ရခိုင်မှာ ကိုဗစ်တွေ့ရှိမှု လတ်တလော လျော့နည်း

စစ်တွေ ဆေးရုံကြီး

ဓာတ်ပုံ ရင်းမြစ်, Myint Lwin

ရေးသားခဲ့သည်။

ကိုဗစ်ပြည်တွင်းကူးစက်မှု ရုတ်တရက် မြင့်တက်ခဲ့တဲ့ ရခိုင်ပြည်နယ်မှာ တစ်နေ့ ကူးစက်မှု ၆၀ ကျော်ရှိခဲ့ရာက အခုရက်ပိုင်းမှာ ၁၀ ဦး ဝန်းကျင်အထိ လျော့နည်းလာပါတယ်။

ရခိုင်ပြည်နယ်မှာ သြဂုတ်လ ၁၆ ရက် နောက်ပိုင်းက စတင်ပြီး ကူးစက်မှု ရုတ်တရက် မြန်ဆန်လာရာက နှစ်ပတ်ကျော်အကြာ အခု စက်တင်လဘာဆန်းပိုင်းမှာ လတ်တလော ပြန်လျော့နည်းသွားတဲ့ အခြေအနေတွေကို မြင်တွေ့နေရတာ ဖြစ်ပါတယ်။

ကူးစက်သူတွေ့ရှိမှု အခြေအနေ

ဩဂုတ် ၃၀ ရက်က ၂၁ ဦး၊ ၃၁ ရက်မှာ ၅၉ ဦး၊ စက်တင်ဘာ ၁ ရက်မှာ ၅ ဦး၊ ၂ ရက်မှာ ၆ ဦး၊ ၃ ရက်မှာ ၃၁ ဦး၊ ၄ ရက်နေ့မှာ ၈ ဦး တွေ့ရှိခဲ့ပါတယ်။

အခုလို ပိုးတွေ့အတည်ပြုလူနာတွေ နည်းပါးနေတာဟာ နှာခေါင်း၊ အာခေါင်တို့ဖတ်တွေကို ရန်ကုန်ကိုအချိန်မီ မပို့ဆောင်ပေးနိုင်တဲ့အနေအထားပေါ်မှာလည်း မူတည်နေတယ်လို့ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောပါတယ်။

လတ်တလောမှာ ပိုးကူးစက်ခံရသူတွေ့ရှိမှု နည်းပါးနေပေမဲ့ ဗိုင်းရပ်စ်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ပြီလို့ ပြောလို့မရနိုင်သေးဘူးလို့ ဒေါက်တာစိုးဝင်းပိုင်က ဘီဘီစီကို ပြောပါတယ်။

ဆေးစစ်ချက်နမူနာတွေကို လေကြောင်းကနေတစ်ဆင့် ပို့ဆောင်ပေးနေရတာ ဖြစ်တဲ့အတွက် စစ်တွေမြို့ကို လေယာဉ်ဆင်းတဲ့ရက်တွေမှာ နှစ်ရက်တစ်ကြိမ်စီ ပို့ပေးနေရတာဖြစ်တယ်လို့ ပြောပါတယ်။

"သုံးသပ်ဖို့က နည်းနည်းတော့စောသေးတယ်။ ... စောသေးတယ်ဆိုတာက နှစ်ပတ်လောက်ပဲရှိသေးတယ်။ ဒီလောက်ဖြစ်နေတဲ့ဟာကို တစ်ပတ်၊နှစ်ပတ်လောက်နဲ့ ထိန်းချုပ်နိုင်တယ်လို့ ပြောဖို့က စောသေးလို့"လို့ ဒေါက်တာစိုးဝင်းပိုင်က ပြောပါတယ်။

ကူးစက်ပြန့်ပွားရာနေရာတွေ

စစ်တွေမြို့အပါအဝင် ရခိုင်ပြည်နယ်အတွင်းက မြို့နယ်ပေါင်း ၁၆ ခုကို ကိုဗစ်-၁၉ ပိုးကူးစက်မှုဖြစ်ပွားနေပြီး ဩဂုတ်လကုန် အထိ ပိုးကူးစက်ခံရမှုအခြေအနေဟာ စိုးရိမ်ရတဲ့အနေအထားကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။

မြို့နယ် ၁၇ မြို့နယ် ရှိတဲ့ ရခိုင်ပြည်နယ်မှာ ရမ်းဗြဲ တစ်မြို့နယ်ပဲ ကူးစက်သူ မတွေ့ရှိရသေးတာ ဖြစ်ပါတယ်။

စစ်ဆေး၊ ကုသ၊ ထိန်းချုပ်မှု ဘာတွေလုပ်နေလဲ

လက်ရှိမှာ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်နိုင်ခြေရှိသူတွေနဲ့ သံသယလူနာတွေဆီက တို့ဖတ်နမူနာတွေကို စစ်တွေဆေးရုံကြီးမှာလည်း စစ်ဆေးနိုင်ပြီး အခုနှစ်ပတ်အတွင်းမှာ လူ ၈၀၀ ကျော် ၉၀၀ နီးပါးလောက်ကို စစ်ဆေးခဲ့ပြီးဖြစ်တယ်လို့ ကျန်းမာရေးဌာနထံက သိရပါတယ်။

စစ်တွေမြို့မှာ ကိုဗစ်-၁၉ ဒေသတွင်းကူးစက်မှု စတင်တွေ့ရှိခဲ့တဲ့ ဩဂုတ် ၁၆ ရက်နေ့ကနေ စက်တင်ဘာ ၅ ရက် ဒီကနေ့ မနက်ပိုင်းအထိ ရခိုင်ပြည်နယ်အတွင်းက တို့ဖတ်နမူနာစစ်ဆေးပြီးခဲ့သူပေါင်း ၁၅၃၄ ဦးခန့်ရှိပြီး အဲ့ဒီထဲက ၄၉၂ ဦးမှာ ပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။

စစ်တွေစျေး မှာလည်း သွေးနမူနာယူစစ်မယ်

ဓာတ်ပုံ ရင်းမြစ်, Myin Lwin

ဓာတ်ပုံ ပုံစာ, စစ်တွေစျေးမှာလည်း သွေးနမူနာယူစစ်မယ်

ဒါ့အပြင် စစ်တွေဆေးရုံကြီးနဲ့ သူနာပြုသင်တန်းကျောင်းတွေမှာ လက်ရှိအချိန်ထိ ကုသပေးနေသူ ၂၇၃ ဦးရှိပြီး အဲ့ဒီထဲက နှစ်ကြိမ်ဆက်တိုက်ပိုးမတွေ့ရှိတော့ဘဲ ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ ၁၀ ဦးကိုတော့ ဒီကနေ့ ညနေပိုင်းမှာ ဆေးရုံက ဆင်းခွင့်ပြုတော့မှာ ဖြစ်တယ်လို့ စစ်တွေဆေးရုံအုပ်ကြီး ဒေါက်တာ ဇော်လွင်က ပြောပါတယ်။

အဲ့ဒီလူတွေဟာ ကျန်းမာရေးပြန်လည်ကောင်းမွန်လာတဲ့အပြင် တခြာလူတွေဆီကိုလည်း ပိုးကူးစက်နိုင်ခြေ မရှိတော့တဲ့အတွက် သူတို့ရဲ့နေအိမ်တွေကို ပြန်လည်ပို့ဆောင်ပေးတော့မှာဖြစ်တယ်လို့ ပြောပါတယ်။

"ဒီနေ့ လူနာတွေကောင်းမွန်လာတဲ့အတွက် ၁၀ ဦးပေါ့၊ Negative နှစ်ခါထွက်တဲ့အတွက် ကျွန်တော်တို့ ဆေးရုံကဆင်းဖို့ပြင်ဆင်နေပါပြီ။ ဒီညနေပေါ့။"လို့ ဆေးရုံအုပ်ကြီး ဒေါက်တာ ဇော်လွင်က ပြောပါတယ်။

အဲ့ဒီပြန်လည်ကောင်းမွန်လာတဲ့အတွက် ဆေးရုံဆင်းခွင့်ရကြတော့မယ့် လူ ၁၀ အထဲမှာ စီဘီဘဏ်ဝန်ထမ်းတွေ ပါမပါကိုတော့ လောလောဆယ်အသေးစိတ်မသိရသေးဘူးလို့ ပြောပါတယ်။

ကျန်တဲ့လူနာတွေထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက နဂိုရောဂါအခံရှိသူတွေ မူလရောဂါတွေ ပြင်းထန်လာတဲ့အတွက် ကြပ်မတ်ကုသနေရတဲ့ လူနာ ၅ ဦးရှိနေပြီး စိုးရိမ်ရတဲ့အခြေအနေတော့မရှိဘူးလို့ ဒေါက်တာဇော်လွင်က ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ပိုးကူးစက်ပျံ့နှံ့မှုဖြစ်ပွားနေတဲ့ မြို့နယ်ပေါင်း ၁၆ ခုအနက် စစ်တွေမြို့ဟာ ကူးစက်ခံရမှု အများဆုံး အခြေအနေကိုရောက်ရှိလာခဲ့တဲ့အတွက် စစ်တွေမြို့ပေါ် လူသွားလူလာများပြားတဲ့နေရာတွေက ဒေသခံပြည်သူ ၁၀၀၀ လောက်ကို သွေးနမူနာတွေယူပြီး စစ်ဆေးတာတွေ ပြုလုပ်နေပါတယ်။

အဲ့ဒီစစ်ဆေးမှုကို ဩဂုတ်လ ၃၁ ရက်နေ့က စက်တင်ဘာ ၅ ရက် ဒီကနေ့အထိ ပြုလုပ်နေတာဖြစ်ပြီး ကျန်းမာရေးဌာနအနေနဲ့ လူတစ်ထောင်လောက်ဆီကနေ သွေးနမူနာတွေကိုစစ်ဆေးဖို့ ပြင်ဆင်ခဲ့ပေမဲ့ လက်ရှိမှာတော့ ၈၀၀ လောက်သာရရှိခဲ့တယ်လို့ ဒေါက်တာစိုးဝင်းပိုင်က ပြောပါတယ်။

စစ်ဆေးပြီးတဲ့ သွေးနမူနာတွေထဲမှာ Positive တွေ့ရှိသူတွေနည်းပါးပြီး အဲ့ဒီလူတွေဆီမှာ ကိုဗစ်ပိုးရှိမရှိ တို့ဖတ်နမူနာတွေကို ထပ်မံစစ်ဆေးရဦးမှာဖြစ်တယ်လို့ ပြောပါတယ်။

လူနာတချို့ကို ဖောင်ကြီးမှာကုမယ်

စက်တင်ဘာ ၅ ရက် ဒီကနေ့ မွန်းလွဲပိုင်းအထိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ တစ်နိုင်ငံလုံးမှာ မနေ့ကစစ်ဆေးမှုအရ ပိုးတွေ့ရှိသူ အသစ် ၈၃ ဦးရှိကြောင်း ထုတ်ပြန်ခဲ့ပြီး အဲ့ဒီထဲက ကူးစက်မှုများပြားနေတဲ့ဒေသတွေက လူနာတချို့ကို ရန်ကုန်တိုင်းက ကိုဗစ်ကုသရေးဌာန ဖောင်ကြီးကို ပို့ဆောင်ကုသမယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲ့ဒါဟာ စစ်တွေမြို့နဲ့ ပိုးကူးစက်ခံရသူတွေများပြားလာနေတဲ့ ဆေးရုံတွေက လူနာတွေကို မူလဆေးရုံတွေမှာထက် ပိုမိုပြီး ပြည့်စုံတဲ့ ဖောင်ကြီးဆေးရုံကို ပို့ဆောင်ကုသဖို့ စဉ်းစားတာဖြစ်ပြီး တကယ်တမ်းမှာတော့ လက်ရှိဆေးရုံမှာတွေမှာ အဆင်ပြေနေတဲ့အတွက် မူလနေရာတွေမှာပဲ ဆက်လက်ထားရှိတော့မယ်လို့ ဒေါက်တာဇော်လွင်က ပြောပါတယ်။

အခုလက်ရှိ မြန်မာနိုင်ငံမှာ အတည်ပြုပိုးတွေ့လူနာ ၁,၂၁၆ ဦး ရှိပြီး သေဆုံးသူ ၇ ဦး ရှိပြီ ဖြစ်ပါတယ်။