အရှေ့အလယ်ပိုင်းရောက် မြန်မာတွေ ပြည်တော်ပြန်နိုင်တော့မယ်

ဓာတ်ပုံ ရင်းမြစ်, MPA
အရှေ့အလယ်ပိုင်းဒေသမှာ မြန်မာနိုင်ငံကို ပြန်ချင်ပေမယ့် ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားနေတဲ့အရေးကြောင့် သယ်ယူပို့ဆောင်ရေးတွေမရှိလို့ ပြန်လို့မရဘဲ အခက်အခဲဖြစ်နေတဲ့ မြန်မာ နိုင်ငံသား ၁၅၀ နီးပါးလောက်ဟာ မေလ ၁၀ ရက် တနင်္ဂနွေနေ့မှာ အာရပ်စော်ဘွားများနိုင်ငံ (UAE) ရဲ့ ဒူဘိုင်းမြို့ကနေ လေယာဉ်နဲ့ မြန်မာနိုင်ငံကို ပြန်လာတော့မှာပါ။
ဆော်ဒီအာရေးဗီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက စီစဉ်ပေးမှုအရ FlyDubai လေကြောင်းလိုင်းနဲ့ မေလ ၁၀ ရက် မှာ မြန်မာပြည်ကို ပြန်ကြမယ့် မြန်မာနိုင်ငံသား စုစုပေါင်း ၁၄၉ ယောက်ရှိပါတယ်။
သူတို့တွေဟာ ယူအေအီးကို ရောက်နေတဲ့ မြန်မာသင်္ဘောသား ၃၃ ယောက် နဲ့ ယူအေအီးနိုင်ငံမှာ ရှိနေတဲ့ မြန်မာနိုင်ငံသားတွေ ဖြစ်တယ်လို့ ရီးယာ့ဒ်က မြန်မာသံမှူး ဦးဇေယျာမျိုးမြင့်က ဘီဘီစီကို ပြောပါတယ်။
ယူအေအီး အပါအဝင် ဘာရိန်း၊ အိုမန်၊ ကာတာ စတဲ့နိုင်ငံတွေရောက် မြန်မာတွေ အတွက်ပါ ပြည်တော်ပြန်နိုင်ရေးအတွက် ဆော်ဒီအာရေးဗီးယားနိုင်ငံ ရီးယာ့ဒ်မြို့က မြန်မာသံရုံးက စီစဉ်ဆောင်ရွက်ပေးနေပါတယ်။
ဘာရိန်းက မြန်မာနိုင်ငံသား ၁၄ ဦး၊ အိုမန်က ၅ ဦးနဲ့ ကာတာက လူ ၆၀ ဦး ဝန်းကျင်လောက်ကလည်း မြန်မာနိုင်ငံကို ပြန်ချင်တဲ့အတွက် သူတို့ကို ဆက်သွယ်နေတယ်လို့ ဦးဇေယျာမျိုးမြင့်က ဆိုပါတယ်။
ဒါ့အပြင် ဆော်ဒီ က မက္ကာ၊ မဒီနာ စတဲ့မြို့တွေမှာ ဘာသာရေးဆိုင်ရာ ပညာတွေသင်ကြားနေတဲ့ ကျောင်းသား ၁၄ ယောက်ရှိပြီး ပြန်ချင်ရင် စီစဉ်ပေးနိုင်ကြောင်း အဲဒီ ကျောင်းသားတွေကို ဆက်သွယ်အကြောင်းကြားထားကြောင်းလည်း သူက ပြောပြပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်အရေးကြောင့် လေဆိပ်တွေပိတ်တာ၊ လေကြောင်းလိုင်းတွေ ရပ်ဆိုင်းကုန်တာတွေ ဖြစ်ခဲ့ကြပြီးတဲ့နောက် ကိုယ့်တိုင်းပြည်ပြန်မရောက်နိုင်ဘဲ တခြားနေရာတွေမှာ သောင်တင်နေတဲ့ မြန်မာနိုင်ငံသားတွေ အများအပြားပါ။
ဒီကပ်ရောဂါကာလအတွင်း အလုပ်တွေ ရပ်ဆိုင်းကုန်တာတွေကြောင့်လည်း မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ တခြားနိုင်ငံတွေမှာ သောင်တင်နေကြတဲ့ သတင်းတွေလည်း အများအပြားပေါ်ထွက်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Myanmae Embassy Seoul
အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာ မြန်မာတွေသွားအလုပ်လုပ်ကြတာ အများအပြားရှိနေပြီး ဆော်ဒီက မြန်မာသံမှူးက သူတို့သိသလောက် ဆော်ဒီမှာ ၁၁၉ ယောက်၊ ဘာရိန်းမှာ အယောက် ၂၀၀ ဝန်းကျင်၊ အိုမန်မှာ အယောက် ၁၆၀ ဝန်းကျင်၊ ကာတာမှာ အယောက် ၈၀၀ နဲ့ ၁၀၀၀ ကြား၊ ယူအေအီးမှာ အယောက် ၄ ထောင်နဲ့ ၅ထောင်ကြား ရှိတယ်လို့ ဆိုပါတယ်။
အခု လေယာဉ်နဲ့ပြန်မယ့်အစီအစဉ်ဟာ ကမ္ဘာ့ကပ်ကြောင့် အိမ်မပြန်နိုင်တဲ့ အရှေ့အလယ်ပိုင်းက ပြန်မယ့် မြန်မာတွေ အတွက် ပထမဆုံး လေကြောင်းခရီးစဉ်ပါ။
လေယာဉ်စရိတ်ကိုတော့ သက်ဆိုင်ရာ ကာယကံရှင်က စိုက်ထုတ်ရမှာပါ။
ဦးဇေယျာမျိုးမြင့်က မြန်မာအမျိုးသားလေကြောင်းလိုင်း MNA နဲ့ အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း MAI တို့ ဆို အိန္ဒိယ၊ ထိုင်း၊ တောင်ကိုရီးယား တို့ကနေ မြန်မာတွေကို ပြန်သယ်ဆောင်ပေးတာတွေ ရှိနေတယ်၊ တကယ်လို့ အဲဒီကိုသွားပြီး မြန်မာပြည်ကို ပြန်ချင်သူတွေ အတွက်လည်း သူတို့အဲဒီက မြန်မာသံရုံးတွေကတဆင့် စီစဉ်ပေးနေတယ်လို့ ပြောပါတယ်။
အခုလို ယူအေအီးက ပြန်လာမယ့်သူတွေ မြန်မာနိုင်ငံလေဆိပ်ကို ရောက်ရင် အစိုးရကစီစဉ်ပေးတဲ့ နေရာမှာဖြစ်စစ်၊ ကိုယ်ကိုယ်တိုင်က တတ်နိုင်လို့ ငှားနေတဲ့ ဟိုတယ်ခန်းမှာဖြစ်စေ ၂၁ ရက်ကြာ ကွာရန်တင်း ဝင်ရမှာဖြစ်ပြီး၊ အဲဒီနောက်ပိုင်း အိမ်ကမထွက်ဘဲ နောက်ထပ် ၇ ရက် ကွာရန်တင်း ဝင်ဖို့ကိုလည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက လမ်းညွှန်ထားတယ်လို့လည်း သူက ပြောပါတယ်။
အခုလိုနိုင်ငံတကာမှာ သောင်တင်ပိတ်မိနေတဲ့ နိုင်ငံသားတွေကို ပြန်လည်သယ်ဆောင်ခေါ်ယူဖို့ မြန်မာအစိုးရက ဒီလအဆန်းပိုင်းကတည်းက စတင်လုပ်ဆောင်နေပြီး၊ ဂျပန်နဲ့ တောင်ကိုရီးယား ကမြန်မာအချို့ကို ပြန်လည်ခေါ်ဆောင်ခဲ့ပါတယ်။








