက်ပွဲအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ကိုယ်စားလှယ်လောင်းအဖြစ် ထပ်ရွေးမခံရ တာကြောင့် တခြားအရွေးမခံရတဲ့ NLD လွှတ်တော် ကိုယ်စားလှယ်တချို့နဲ့ပေါင်းပြီး အာဃာတနဲ့ NLD ပါတီပုံရိပ်ထိခိုက်အောင် အချိန်ကိုက် ဆောင်ရွက်ခဲ့ တာလို့ ကြေညာချက်ထဲမှာ ဆိုပါတယ်။

ကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေးဟာ အန်အယ်လ်ဒီပါတီက နုတ်ထွက်ခွင့်ပြုထားခံရသူဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Kayah State Hluttaw

ဓာတ်ပုံ ပုံစာ, ကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေးဟာ အန်အယ်လ်ဒီပါတီက နုတ်ထွက်ခွင့်ပြုထားခံရသူဖြစ်ပါတယ်။

စုံစမ်းစစ်ဆေးရေးအဖွဲ့ကတော့ ဝန်ကြီးချုပ်က လုပ်ထုံးလုပ်နည်းနဲ့မညီတဲ့အချက်တွေကို စစ်ဆေးတွေ့ရှိချက်အတိုင်း တင်တာဖြစ်တယ်လို့ ဆိုထားပါတယ်။

ဝန်ကြီးချုပ်ကို လွှတ်တော်က စွပ်စွဲပြစ်တင်ဖြုတ်ချခြင်းမှာ အန်အယ်လ်ဒီပါတီရဲ့ ဒီရပ်တည်စဉ်းစားချက်နဲ့ပတ်သက်လို့ နိုင်ငံရေးလေ့လာသုံး သပ်သူ ဒေါက်တာရန်မျိုးသိမ်းက ကတော့ စစ်ဆေးတွေ့ရှိချက်တွေနဲ့ လွှတ်တော်ရဲ့မဲခွဲဆုံးဖြတ်ချက်တွေအရ ဒီကိစ္စကို အတည်ပြုထားတာဖြစ်လို့ ဝန်ကြီးချုပ်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေနဲ့ စုံစမ်းစစ်ဆေးသင့်တယ်လို့ အကြံပြုပါတယ်။

ဝန်ကြီးချုပ်ဟာ တာဝန်နဲ့လုပ်ပိုင်ခွင့်ကို ကျော်လွန်ပြီးဆောင်ရွက်တာ၊ ပြည်ထောင်စုအစိုးရအဖွဲ့က ချမှတ်ထားတဲ့ ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းတွေကိုကျော်လွန်ဆောင်ရွက်တာ မှန်တယ်ဆိုရင်၊ အဲဒီလို ဆောင်ရွက်မှုတွေကနေ ကိုယ်ကျိုးအတွက် ဆောင်ရွက်တာ ရှိမရှိကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေနဲ့ စုံစမ်းစစ်ဆေးဖို့ လိုအပ်တာဖြစ်တယ်လို့ ဒေါက်တာရန်မျိုးသိမ်းကပြောပါတယ်။

ဒီဖြစ်စဉ်ကြောင့် ကယားပြည်နယ်မှာ အန်အယ်လ်ဒီပါတီအောင်နိုင်ရေး ထိခိုက်မှုရှိနိုင်မရှိနိုင်ဆိုတာက မကြာခင် ရောက်ရှိလာမယ့် နိုဝင်ဘာရွေးကောက်ပွဲမှာ အဖြေပေါ်ဖို့ရှိနေပါတယ်။

ဗီဒီယို ပုံစာ, ကိုဗစ် ကူးစက်သူ တကျော့ပြန် မြင့်တက်လာတဲ့ ဆိုးလ်မြို့တော်မှာ လော့ခ်ဒေါင်းချတော့မလား