ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရာမှာ ဘာတွေ ပြောင်းလဲ လာသလဲ
၂၀၁၉ -၂၀၂၀ ပညာသင်နှစ်အတွက် အဆင့်မြင့် ပညာ တက္ကသိုလ်ဝင် လျှောက်ထားရာမှာ ဝင်ခွင့်ကတ်ပြားတစ်ခုတည်းမှာ တက္ကသိုလ်အားလုံးကိုလျှောက်ထားနိုင်ပြီး သီးခြားတက္ကသိုလ်တွေရော ဆေးပညာရပ် နဲ့နှီးနွယ်တဲ့ တက္ကသိုလ် ၁၅ခုပါ ဝင်ခွင့်ကို ပူးပေါင်းပြီး ရွေးချယ်သွားမှာဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ဘီဘီစီကို ပြောပါတယ်။
တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာတွေကို ဇွန် ၂၄ ရက်နေ့ကစပြီး ထုတ်ယူကာ ဇွန် ၂၅ ရက်ကနေ ဇူလိုင် ၂၃ ရက်နေ့အထိ ပြန်လည်ပေးပို့လျှောက်ထားနိုင်ပြီလို့ အဆင့်မြင့် ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက ပြောပါတယ်။
ဒီလိုလျှောက်ထားရာမှာ တိုက်ရိုက်ရွေးချယ်ခွင့်ပေးထားတဲ့ တက္ကသိုလ် ၁၄ ခုကို လျှောက်ချင်တဲ့သူတွေ အနေနဲ့ အဲဒီ ကျောင်းတွေမှာ သီးခြားသွားလျှောက်ရမှာဖြစ်ပြီး ကျန်တဲ့တက္ကသိုလ်တွေအတွက်ကတော့ အဆင့်မြင့်ပညာ ဦးစီးဌာနကတဆင့် ပေးပို့လျှောက်ထားနိုင်မှာဖြစ်ပါတယ်။
' 'မနှစ်ကတော့ သီးခြား တက္ကသိုလ်တွေက လျှောက်လွှာသပ်သပ်နဲ့လျှောက်ရတယ်၊ ဒီနှစ်မှာတော့ တက္ကသိုလ်ဝင်ခွင့်ရွေးချယ်ရေးအဖွဲ့ကထုတ်တဲ့ ကတ်ပြားတစ်ခုတည်းနဲ့ပဲ လျှောက်ရမယ်၊ တက္ကသိုလ်ဝင် ခွင့်အဖွဲ့ က ရွေးချယ်တဲ့ တက္ကသိုလ်တွေရော သီးခြား တက္ကသိုလ်တွေအတွက်ရော အကုန်လုံးကို ကတ်ပြားတစ်ခုတည်းမှာ ဦးစားပေးအလိုက် ဖြည့်ပြီး လျှောက်ရမယ်''လို့ ဒီနှစ် ဝင်ခွင့်လျှောက်ထားရာမှာ ပြောင်းလဲထားတဲ့အပေါ် အဆင့်မြင့် ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်သန်းသန်းဝင်း က ရှင်းပြပါတယ်။
မနှစ်ကစတင်ပြီး တက္ကသိုလ် ၁၁ ခုကို တိုက်ရိုက်ရွေးချယ်ခွင့်ပေးလိုက်ပြီးတဲ့နောက်မှာ တက္ကသိုလ် တစ်ခု ထဲကို လျှောက်ထားပြီး ဝင်ခွင့်မရချိန်မှာ ကျောင်းပြောင်းလျှောက်ဖို့ မမီတော့လို့ ကျောင်းဝင်ခွင့်မရသူ တွေလည်းရှိခဲ့ပါတယ်။
ဒါကြောင့်လည်း ဝင်ခွင့်လျှောက်ထားတဲ့ ကျောင်းသားကျောင်းသူတွေအနေနဲ့ဒီနှစ်မှာတော့ ရရှိထားတဲ့ အမှတ်အလိုက် ကိုယ်ကြိုက်နှစ်သက်တဲ့ ဦးစားပေး တက္ကသိုလ် တွေကို ရွေးချယ်တက် ရောက်နိုင် ဖို့အတွက် ဝင်ခွင့်ကတ်ပြား တစ်ခုတည်း မှာပဲ ဦးစားပေး အဆင့်အလိုက် တက္ကသိုလ် တွေကို သေချာဖြည့်ပြီး လျှောက်ထား နိုင်တဲ့ စနစ်ကို ပြောင်းလဲလိုက်တာပါ။
' ' ရွေးတဲ့အခါကြရင်လည်း သီးခြား ဝင်ခွင့်တက္ကသိုလ် ၁၄ ကျောင်းရယ် ဆေးနဲ့ ဆေးနှီးနွှယ် ၁၅ ကျောင်းရ ယ် သူတို့က စုပြီးတော့ ပူးပေါင်းပြီး ရွေးကြမယ်၊ အစည်းအဝေးခန်းမကြီးထဲမှာ တစ်ခါတည်းပဲ ညှိနှိုင်းပြီး ရွေးကြမှာ၊ ရန်ကုန်တက္ကသိုလ်တစ်ခုပဲ လိုချင်တဲ့ဘာသာရပ် မရတာမျိုးမဖြစ်ရအောင် လူတွေ့ရှိမှာ'' လို့ အဆင့်မြင့် ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်သန်းသန်းဝင်းက ဒီနှစ်ဝင်ခွင့်ရွေးချယ်မယ့် ပုံစံနဲ့ပတ်သတ်ပြီးတော့လည်းရှင်းပြပါတယ်။
ဒီနှစ်တက္ကသိုလ်ဝင်ခွင့်အတွက် မနှစ်ကထက် ပိုမိုအဆင်ပြေစေဖို့ ပြောင်းလဲထားတာတွေရှိသလို တိုက်ရိုက် လျှောက်ထားနိုင်တဲ့ တက္ကသိုလ်တွေ အနေနဲ့လည်း မြန်မာနိုင်ငံ လေကြောင်းနဲ့ အာကာသ ပညာ တက္ကသိုလ်၊ နည်းပညာတက္ကသိုလ် (ရတနာပုံ ဆိုက်ဘာစီးတီး)နဲ့ ရန်ကုန်ကွန်ပျူတာ တက္ကသိုလ် ၃ ခုကို ထပ်တိုးထားပါတယ်။