စစ်တွေ ကိုဗစ်လူနာတွေထဲက ပထမဆုံးအသုတ် ပိုးကင်းစင်သူ ၁၀ ဦးကို အိမ်ပြန်ပို့

ဆေးရုံက ဆင်းလာသူတွေ

ဓာတ်ပုံ ရင်းမြစ်, Myint Lwin

ရေးသားခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု အများဆုံးဖြစ်ပွားနေတဲ့ စစ်တွေမြို့ ဆေးရုံကြီးမှာ ကုသမှုခံယူနေကြတဲ့ ပိုးတွေ့လူနာတွေထဲက ပိုးကင်းစင်သွားတဲ့အတွက် ဆေးရုံကဆင်းခွင့်ရရှိသူ ၁၀ ဦးကို စက်တင်ဘာ ၅ ရက် ဒီကနေ့ ညနေ ၅ နာရီကျော်မှာ သူတို့ရဲ့နေအိမ်တွေဆီကို ပြန်လည်ပို့ဆောင်ပေးလိုက်ပြီ ဖြစ်ပါတယ်။

အဲ့ဒီလူတွေကတော့ စစ်တွေမြို့ပေါ်မှာ နေထိုင်နေကြတဲ့ အရပ်သားတွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေအပြင် စစ်တွေမြို့မဈေးကြီးထဲမှာ ဈေးရောင်းချနေတဲ့ ဈေးဆိုင်က စျေးသည်တွေလည်း ပါဝင်ကြပါတယ်။

ဆေးရုံက ဆင်းလာသူတွေ

ဓာတ်ပုံ ရင်းမြစ်, Myint Lwin

ဒီကနေ့ ဆေးရုံဆင်းခွင့်ရရှိခဲ့ကြတဲ့ သူတွေထဲမှာ အမျိုးသမီး ၇ ဦးနဲ့ အမျိုးသား ၃ ဦးပါဝင်ပါတယ်။

အခု ဆေးရုံက ဆင်းခွင့်ရသူတွေထဲမှာ ပထမဆုံးပိုးတွေ့လူနာဖြစ်တဲ့ စီဘီဘဏ်ဝန်ထမ်းအမျိုးသမီး လူနာနံပါတ် ၃၇၅ ကတော့ မပါဝင်သေးဘူးလို့ စစ်တွေဆေးရုံအုပ်ကြီး ဒေါက်တောဇော်လွင်က ပြောပါတယ်။

အဲ့ဒီ ၁၀ ဦးဟာ စစ်တွေဆေးရုံက ဆင်းခွင့်ရရှိခဲ့ကြတဲ့ ပထမအသုတ်ဖြစ်ပြီး သူတို့နဲ့ပတ်သက်လို့ ဆေးရုံက ဂုဏ်ပြုတဲ့အခမ်းအနားတခုကို ပြုလုပ်ပေးခဲ့ပါတယ်။

ဆေးရုံက ဆင်းလာသူတွေ

ဓာတ်ပုံ ရင်းမြစ်, Myint Lwin

ဒါပေမယ့် အဲ့ဒီလူတွေကတော့ သူတို့ရဲနေအိမ်တွေမှာပဲ နှစ်ပတ်နေကြရဦးမှာဖြစ်သလို နေထိုင်မကောင်းဖြစ်လာလို့ရှိရင်လည်း ကျန်းမာရေးဌာနကို အကြောင်းကြားကြဖို့ မှာကြားထားပါတယ်။

ရခိုင်ပြည်နယ်မှာ သြဂုတ်လ ၁၆ ရက် နောက်ပိုင်းက စတင်ပြီး ကူးစက်မှု ရုတ်တရက် မြန်ဆန်လာရာက နှစ်ပတ်ကျော်အကြာ အခု စက်တင်လဘာဆန်းပိုင်းမှာ လတ်တလော ပြန်လျော့နည်းသွားတာကို တွေ့ရပါတယ်။

ဩဂုတ် ၃၀ ရက်က ၂၁ ဦး၊ ၃၁ ရက်မှာ ၅၉ ဦး၊ စက်တင်ဘာ ၁ ရက်မှာ ၅ ဦး၊ ၂ ရက်မှာ ၆ ဦး၊ ၃ ရက်မှာ ၃၁ ဦး၊ ၄ ရက်နေ့မှာ ၈ ဦး တွေ့ရှိခဲ့ပါတယ်။

စစ်တွေမြို့မှာ ကိုဗစ်-၁၉ ဒေသတွင်းကူးစက်မှု စတင်တွေ့ရှိခဲ့တဲ့ ဩဂုတ် ၁၆ ရက်နေ့ကနေ စက်တင်ဘာ ၅ ရက် ဒီကနေ့ မနက်ပိုင်းအထိ ရခိုင်ပြည်နယ်အတွင်းက တို့ဖတ်နမူနာစစ်ဆေးပြီးခဲ့သူပေါင်း ၁၅၃၄ ဦးခန့်ရှိပြီး အဲ့ဒီထဲက ၄၉၂ ဦးမှာ ပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။

ဆေးရုံကဆင်းလာသူတွေ

ဓာတ်ပုံ ရင်းမြစ်, Myint Lwin