မြန်မာနိုင်ငံက လက်နက်ကိုင်အဖွဲ့တွေကို လက်နက် မထောက်ပံ့ဘူးလို့ တရုတ်သမ္မတဆို

ရေးသားခဲ့သည်။

မြန်မာနိုင်ငံကို အလည်အပတ်ရောက်နေတဲ့ တရုတ်သမ္မတရှီကျင့်ဖျင်က တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံရာမှာ မြန်မာနိုင်ငံက လက်နက်ကိုင်အဖွဲ့တွေကို တရုတ်က လက်နက်၊ခဲယမ်းထောက်ပံ့မှု လုံးဝမရှိသလို တခြားနည်းလမ်းနဲ့ရနိုင်တာတွေကိုလည်း စိစစ်ဖြေရှင်းပေးမယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေမှာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တပ်မတော်က တိုင်းရင်းသား လက်နက်ကိုင်တွေဆီက လက်နက်တွေ သိမ်းဆည်းရမိကြောင်း ကြေညာရာမှာ တွေ့ရှိခဲ့တဲ့ လက်နက်တွေကို မူတည်ပြီး လက်နက်ရနိုင်တဲ့ နေရာနဲ့ ပတ်သက်ပြီး အများက ဝေဖန်ပြောကြားမှုတွေ ရှိခဲ့ပါတယ်။

သိမ်းဆည်းမိခဲ့တာတွေထဲက အများအပြား ဖမ်းမိမှုတစ်ခုဖြစ်တဲ့ ၂၀၁၉ နိုဝင်ဘာလထဲမှာ ဖမ်းမိမှုတစ်ခုမှာ ပခုံးထမ်း လေယာဉ်ပစ် လက်နက်တစ်လက် အပါအဝင် လက်နက်မျိုးစုံ ၁၇၀ လက်၊ ကျည်မျိုးစုံ အတောင့် ၄၅၀၀၀ ကျော် ပါဝင်တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဖမ်းမိတဲ့ထဲမှာ တရုတ်နိုင်ငံလုပ် လက်နက်တော်တော်များများပါနေတာ တွေ့ရတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောခဲ့ပါတယ်။

နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး နှစ် ၇၀ ပြည့် မြန်မာနိုင်ငံကို နှစ်ရက်တာ အလည်အပတ်လာရောက်တဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်က တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဇန်နဝါရီလ ၁၈ ရက် မှာ နေပြည်တော် Horizon Lake View Resort ဟိုတယ်မှာ တွေ့ဆုံခဲ့တာနဲ့ ပတ်သက်ပြီး လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

တရုတ်နဲ့ မြန်မာကြား မိုင် ၂၀၀၀ ကျော် နယ်နိမိတ် ထိစပ်နေလို့ နယ်စပ်ဒေသ ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်နိုင်ဖို့ အရေးကြီးပြီး ဘယ်အဖွဲ့အစည်းမဆို တရုတ်နိုင်ငံ ပိုင်နက်ကို အသုံးချပြီး မြန်မာနိုင်ငံကို ထိခိုက်အောင် ဆောင်ရွက်တာမျိုးကို လုံးဝလက်မခံတဲ့အကြောင်း တရုတ်သမ္မတက ပြောတယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

အများက စွပ်စွဲနေသလို လက်နက်ထောက့်ပံ့မှုမရှိဘူးလို့ တရုတ်သမ္မတက ပြောခဲ့သလို နိုင်ငံတကာ နယ်ပယ်မှာ မြန်မာနိုင်ငံဘက်က ဆက်လက်ရပ်တည်မယ်လို့လည်း ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ နှစ်နိုင်ငံ ဆက်ဆံရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ တပ်မတော်ချင်း ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ပါတယ်။

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးကို ဥပဒေဘောင်အတွင်းက ဆောင်ရွက်ရမှာကို တိုင်းရင်းသားအားလုံး နားလည်လက်ခံဖို့လိုအပ်တာကို တရုတ်သမ္မတအနေနဲ့ တိုက်တွန်းအားပေးဖို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မေတ္တာရပ်ခံခဲ့တယ်လို့ ဆိုပါတယ်။

ဒီတွေ့ဆုံမှုနဲ့ ပတ်သက်ပြီး "အဲဒီဆွေးနွေးချက်တွေကို ကြည့်ခြင်းအားဖြင့် NCA လက်မှတ်ရေးထိုးရာမှာရော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာရော များစွာ အထောက်အကူပြုနိုင်မယ်လို့ မြင်ပါတယ်"လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။

ဒါ့အပြင် နှစ်နိုင်ငံတပ်မတော်ချင်းပူးပေါင်းဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး ချစ်ကြည်ရေးခရီးစဉ်တွေ တိုးမြှင့်ဆောင်ရွက်ဖို့ အဆိုပြုခဲ့တာရှိတယ် လို့လည်း ပြောပါတယ်။

"အခုသံတမန် နှစ်ပတ်လည် နှစ် ၇၀ ပြည့်မှာ ပိုမိုလုပ်ချင်တယ်ဆိုပြီး အဆိုပြုခဲ့တာရှိတယ်။ သမ္မတကြီးကလည်း တပ်မတော် နှစ်ရပ်ကြား ချစ်ကြည်ရေး ခရီးစဉ်တွေ စီစဉ်ပေးပါမယ်ဆိုပြီး ပြောသွားတာရှိပါတယ်။ဒါကြောင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကတော့ ရှိနေမှာပဲဖြစ်ပါတယ်" လို့ ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ တွေ့ဆုံမှုဟာ ခြောက်ကြိမ်မြောက် ရှိပြီ ဖြစ်ပါတယ်။