ပန်းတိုင်ကို လက်နက်မကိုင်ဘဲအရောက်မသွားနိုင်ပါက အရည်အချင်းလိုအပ်ချက်ရှိလို့ လို့ အတိုင်ပင်ခံပြောအပါအဝင် မနက်ခင်းသတင်းများ

ရေးသားခဲ့သည်။

လိုချင်တဲ့ပန်းတိုင်ကို လက်နက်မကိုင်ဘဲအရောက်မသွားနိုင်ပါက အရည်အချင်းလိုအပ်ချက်ရှိလို့လို့ အတိုင်ပင်ခံပြော

အရည်အချင်းရှိပါက ကိုယ်လိုချင်တဲ့ပန်းတိုင်ကို လက်နက်မကိုင်ဘဲရောက်အောင် သွားနိုင်ရမှာဖြစ်ပြီး လက်နက်မပါဘဲ ရောက်အောင်မသွားနိုင်ပါက ကိုယ့်မှာ အရည်အချင်းတစ်ခုခုလိုအပ်နေလို့လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒီအကြောင်းကို ဇန်နဝါရီ ၂၁ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး ပင်လယ်ဘူးမြို့နယ်က ဒေသခံတွေနဲ့ တွေ့ဆုံရာမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ထည့်သွင်းပြောကြားသွားခဲ့တာဖြစ်ပါတယ်။

' ' ကိုယ်တစ်ခုခု လိုချင်တယ်ဆိုရင် ဒီဟာကို ပညာရှိတစ်ယောက်ရဲ့ နည်းလမ်းနဲ့ ကိုယ့်ရဲ့ပတ်ဝန်းကျင်ကို မထိခိုက်အောင်၊ အကြမ်းဖက်ဖို့မလိုအောင်လုပ်ရပါမယ်။ လက်နက်ကိုင်တယ်ဆိုတာ အကြမ်းဖက်မှု တစ်ခု ပါပဲ။ အကြမ်းဖက်ဖို့ မလိုတဲ့နည်းတွေနဲ့ ကိုယ့်ပန်းတိုင်ကို ရောက်နိုင်အောင် ကြိုးစားနိုင်တဲ့ သတ္တိတွေ၊ အစွမ်း အစတွေကို ကျွန်မတို့ ပြည်သူလူထုတွေမှာ ရှိစေချင်ပါတယ်။ ကြိုးစားကြပါ၊ ကြိုးစားရင် ဘာမဆို ဖြစ်နိုင်ပါတယ်။''လို့လည်း အတိုင်ပင်ခံကပြောပါတယ်။

ဒ့ါအပြင် ပင်လည်ဘူးမြို့မှာ တိုင်းရင်းသား အချင်းချင်းကြားမှာ အေးအေးချမ်းချမ်းနဲ့ နေ တာတွေ့ရတဲ့ အတွက် ဝမ်းသာကြောင်းနဲ့ လက်ရှိပြည်တွင်းငြိမ်းချမ်းရေးမရနိုင်သေးဘဲ လက်နက်ကိုင်တိုက်ခိုက် နေကြတဲ့အခြေအနေတွေကိုလည်း ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။

မတ်လကုန်အထိ စာသင်ကာလတိုးမြှင့်ကို ပညာရေးကောလိပ်ကျောင်းသူ၊ကျောင်းသားတွေ ဆန္ဒဖော်ထုတ်

ပညာရေးဝန်ကြီးဌာနရဲ့ မတ်လကုန်အထိ စာသင်ကာလ တိုးမြင့်မှု အပေါ် ကန့်ကွက်တဲ့အနေနဲ့ ပညာရေးကောလိပ် ကျောင်းသူ၊ ကျောင်သားတွေဟာ ယနေ့ ဇန်နဝါရီလ (၂၁)ရက်နေ့ နံနက်ပိုင်းက မန္တလေးမြို့မှာ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

အခြေခံပညာစာသင်ကာလ တိုးမြှင့်ခြင်းကို ပြန်လည်ဖျက်သိမ်းပေးဖို့နဲ့ အာဏာရှင်ဆန်သောပညာရေး ပြောင်းလွဲမှုများ/သုတေသနကို အခြေခံပြောင်းလဲမှုတွေကိုအလိုမရှိကြောင်း ကြွေးကြော်ခြင်း ဆိုင်းဘုတ် ကိုင် ဆန္ဒပြတာတွေကိုလုပ်ဆောင်ခဲ့ကြပါတယ်။

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနကနေ ဒီနှစ် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်ကစပြီး တက္ကသိုလ် ဝင်တန်းစာမေးပွဲကို အရင်ကျင်းပပြီးမှ ကျန်အလယ်တန်း၊အထက်တန်းနဲ့မူလတန်းတွေရဲ့ စာမေးပွဲကို မတ်လနောက်ဆုံးပတ်မှာ ကျုင်းပသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။

တရုတ်မှာတွေ့တဲ့ ဗိုင်းရပ်စ်အသစ် အမေရိကန်မှာပါ ကူးစက်ခံရသူတွေ့လာ

အမေရိကန်မှာ တရုတ်မှာစတင်တွေ့ရှိခဲ့တဲ့ ကော်ရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံထားရသူတစ်ဦးရှိလာပြီလို့ အတည်ပြုလိုက်ပါတယ်။

တရုတ်ကနေ ပြန်လာတဲ့ အမေရိကန်မှာနေထိုင်တဲ့သူတစ်ဦးမှာတွေ့ရှိခဲ့တာဖြစ်ပြီး ကော်ရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်းကို ရောဂါထိန်းချုပ်ရေးဗဟိုဌာနကနေအတည်ပြုပြောဆိုခဲ့တာဖြစ်ပါတယ်။

ရောဂါပိုးကူးစက်ခံထားရသူဟာ အမျိုးသားတစ်ဦးဖြစ်ပြီး ဇန်နဝါရီ ၁၅ ရက်နေ့က တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ ပြန်လာတဲ့သူဖြစ်တယ်လို့လည်း သိရပါတယ်။

ဒီရောဂါပိုးသစ်ဟာ တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ စတင်ခဲ့ရာက အခုဆိုရင် တရုတ်နိုင်ငံတွင်း လူ ၃၀၀နီးပါးကိုကူးစက်ခံထားရပြီး ရောဂါပိုးကြောင့် သေဆုံးရသူ ၆ဦးအထိရှိလာပါပြီ။

မြောက်ကိုရီးယားကတော့ ဒီရောဂါပိုးကူးစက်မှုကို ဟန့်တားဖို့ သူ့ရဲ့နယ်စပ်ကို နိုင်ငံခြားဧည့်အဝင် ယာယီပိတ်ထားတယ်လို့ ခရီးသွားကုမ္ပဏီတစ်ခုကပြောပါတယ်။

အမေရိကန်ဆီးနိတ်လွှတ်တော်မှာ သမ္မတ ထရမ့်အပေါ် စွဲဆိုချက်တွေကို စတင်ကြားနာ

အမေရိကန်ဆီးနိတ်လွှတ်တော်မှာ သမ္မတထရမ့်အပေါ် စွဲဆိုချက်တွေကို ကြားနာစစ်ဆေးနေပြီ ဖြစ်ပါတယ်။

ကြားနာမှုပထမနေ့မှာပဲ ဒီမိုကရက်တွေဘက်က တင်လာတဲ့သက်သေပြချက်တွေကို ရီပတ်ဘလစ်ကန် တွေက ထပ်ခါထပ်ခါပယ်ချခဲ့ပါတယ်။

သမ္မတထရမ့်ကို အာဏာအလွဲသုံးစားလုပ်မှု၊ လွှတ်တော် လုပ်ငန်းတွေကို ဟန့်တားနှောင့်ယှက်မှုဆိုတဲ့ စွဲချက်တွေကို ကျူးလွန်ထားလားဆိုတာတွေကို ကြားနာစစ်ဆေးမှာပါ။

သမ္မတထရမ့်ဘက်ကတော့ ဒီစွဲချက်တွေအပေါ် ငြင်းဆိုထားပါတယ်။

သမ္မတ ထရမ့်အပေါ် စွဲဆိုမှုတွေနဲ့ပတ်သက်ပြီး ဘက်လိုက်မှုမရှိ သမာသမတ်ကျတဲ့ တရားသူကြီးတွေကနေ ဒီအမှုနဲ့ပတ်သက်ပြီး ကြားနာမှုကို တစ်ပတ် ၆ရက် ၊ တစ်ရက်မှာ ၆နာရီနဲ့ အမေရိကန်တရားသူကြီးချုပ် ဂျွန်ရောဘတ်ကဦးဆောင်သွားမယ်လို့ သိရပါတယ်။