ရန်ကုန်ဆေးရုံကြီး မီးလောင်မှု မီးခလုတ်ခုံ အပူလွန်ကဲရာကစ

ရေးသားခဲ့သည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကင်ဆာရောဂါ ပြင်ပလူနာဌာနမှာ သြဂုတ်လ ၁၃ ရက်နေ့ ည ၆ နာရီ ၃၅ မိနစ်က ဖြစ်ခဲ့တဲ့ မီးလောင်မှုဟာ ပြင်ပလူနာဌာန အသေးစားခွဲစိတ်ခန်းထဲမှာရှိတဲ့ မီးခလုတ်ခုံ အပူလွန်လဲရာက စခဲ့တာ ဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ကုသရေးဦးစီးဌာန ရန်ကုန်ပြည်သူ့ဆေးရုံကြီးက ထုတ်ပြန်ပါတယ်။

မီးခလုတ်ခုံ အပူလွန်ကဲပြီး မျက်နှာကြက်မှာရှိတဲ့ သစ်သားတန်းတွေ နဲ့ ဝါယာကြိုးတွေကို မီးကူးစက်လောင်ကျွမ်းခဲ့ရတာလို့ ဆိုပါတယ်။

မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုး ၃ သိန်း ၇ သောင်း ၅ ထောင် ခန့်ဖြစ်တယ်လို့လည်း ထုတ်ပြန်ပါတယ်။

မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရတာ သေဆုံးတာ တစုံတရာမရှိဘူးလို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

မီးစတင်လောင်တဲ့အချိန်မှာ ဆေးရုံဝန်ထမ်းတွေက မီးသတ်ဆေးဗူးတွေနဲ့ ငြှိမ်းသတ်ဖို့ ကြိုးစားပေမယ့် မရတော့တာကြောင့် မီးသတ်ဌာနကို အကြောင်းကြားခဲ့ရတာပါ။

မီးသတ်ဦးစီးဌာနကတော့ မီးလောင်မှုကို အဆင့် ၂ သတ်မှတ်ပြီး မီးသတ်ယာဉ် ၂၅ စီးနဲ့ ငြှိမ်းသတ်ခဲ့ရတယ်လို့ ထုတ်ပြန်ပါတယ်။

မီးလောင်မှု ဖြစ်ခဲ့တဲ့ အခန်းဟာ လူနာတွေကို နေ့ဖက် ကုသစစ်ဆေးတဲ့ အဆောင်ဖြစ်တာမို့ မီးလောင်စဉ်မှာ လူနာတွေ တယောက်မှ မရှိခဲ့ပါဘူး။

ဒါပေမယ့်တော့ အနီးတဝိုက် အဆောင်တွေက လူနာတွေကိုတော့ မီးလောင်နေစဉ် အရေးပေါ် ပြောင်းရွှေ့ခဲ့ရပါတယ်။