မြန်မာ ကယ်ဆယ်ရေးလေယာဥ်တွေနဲ့ ပြန်ဖို့ လူ၂၃၀၀ လောက် စာရင်းပေး

ဓာတ်ပုံ ရင်းမြစ်, Myanmae Embassy Seoul
မြန်မာနိုင်ငံသား ၂၃၀၀လောက် ဒီရက်ပိုင်းအတွင်း ဆိုက်ရောက်မယ့် ကယ်ဆယ်ရေးလေယာဥ်တွေနဲ့ မြန်မာနိုင်ငံကို ဝင်ရောက်လာဖို့ရှိတယ်လို့ အဲဒီ မြန်မာနိုင်ငံသားတွေ နေရပ်ပြန်ရေးနဲ့ ရန်ကုန်မှာ အသွားအလာ အကန့်အသတ်နဲ့ နေ ထိုင်ရေးတွေကို အစိုးရနဲ့ ပူးပေါင်းပြီးစီစဥ်လုပ်ကိုင်ပေးနေတဲ့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးခင်အောင်ထွန်းက ဘီဘီစီကို ပြောပါတယ်။
ဧပြီလ ၃၀ ရက်နေ့ ညပိုင်းမှာ ပထမဆုံး အဖြစ် ကိုးရီးယားနိုင်ငံ အင်ချွန်းမြို့လေဆိပ် ကနေ ရန်ကုန်ကို တိုက်ရိုက် ဝင်လာဖို့ရှိပြီးတော့ လူ ၉၀ ကျော်လောက် လိုက်ပါလာတယ်လို့လည်း သိရကြောင်း သူက ပြောပါတယ်။
တိုကျို ကနေ ရန်ကုန်ကိုလည်း ကယ်ဆယ်ရေး လေယာဥ် မေလ ၂ ရက်နေ့ မှာပြေးဆွဲဖို့ ရက် အတည် ဖြစ်ပြီး လူ၂၀၀ လောက် လိုက်ပါလာဖို့ရှိတယ်လို့လည်း သူက ပြောပါတယ်။
လတ်တလော စာရင်းပေးထားတဲ့ အချက်အလက်တွေအရ စင်ကာပူကနေ မြန်မာနိုင်ငံကို ပြန်လာဖို့ စာရင်းပေးထားသူ တစ်ထောင်ကျော်ရှိပြီး လတ်တလော မှာ အများဆုံး ဖြစ်တယ်လို့လည်း သူက ရှင်းပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Myanmar Embassy Seoul
ကမ္ဘာ့တစ်ဝန်း နိုင်ငံတွေမှာ ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားနေတဲ့ ကာလအတွင်း အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲဖြစ်ကာ ပြန်လည်ထွက်ခွာရန် လိုအပ်နေတဲ့ မြန်မာနိုင်ငံသားတွေကို Relief Flight ကယ်ဆယ်ရေးလေယာဥ် တွေနဲ့ ပြန်လည်ပို့ဆောင်နိုင်ရေး လုပ်ဆောင်နေတယ်လို့ အစိုးရက ထုတ်ပြန်ထားခဲ့ပါတယ်။
ကိုရီးယား အင်ချွန်း အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (MAI) နဲ့ပထမအကြိမ်အဖြစ် ပို့ဆောင်ရာမှာ မြန်မာနိုင်ငံသား ၉၆ ဦး လေဆိပ်မှာ တစ်စုံတစ်ရာအခက်အခဲ မဖြစ်ပေါ်စေဖို့၊ သံအမတ်ကြီးဦးဆောင်တဲ့ မြန်မာသံရုံးဝန်ထမ်း တွေက လေဆိပ် မှာ သွားရောက်ပြီး အကူအညီပေးခဲ့တယ်လို့လည်း ဆိုလ်းမြို့ ရှိမြန်မာသံရုံးက ထုတ်ပြန်ပါတယ်။
ကိုရီးယားကနေ မြန်မာနိုင်ငံကို ပြန်လာမယ့် သူတွေမှာ ဆရာတော် ၁ ပါး၊ သင်္ဘောသား ၃၅ ဦး၊ ကျောင်းသူ ၂ ဦးနဲ့ EPS လုပ်သား ၅၈ ဦး၊ စုစုပေါင်း ၉၆ ဦးတို့ဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ် ။
သွားရောက်ခွင့်ရှိသူ တွေကို စိစစ်ဆောင်ရွက်ရာမှာ ကိုရီးယားသမ္မတနိုင်ငံ ကို ရောက်ရှိပိတ်မိနေတဲ့ သင်္ဘောသားများ၊ ကျန်းမာရေးမကောင်းသူများ၊ အလုပ်စာချုပ်ပြည့်မြောက်ပြီး နေထိုင်ခွင့်သက်တမ်းကုန်ဆုံးနေသူ များ၊ တရားမဝင်နေထိုင်ခဲ့ပြီး မဖြစ်မနေ ပြန်လည်ထွက်ခွာရန် လိုအပ်နေသူများကို အခြေခံပြီးစိစစ်ကာ ဦးစားပေးဆောင်ရွက်ပေးခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ရေးသားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Myanmar Embassy Seoul
မြန်မာနိုင်ငံကို ဧပြီ၃၀ ရက်ကစပြီး ဝင်လာကြမယ့် ကယ်ဆယ်ရေး လေယာဥ်နဲ့ ဝင်လာသူတွေဟာ အစိုးရက သတ်မှတ်ထားတဲ့ အသွားအလာ ကန့်သတ်စောင့်ကြည့်တဲ့နေရာတွေမှာ ၂၁ ရက်နေထိုင်ရမှာ ဖြစ်ပြီးတော့ နေအိမ်မှာလည်း ၇ ရက် အသွားအလာ ကန့်သတ်စောင့်ကြည့်ခံရမှာ ဖြစ်ပါတယ်။
ဒီလိုနေထိုင်ရာမှာ ငွေကြေးသုံးနိုင်တဲ့ သူတွေက မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ကစီစဥ်ထားတဲ့ ဟိုတယ်တွေမှာ နေထိုင်နိုင်တယ်လို့လည်း ဦးခင်အောင်ထွန်းက ပြောပါတယ်။
"ဟိုတယ်၁၁ လုံးစီစဥ် ထားပါတယ်၊ ငွေသုံးပြီးသီးသန့်နေ ချင်သူတွေ နေလို့ရအောင်၊ မနက်စာ နေ့လယ်စာ ညစာ အပါအဝင် တစ်ဦးကို ကျပ် ၃ သောင်း ကနေ ၅ သောင်း ကြားမှာ သတ်မှတ်စီစဥ် ထားပါတယ်"လို့ သူကပြောပါတယ်။
ကျန်တဲ့ ငွေကြေးမသုံးနိုင်သူတွေက တော့ အစိုးရစီစဥ်ထားတဲ့ ဘုန်းကြီးကျောင်းတွေ အပါအဝင် အသွားအလာ ကန့်သတ်စောင့်ကြည့်မယ့် နေရာတွေမှာ နေလို့ရ ကြောင်းလည်း သူက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Myanmae Embassy Seoul
မေလ ၂ ရက်နေ့မှာ တိုကျို နာရီတာ လေဆိပ်ကနေ မြန်မာနိုင်ငံကို ပြန်လာဖို့ စာရင်းပေးထားသူ ၁၉၈ ဦးရှိတယ်လို့ လည်း ဂျပန်က ကယ်ဆယ်ရေး လေယာဥ် ခရီးစဥ်ကို စီစဥ်နေသူတစ်ဦး ကပြောပါတယ်။
စင်ကာပူ က ပြန်လာမယ့်သူတွေနဲ့ပတ်သက်လို့ကတော့ လေယာဥ် ရက်သတ်မှတ်နိုင်ရေးစီစဥ်နေကြောင်းနဲ့ စင်ကာပူ ကနေ ပြန်လာမယ့်သူတွေမှာ အလုပ်နားထားတဲ့ သူတွေ ၊ကိုယ်ဝန်ဆောင်တွေ၊ အမြဲတမ်းထိုင်ခွင့်ရတဲ့ မိသားစု တွေ၊ ပါဝင်တယ်လို့ သိရပါတယ်။
ဒါအပြင် အမေရိကန်ရောက် မြန်မာတွေကိုလည်း အထူးလေယာဥ်နဲ့ပြန်ခေါ်ဖို့ အစိုးရက စီစဉ်နေပြီး အမေရိကန်ရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ အထူးလေယာဥ်နဲ့ လိုက်ပါနိုင်ဖို့ အတွက်လည်း စာရင်းပေးဖို့ တောင်းခံထားတယ်လို့လည်း သိရပါတယ်။
ဗြိတိန်၊ ဒိန်းမတ်၊ ဆွီဒင် နဲ့အိုင်ယာလန် နိုင်ငံတွေမှာ ပိတ်မိပြီး မြန်မာနိုင်ငံ ပြန်ချင်သူများအတွက်ကို မှာတော့ လန်ဒန်ရှိ မြန်မာသံရုံး က ပြန်မည့် သူတွေကိုစီစဥ်နေတဲ့ အဖွဲ့ ကိုဆက်သွယ်ရ မှာဖြစ်ကြောင်း ၊ ထိုင်း သို့မဟုတ် စင်ကာပူ မှာ စုရပ် လုပ်ပြီးခေါ်မယ်လို့လည်း လန်ဒန် မြန်မာသံရုံးကထုတ်ပြန်ထားပါတယ်။
မလေးရှား ဒူဘိုင်းအပါအဝင် မြန်မာ ရွေ့ပြောင်းလုပ်သားတွေ သွားရောက်လုပ်ကိုင်နေကြတဲ့အခြားနိုင်ငံ အသီးသီးကလည်း ပြန်လာဖို့ ဆက်သွယ်နေတာတွေရှိတယ် လို့ မလေးရှား နဲ့ဒူဘိုင်းရောက် မြန်မာအသိုင်းဝိုင်း ကသိရပါတယ်။
ရန်ကုန်လေဆိပ် ဟာမေလ ၁၅ ရက်နေ့အထိ အပြည် ပြည်ဆိုင်ရာ ခရီးသည်တင်လေယာဥ်တွေပြေးဆွဲခွင့်ပိတ်ထားပါတယ် ။








