ဂျပန် နဲ့ ကိုရီးယားရောက် မြန်မာတွေအတွက် ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ် ဆွဲမယ်

ရန်ကုန်လေဆိပ်မှ ခရီးသည်တစ်ဦး

ဓာတ်ပုံ ရင်းမြစ်, NurPhoto

ဓာတ်ပုံ ပုံစာ, မေလလယ်အထိ ဆက်ပြီး ကန့်သတ်ထားမှ ဖြစ်။
ရေးသားခဲ့သည်။

ဂျပန် နဲ့ ကိုရီးယားရောက် မြန်မာတွေ အတွက် ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ် တွေကို အခုလကုန်လောက်က စပြီးပြေးဆွဲဖို့ရှိနေတယ်လို့ ဆိုးလ် မြို့မှာရှိတဲ့ မြန်မာသံရုံးနဲ့ ရန်ကုန်က ANA လေကြောင်းလိုင်းရုံးတို့ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ကိုရီးယားရောက် မြန်မာနိုင်ငံသားတွေအတွက် ဧပြီလ ၃၀ ရက်မှာ စတင်ပြေးဆွဲမယ့် ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်ဟာ အင်ချွန်းကနေ ရန်ကုန်ကို ပြေးဆွဲမှာလို့ ဆိုးလ်မြို့မှာရှိတဲ့ မြန်မာသံရုံးက သတင်းထုတ်ပြန်ထားပါတယ်။

ဒီခရီးစဉ်ကို အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း ကပြေးဆွဲမှာဖြစ်ပြီး မေလအတွင်းနောက်ထပ်ပြေးဆွဲမှုတွေလုပ်သွားဖို့ရှိတယ်လို့လည်း ဆိုးလ်မြို့၊မြန်မာသံရုံးက ထုတ်ပြန်ထားပါတယ်။

ဂျပန်နိုင်ငံ တိုကျိုကနေ ရန်ကုန်ကိုတော့ ANA လိုင်းက ပြေးဆွဲမှာ ဖြစ်ပြီးတော့ မေလ ၂ ရက်သို့ မဟုတ် မေလ ၄ ရက်နေ့ မှာ တိုကျို နာရီတာ လေဆိပ် ကနေ ရန်ကုန်ကို ပြေးဆွဲဖို့ စီစဉ်နေတယ်လို့လည်းသိရပါတယ်။

ရန်ကုန် လေဆိပ် က ခရီးသည် လေယာဉ်တွေကို ကန့်သတ်ထား

ဓာတ်ပုံ ရင်းမြစ်, MPA

ဓာတ်ပုံ ပုံစာ, ရန်ကုန် လေဆိပ် က ခရီးသည် လေယာဉ်ဆိုက်ရောက်ခွင့်ကို ကန့်သတ်ထား

တောင်ကိုရီးယားနိုင်ငံ ဆိုးလ် မြို့ မြန်မာသံရုံးရဲ့ ထုတ်ပြန်ချက်မှာတော့ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း နဲ့ချိတ်ဆက်ပြီး လေယာဉ်လက်မှက် လဲလှယ်ရေးတွေ လုပ်ကိုင်နိုင်တယ်လို့ ဖော်ပြထားပြီး လေဆိပ်မှာ အပူချိန်တိုင်းဖို့ အတွက် ၀မ် ၂၀၀၀၀ ပေးရ မယ်လို့လည်းပါရှိပါတယ်။

အင်ချွန်းကနေ ရန်ကုန်ကို ပြန်ဖို့ စာရင်းပေးထားသူတွေများတဲ့ အတွက် နောက်ဒုတိယ အသုတ် ထပ်မံပြန်ခွင့်ရ သူတွေကို ဆိုးလ် မြို့ မြန်မာသံရုံးက ထပ်မံထုတ်ပြန်မယ်လို့ လည်းပါရှိတယ်။

ကိုးရီးယားနိုင်ငံ ရောက်နေသူ မြန်မာနိုင်ငံ သားအချို့ကတော့ မြန်မာသံရုံးထုတ်ပြန်ချက်ဟာ လေယာဉ် ထွက်မယ့်ရက်နဲ့ ကပ်လွန်းပြီး တစ်ပတ်လောက် ကြိုတင် ထုတ်ပြန်ပေးသင့်တယ်လို့လည်း ပြောဆိုကြပါတယ်။

အင်ချွန်းကနေ ရန်ကုန်ကို ထပ်မံပြေးဆွဲမယ့် လေယာဉ် အစီစဉ်နဲ့ ပတ်သက်လို့တော့ နောက်ထပ် ပြေးဆွဲမယ့်ရက် ကို သတ်မှတ်ထုတ်ပြန်တာမျိုးတော့ မရှိသေးပါဘူး ။

No Caption

ဓာတ်ပုံ ရင်းမြစ်, Myanmar Embassy Seoul

ဓာတ်ပုံ ပုံစာ, No Caption

ဂျပန်မှာရောက်နေသူတွေကို မြန်မာနိုင်ငံကို ပြန်လာဖို့ စီစဉ်တာကတော့ ဂျပန်နိုင်ငံရောက်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေအတွက် အဓိက မဟုတ်ဘဲ နဲ့ အလည်အပတ် ဗီဇာနဲ့ ရောက်နေသူတွေကို ရည်ရွယ်ပုံရတယ်လို့ ဂျပန်ရောက် မြန်မာနိုင်ငံသားတစ်ဦးကပြောပါတယ်။

ဂျပန်မှာရောက်နေတဲ့ မြန်မာလုပ်သားတွေဟာ ဂျပန်အစိုးရရဲ့ ကျန်းမာရေး စောင့်ရှောက်မှုမှာ အကျုံးဝင်ပြီးတော့ အခုအစီစဉ်ဟာ ဂျပန်အစိုးရရဲ့ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ အကျုံးမဝင်တဲ့ ရက်တို လာရောက်နေသူတွေအတွက် ဖြစ်နိုင်တယ်လို့လည်းသူကပြောပါတယ်။

ဂျပန် ဗီဇာဟာ အလည်အပတ်အတွက် ရက်၉၀ခန့် အထိ ခွင့်ပြုထားပြီးတော့ ဒီအစီစဉ်ဟာ ဂျပန်အစိုးရရဲ့ ကျန်းမာရေး စောင့်ရှောက်မှု မှာအကျုံးမဝင်ဘဲ ဂျပန်မှာ သောင်တင်နေသူတွေအတွက် ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

မေလ ၂ ရက် သို့မဟုတ် ၄ ရက်နေ့ ကို တိုကျိုကနေ ရန်ကုန်ပြေးဆွဲမယ်လို့ ထုတ်ပြန်ထားပေမယ့် ရက်အတိအကျ ကိုတော့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန က သတ်မှတ်ပြီးတော့ အဲ့ဒီရက်ကို ပြေးဆွဲပေးမှာလို့လည်း ဂျပန်ရောက် မြန်မာနိုင်ငံသား တွေဆီက သိရပါတယ်။

ဂျပန်ကနေ မြန်မာနိုင်ငံကို ပြန်လည်ထွက်ခွာလိုတဲ့ မြန်မာနိုင်ငံသားတွေဟာ ဧပြီ ၂၈ရက် နောက်ဆုံးထားပြီးအမည်၊ နိုင်ငံကူးလက်မှတ် အပါအဝင် အခြားလိုအပ်ချက်တွေကို သံရုံးအီးမေးလ် metokyo.myanmar@gmail.com ကိုပေးပို့ရမယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြပါရှိပါတယ်။

အိန္ဒိယနိုင်ငံတွင် ပိတ်မိနေတဲ့ စာသင်သားရဟန်းတော်များ၊ ဘုရားဖူး နဲ့ ဆေးကုသသွားရောက်သူတွေကို သီတဂူဆရာတော်ကြီးအစီအစဉ်နဲ့ စင်းလုံးငှားလေယာဉ် ၂ စင်းနဲ့ ဧပြီ ၂၂ ရက်နေ့က သွားရောက်ခေါ်ယူ

ဓာတ်ပုံ ရင်းမြစ်, ဓာတ်ပုံ-သီတဂူဆရာတော်ကြီးဖေ့စ်ဘွတ်ခ်

ဓာတ်ပုံ ပုံစာ, အိန္ဒိယနိုင်ငံတွင် ပိတ်မိနေတဲ့ စာသင်သားရဟန်းတော်များ၊ ဘုရားဖူး နဲ့ ဆေးကုသသွားရောက်သူတွေကို သီတဂူဆရာတော်ကြီးအစီအစဉ်နဲ့ စင်းလုံးငှားလေယာဉ် ၂ စင်းနဲ့ ဧပြီ ၂၂ ရက်နေ့က သွားရောက်ခေါ်ယူ

ဂျပန် ကရော ကိုရီးယားကပါ ပြန်လာသူတွေဟာ ရန်ကုန်ရောက်ရင် ၂၁ ရက် ကို အစိုးရသတ်မှတ်ထားတဲ့ အသွားအလာစောင့်ကြည့် ကန့်သတ်တဲ့ နေရာတွေမှာ နေထိုင်ရမှာ ဖြစ်သလို ပြီးရင်လည်း နေအိမ်မှာ ၇ ရက် အသွားအလာစောင့်ကြည့် ကန့်သတ် တာကို မဖြစ်မနေ လက်ခံရမယ်လို့ ဆိုးလ် မြို့မှာရှိတဲ့ မြန်မာသံရုံးနဲ့ ရန်ကုန်က ANA လေကြောင်းလိုင်း ရုံးတို့ ထုတ်ပြန်ချက်တွေမှာပါပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း အိန္ဒိယနိုင်ငံမှာ ပိတ်မိနေတဲ့ စာသင်သားရဟန်းတော်များ၊ ဘုရားဖူး နဲ့ ဆေးကုသသွားရောက်သူတွေကို သီတဂူဆရာတော်ကြီး အစီအစဉ်နဲ့ စင်းလုံးငှားလေယာဉ် ၂ စင်းနဲ့ ဧပြီ ၂၂ ရက်နေ့က သွားရောက်ခေါ်ယူခဲ့ပြီး သီတဂူ(စစ်ကိုင်း) မှာ Facility Quarantine ဆောင်ရွက် ထားပါတယ်။

အိန္ဒိယက ပြန်လာသူ ရဟန်းနဲ့လူ ၂၇၀ခန့် ထဲက အမျိုးသားတစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရတယ်လို့လည်း သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ကိုဗစ်-၁၉ စောင့်ကြည့်မှု တာဝန်ယူဆောင်ရွက်ပေးနေရတဲ့ ဆရာတော်တွေဆီကနေ သိရပါတယ်။

ဧပြီလ ၂၆ ရက်နေ့က ရန်ကုန်လေဆိပ်ကို စီမံခန့်ခွဲနေတဲ့ YACL က မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦစီးဌာနရဲ့ ထုတ်ပြန်ချက်အရ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ နိုင်ငံတကာ လေကြောင်းလိုင်းပျံသန်းမှုတွေ ကန့်သတ်ထားတာကို မေလ ၁၅ ရက် အထိ တိုးမြှင့်ထားတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ပြည်ပနိုင်ငံတွေကို ရောက်ပြီး ပိတ်မိနေသူတွေကို ပြန်ခေါ်ဖို့ မြန်မာ အစိုးရက စီစဉ်နေရာမှာ ကယ်ဆယ်ရေး လေယာဉ် Relief Flights တွေ စေလွှတ်ပေးသွားမှာ ဖြစ်ပြီး မြန်မာနိုင်ငံကို ပြန်လာလိုသူတွေ သက်ဆိုင်ရာ နိုင်ငံက သံရုံးတွေဆီ ဆက်သွယ်ဖို့ ဘန်ကောက်နဲ့ ဆိုးလ်မြို့က မြန်မာ သံရုံးတို့ကပြီးခဲ့တဲ့ရက်ပိုင်းက ဆော်သြထားခဲ့ပါတယ်။

ထိုင်းနိုင်ငံကလူတွေ အတွက် စီစဉ်ပေးမယ့် MNA လေကြောင်းလိုင်း အစီအစဉ် အတွက် မြန်မာကနေ ထိုင်းကို ပျံမယ့် စရိတ်ကို အစိုးရက ကျခံပေးမှာ ဖြစ်ပြီး ထိုင်း သုဝဏ္ဏဘုမ္မိလေဆိပ်ကနေ ရန်ကုန်အပြန်အတွက် ခရီးသည်က ကျခံရမယ်လို့ အစိုး ရက ထုတ်ပြန်ခဲ့ပါတယ်။