ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တရုတ်စီမံကိန်းတွေကို ပြန်သုံးသပ်ပေးဖို့ သမ္မတရှီခရီးစဉ်အတွင်း အရပ်ဘက်အဖွဲ့ ၅၀ ကျော် တောင်းဆို
ကချင်ပြည်နယ်က မြစ်ဆုံစီမံကိန်း အပါအဝင် မြန်မာနိုင်ငံတွင်း တရုတ်စီမံကိန်းတွေကို ရင်းနှီးမြုပ်နှံမှုဆိုင်ရာ နိုင်ငံတကာစံနှုန်းတွေကို လေးစားလိုက်နာပြီး အကောင်အထည်ဖော်ဖို့ ကချင်ဖွံ့ဖြိုးမှု အဖွဲ့တွေ၊ ကချင်အမျိုးသမီးအဖွဲ့တွေနဲ့ ကချင်လူငယ်အဖွဲ့တွေပါတဲ့ အရပ်ဘက်အဖွဲ့ပေါင်း ၅၂ ဖွဲ့က တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ဇန်နဝါရီလ ၁၇ ရက်နေ့က အိတ်ဖွင့်ပေးစာပို့ တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။
သမ္မတ ရှီကျင့်ဖျန်ဟာ ဒီကနေ့ ဇန်နဝါရီ ၁၇ ရက်နေ့ နေ့လယ်ပိုင်းမှာ နေပြည်တော်ကို ရောက်လာတာပါ။
၂ ရက်ကြာ ခရီးစဉ်အတွင်း နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ကို တွေ့ဆုံဖို့ ရှိပြီး စီမံကိန်းတချို့ကိုလည်း ၂ နိုင်ငံ နားလည်မှုစာချွန်လွှာ လက်မှတ်ထိုးဖို့ ရှိပါတယ်။
သမ္မတရှီကို လိပ်မူထားတဲ့ အိတ်ဖွင့်ပေးစာမှာတော့ အရပ်ဘက် အဖွဲ့ ၅၂ ဖွဲ့က တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်မှာ ပါဝင်တဲ့ စီမံကိန်းတွေကို ဖော်ဆောင်ရာမှာ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ နိုင်ငံတကာစံနှုန်းတွေကို လေးစားလိုက်နာဖို့၊ သမိုင်းဝင်နေရာတွေ၊ ထုံးတမ်းဓလေ့တွေကို လေးစားလိုက်နာဖို့ အပြင် နယ်စပ်ကုန်သွယ်ရေးဆိုင်ရာ မူဝါဒတွေကို မျှမျှတတ အကောင်အထည်ဖော်ပေးဖို့တွေကို ထည့်သွင်း ဖော်ပြထားပါတယ်။
ဒါ့အပြင် မေခ မလိခ ဆုံရာ မြစ်ဆုံဒေသမှာ အကောင်အထည်ဖော်မယ့် ရေအားလျှပ်စစ် စီမံကိန်းကို အပြီးတိုင် ဖျက်သိမ်းပေးဖို့ကိုလည်း ထည့်သွင်းတောင်းဆိုထားပါတယ်။
ဇန်နဝါရီ ၁၈ ရက်နေ့မှာလည်း ကချင်အရပ်ဘက်အဖွဲ့တွေအပါအဝင် မြစ်ဆုံးအရေး ကန့်ကွက်သူတွေဟာ ရန်ကုန်က မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြတောင်းဆိုဖို့ ရှိသလို တရုတ်သံရုံးရှေ့မှာလည်း တောင်းဆိုမှုလုပ်မယ်လို့ ဦးဆောင်လှုပ်ရှားတဲ့ ကိုကျော်လွင်ဦးက ဘီဘီစီကို ပြောပါတယ်။
တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ခရီးစဉ်အတွင်း ကျောက်ဖြူရေနက်ဆိပ်ကမ်းရဲ့ ဒုတိယအဆင့်၊ နယ်ခြားဒေသ စီးပွားရေးဇုန်နဲ့ ရန်ကုန်မြို့သစ် စီမံကိန်းတွေကို လက်မှတ်ထိုးနိုင်ဖွယ်ရှိတယ်လို့ ပြည်ထောင်စုဝန်ကြီးတစ်ဦးက ဘီဘီစီကို ပြောထားပါတယ်။
ဒါ့အပြင် ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်ခု စီမံကိန်းအောက်က တရုတ်-မြန်မာစီးပွား စင်္ကြန်လမ်း စီမံကိန်းထဲမှာပါတဲ့ လုပ်ငန်းတချို့ကိုလည်း လက်မှတ်ထိုးဖို့ ရှိနေတယ်ဆိုတဲ့ သုံးသပ်ပြောဆိုမှုတွေ ရှိနေပါတယ်။