တရုတ်သမ္မတရှီကျင့်ဖျင်ခရီးစဉ်အတွင်း စီမံကိန်းအချို့သဘောတူလက်မှတ်ထိုးဖို့ရှိ၊မန္တလေး SKY Walk Shopping Centerလောင်ကျွမ်းမှု မီးငြိမ်းပြီအပါအဝင်မနက်ခင်းသတင်းများ

ရေးသားခဲ့သည်။

တရုတ်သမ္မတရှီကျင့်ဖျင်ရဲ့ မြန်မာနိုင်ငံခရီးစဉ် ဒုတိယနေ့အတွင်း ကျောက်ဖြူစီမံကိန်းအပါအဝင် စီမံကိန်း အချို့သဘောတူလက်မှတ်ထိုးဖို့ရှိ

တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင်ဖျင်ရဲ့ဒုတိယနေ့ခရီးစဉ်အဖြစ် ဇန်နဝါရီ ၁၈ ရက်နေ့မှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ဟာ နှစ်နိုင်ငံလုပ်ဆောင်မယ့် စီမံကိန်းတွေ ကုန်သွယ်ရေးလုပ်ငန်းတွေ ရင်းနှီးမြုပ်နှံမှု အကြောင်းတွေကို ဆွေးနွေးဖို့ရှိတယ်လို့သိရပါတယ်။

ကျောက်ဖြူရေနက်ဆိပ်ကမ်းရဲ့ ဒုတိယအစိတ်အပိုင်းကိုလုပ်ဆောင်ဖို့ စာချုပ်ချုပ်ဆိုဖို့ရှိသလို နှစ်နိုင်ငံ နယ်ခြားဒေသ အထူးစီးပွားရေးဇုံတွေ အမြန်ဆုံးအကောင်အထည်ဖော်ဖို့နဲ့ရန်ကုန်မြို့သစ်စီမံကိန်း စတင်လုပ်ဆောင်ဖို့ နားလည်မှုစာချွန်လွှာထိုးဖို့ရှိပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံက လယ်ယာထွက်ကုန်တွေကို တရုတ်နိုင်ငံက တရားဝင်တင်သွင်းခွင့်ပြုရေးကိစ္စတို့ကို သဘောတူလက်မှတ်ရေးထိုးမှာဖြစ်ပါတယ်။

တရုတ်နိုင်ငံ သမ္မတမစ္စတာရှီကျင့်ဖျင်ဟာ တရုတ်-မြန်မာ သံတမန် နှစ် ၇၀ ပြည့်အထိမ်းအမှတ် ခရီးစဉ် အဖြစ် မြန်မာနိုင်ငံကို ရောက်ရှိနေတာဖြစ်ပါတယ်။

မန္တလေး ရတနာပုံဈေး SKY Walk Shopping Centerလောင်ကျွမ်းမှု မီးငြိမ်းပြီ

မန္တလေးတိုင်း Mandalay Yatanar Mall ၊ Sky Walk ပထမအလွှာမှာ မနေ့ကဇန်နဝါရီ ၁၇ ရက် ညနေ ၆နာရီဝန်းကျင်က စတင်လောင်ကျွမ်းခဲ့တဲ့မီးဟာ ဒီကနေ့ ဇန်နဝါရီ ၁၈ ရက်နေ့ မနက် ၅နာရီဝန်းကျင်မှာတော့ အပြီးသတ်ငြှိမ်းသတ်နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

Level 5 အဆင့်အထိ သတ်မှတ်ငြှိမ်းသတ်ခဲ့ရတဲ့ အဆိုပါမီးဟာ မီးသတ်ယာဉ် ၂၀၀ နီးပါးကိုအသုံးပြုပြီး ၁၁ နာရီ နီးပါးတောက်လျှောက်ငြှိမ်းသတ်ခဲ့ရတာဖြစ်ပါတယ်။

မီးလောင်ကျွမ်းမှုဖြစ်စဉ်အတွင်း အရန်မီးသတ် တပ်ဖွဲ့ဝင် ၅ ဦးလည်း ထိခိုက်ဒဏ်ရာရတာတွေရှိခဲ့တယ်လို့ သိရပါတယ်။

ရတနာပုံဈေး Sky Walk Shopping Center ဟာ ၆လွှာအဆောက်ဦးဖြစ်ပြီး မြေညီထပ်နဲ့ ပထမထပ်မှာ အထည်ဆိုင်၊ လူသုံးကုန်ပစ္စည်းအရောင်းဆိုင်တွေ ရှိကာဒုတိယထပ်မှာ ရတနာမော ကျောက်မျက်ဈေး၊ တတိယထပ်မှာ သင်တန်းခန်းတွေ၊ လေးထပ်မြောက်မှာ MRCCI အသင်းရှိပါတယ်။

အခုမီးလောင်ခဲ့တဲ့ဈေးနေရာမှာ လွန်ခဲ့တဲ့ ၁၂နှစ် (၂၀၀၈ ခုနှစ်) ကလည်း မီးအကြီးကျယ်လောင်ခဲ့ပြီး နောက် Diamond Plaza နဲ့ ရတနာပုံဈေး SKY Walk Shopping Center ကို တွဲလျက်အသစ်ထပ်မံ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာမီးလောင်မှု အကြောင်းအရင်းနဲ့ ဆုံးရှုံးမှုတန်ဖိုးအား စိစစ်စုံစမ်းဆဲဖြစ်တယ်လို့ မြန်မာနိုင်ငံမီးသတ် ဦးစီးဌာနကသတင်းထုတ်ပြန်ထားပါတယ်။

တရုတ်နိုင်ငံရွှေလီမြို့ရှိ မြန်မာအလုပ်သမားတွေ ဒီရက်ပိုင်းအတွင်း ဖမ်းဆီးခံရမှုများလာ

မြန်မာ အပါအဝင် တရုတ်နိုင်ငံတွင်းရောက်ရှိနေတဲ့ တရားမဝင် နိုင်ငံခြားသားတွေကို ယခုရက်ပိုင်း အတွင်း မှာ နေရပ်ပြန်ကြဖို့ သတိပေးထားပြီး အရင်ထက်ပိုမိုတင်းကျပ်စွာဖမ်းဆီးနေတယ်လို့ တရုတ်နိုင်ငံ၊ ရွှေလီမြို့ မှာ နေထိုင်တဲ့ မြန်မာအလုပ်သမားတွေထံကသိရပါတယ်။

တရုတ်နိုင်ငံ နယ်စပ်မြို့တွေဖြစ်တဲ့ ရွှေလီ၊ကြယ်ဂေါင် စတဲ့မြို့တွေမှာ သွားရောက်လုပ်ကိုင်နေတဲ့ မြန်မာ အလုပ်သမားအများအပြားရှိပြီး အများစုဟာ စာအုပ်အနီလို့ခေါ်တဲ့ ၇ ရက်နေထိုင်ခွင့် စာအုပ်ကိုင်ဆောင် ပြီး တရုတ်နိုင်ငံမှာ ဝင်ရောက်လုပ်ကိုင်နေကြတာဖြစ်ပါတယ်။

' ' ကျွန်မကို တံတားပေါ်မှာပဲ ဖမ်းတာ။ စာအုပ်အနီရှိတယ်လို့ ပြပေမယ့် တရုတ်ရဲတွေက နေထိုင်ခွင့် အထောက်အထားလိုတယ်။ မရဘူးဆိုပြီး ရဲစခန်းခေါ်သွားတယ်။ ညတွင်းချင်းပဲ မိုးမခဖောင်ဒေးရှင်းကို လှမ်းအကူအညီတောင်းလို့ ရယ် သူဌေးကလည်းဖုန်းလှမ်းဆက်ပြီး အာမခံပေးလာလို့ ပြန်လွှတ်လာတာ။ ဒီရက်ပိုင်း ဖမ်းခံရတဲ့သူတွေလည်းများတယ်။ ဒီလိုလာအကူညီပေး၊ထောက်ခံပေးမယ့်သူ မရှိတဲ့သူတွေ ကတော့ ထောင်ကျတယ်လို့သိရတယ်''လို့ တရုတ်နိုင်ငံရွှေလီမြို့မှာ အလုပ်လုပ်ကိုင်နေတဲ့ အသက် ၃၃နှစ်အရွယ်ရှိ အမျိုးသမီးက ဇန်နဝါရီ ၁၆ ရက်နေ့က သူမအဖမ်းခံခဲ့ရတဲ့အခြေအနေကို ပြန်ပြောပြ ပါတယ်။

မြန်မာအလုပ်သမား အများစုသွားရောက်လုပ်ကိုင်နေတဲ့ တရုတ်နယ်စပ်မြို့တွေမှာ ဒီရက်ပိုင်းအတွင်း အဖမ်းအဆီးတင်းကျပ်လာတာဟာ တရုတ်နှစ်သစ်ကူးကာလနဲ့နီးကပ်နေတာကြောင့်လည်း ဖြစ်တယ်လို့ ရွှေလီအခြေစိုက် မြန်မာအလုပ်သမားအရေးကူညီပေးနေတဲ့မိုးမခဖောင်ဒေရှင်းက မအားလီက ဘီဘီစီကို ပြောပါတယ်။

ဒီလိုဖမ်းဆီးရာမှာ ဆီးစစ်လို့ ဆေးကျပြီး မူးယစ်ဆေးဝါးသုံးစွဲထားကြောင်း တွေ့ရှိပါက ထောင် ၂နှစ်တန်းချတာမျိုးထိရှိတယ်လို့လည်း မူဆယ်မြို့ခံ ဦးသောင်းထွန်း ကဘီဘီစီကို ပြောပြပါတယ်။

တရုတ်နိုင်ငံအတွင်း တရားမဝင်နေထိုင်သူတွေအနေနဲ့ ဒီလအတွင်းနောက်ဆုံးထား နေရပ်ပြန်ကြဖို့ သတိပေးချက်ထုတ်ပြန်ထားတယ်ဆိုတဲ့သတင်းတွေလည်း တရုတ် -မြန်မာ နယ်စပ်မြို့ဖြစ်တဲ့ မူဆယ်မြို့ မှာလည်း ပြန့်နှံ့နေတယ်လို့ မူဆယ်မြို့ခံအချို့ကပြောပါတယ်။

တရုတ်မှာတွေ့တဲ့ ရောဂါပိုးအသစ် ကူးစက်ခံထားရသူ ရာနဲ့ချီရှိလာ

တရုတ်နိုင်ငံ ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့တဲ့ ထူးဆန်းတဲ့အဆုတ်ရောင်ရောဂါပိုး ကူးစက်ခံထားရသူဟာ ရာနဲ့ချီရှိလာပြီလို့ ပညာရှင်တွေက ဘီဘီစီကို ပြောပါတယ်။

ရောဂါပိုးအသစ်ကူးစက်ခံထားရသူအရေအတွက်ဟာ ဓာတ်ခွဲခန်း အတည်ပြု စစ်ဆေးချက်အရ ၄၁ ဦး သာရှိတယ်ဆိုပေမယ့် ယူကေက ကျွမ်းကျင်ပညာရှင်တွေရဲ့ တွက်ချက်မှုအရတော့ ၁၇၀၀ နီးပါးလောက် ရှိနိုင်တယ်လို့ ဆိုပါတယ်။

ဒီရောဂါပိုးသစ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းကစပြီး တရုတ်နိုင်ငံ ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီ ၁၁ ရက်နေ့ကတော့ ကူးစက်ခံရသူ လူနာတဦး သေဆုံးခဲ့တယ်လို့ တရုတ်နိုင်ငံပိုင် စီစီတီဗွီ သတင်းဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။