ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စစ်တပ်ပြန်ရဖို့လုပ်နေတဲ့ စစ်ကိုင်းထဲက အာရှအဝေးပြေးလမ်းပိုင်း အညာတော်လှန်ရေးအတွက် ဘယ်လောက်အရေးပါလဲ
စစ်ကိုင်းတိုင်းထဲ အိန္ဒိယရဲ့ဒေါ်လာသန်းရာချီ အကူအညီနဲ့ စီမံကိန်းဖော်ဆောင်ထားပြီး တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ အာရှအဝေးပြေးလမ်းမကြီးရဲ့ မိုင် ၁၀၀ ကျော်လမ်းပိုင်းကို အပြည့်အဝပြန်လည်စိုးမိုးဖို့ စစ်တပ်က အင်အားဖြန့်ကြက်နေပါတယ်။
တိုင်းမြို့တော် မုံရွာကနေ ကလေးဝအထိပေါက်တဲ့ မုံရွာ-ယာကြီး -ကလေးဝ လမ်းပိုင်းကို စစ်တပ်က ပြန်ထိန်းချုပ်ဖို့ ပြင်နေတာဖြစ်ပြီး ဒီလမ်းဟာ အိန္ဒိယ - မြန်မာ- ထိုင်း ၃ နိုင်ငံဖြတ်ကျော် အာရှအဝေးပြေးကားလမ်းမစီမံကိန်းရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။
တဖက်မှာလည်း ဒီလမ်းပိုင်းဟာ မုံရွာမြို့ကို အတက်မှာ တရုတ်ရဲ့ကြေးနီစီမံကိန်းနဲ့ ချိတ်ဆက်နေပါတယ်။
စစ်တပ်ဟာ ခရိုင် ၃ ခုကို ဖြတ်သန်းသွားတဲ့အထိ အခရာကျတဲ့ဒီလမ်းပိုင်းကို ပြန်စိုးမိုးနိုင်ရေး ဗျူဟာကျကျ ထိုးစစ်ဖော်နေတယ်လို့ စစ်ကိုင်းအခြေစိုက် တော်လှန်ရေးရဲဘော် ကိုနှင်းရိပ်နွေက ဘီဘီစီကို ပြောပါတယ်။
စစ်ကိုင်းနိုင်ငံရေး လေ့လာသူတချို့ကတော့ ဒီလမ်းပိုင်းဟာ စစ်ကိုင်းတိုင်းတစ်ခုလုံးကို ဖြန့်ကြက်ထိန်းချုပ်နိုင်ဖို့ ခြေကုပ်ယူနိုင်မယ့်အသက်သွေးကြောလို့ ရှုမြင်နေကြပါတယ်။
အိမ်နီးချင်း အိန္ဒိယ၊ တရုတ်တို့ရဲ့အကျိုးစီးပွားတွေနဲ့ ဆက်နွှယ်နေတဲ့ဒီလမ်းပိုင်းကို ပြန်ထိန်းချုပ်ဖို့ စစ်တပ် ဘယ်လိုကြိုးပမ်းနေလဲ။
အိန္ဒိယ ဆောက်လုပ်ရေးပြန်စဖို့ ပြောနေတဲ့လမ်းပိုင်းကို စစ်တပ်ထိန်းချုပ်ဖို့ပြင်
ကလေးဝကနေ မြို့တော် မုံရွာအထိ ပေါက်မယ့် မုံရွာ- ယာကြီး လမ်းပိုင်းဟာ မိုင်ပေါင်း ၁၁၅ မိုင်ကျော် ရှည်ပါတယ်။
ဒီလမ်းဟာ မုံရွာကနေတဆင့် အညာမှာ တော်လှန်ရေးအဖွဲ့တွေ နယ်မြေစိုးမိုးမှုနဲ့ ထိန်းချုပ်မှုအားကောင်းတဲ့ ကနီမြို့နယ်ကို ဖြတ်သွားတာဖြစ်ပြီး အိန္ဒိယ- မြန်မာနယ်စပ်က ခမ်းပတ်၊ တမူးမြို့တွေအထိ ပေါက်မှာဖြစ်ပါတယ်။
မိုးတွင်းမှာ ဖြတ်သန်းသွားလာဖို့ခက်တဲ့ဒီလမ်းပိုင်းကို အဆင့်မြှင့်တင်ဖို့ အိန္ဒိယက အမေရိကန်ဒေါ်လာ သန်း ၃၇၀ ကျော် စိုက်ထုတ်ပြီး ၂၀၁၈ ခုနှစ်ကတည်း နည်းပညာပါ ကူညီခဲ့တာဖြစ်ပါတယ်။
အိန္ဒိယဟာ ထိုင်းနိုင်ငံအထိ ကုန်သွယ်လမ်းကြောင်း ဆန့်ဖို့ ဒီလမ်းပိုင်းဆောက်လုပ်ရေးကို ကူညီခဲ့တာဖြစ်ပေမဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် လက်နက်ကိုင်တော်လှန်မှုတွေ၊ နယ်မြေထိန်းချုပ်မှုတွေကြောင့် လမ်းပိုင်းအဆင့်မြှင့်တင်ရေးလုပ်ငန်းတွေ ရှေ့မဆက်နိုင်ဖြစ်နေပါတယ်။
၃ နှစ်နဲ့ပြီးဖို့ ရည်မှန်းထားတဲ့စီမံကိန်းဟာ ၂၀၂၁ စစ်အာဏာသိမ်းပြီးကတည်းကဆိုရင် ဆောက်လုပ်ရေးမလုပ်နိုင်တာ ၅ နှစ်ထဲ ဝင်လာပြီဖြစ်လို့ ဒီလမ်းဖောက်လုပ်ရေး ပြန်စနိုင်ဖို့ အိန္ဒိယဘက်က နေပြည်တော်ကို ဖိအားပေးပါတယ်။
မကြာသေးခင်ကပဲ အိန္ဒိယ ဝန်ကြီးချုပ် မိုဒီဟာ ဒေလီမှာ ဦးမင်းအောင်လှိုင်နဲ့တွေ့ဆုံချိန် ဒီလမ်း ကိစ္စကို ထုတ်ပြောပြီး ဦးမင်းအောင်လှိုင်ကလည်း လမ်းဆောက်လုပ်ရေးအတွက် လုံခြုံရေးပိုင်း အရင် စီစဥ်မယ်ဆိုပြီး အာမခံခဲ့ပါတယ်။
အခုတော့ ဦးမင်းအောင်လှိုင် အာမခံပြီး ရက်ပိုင်းအကြာမှာပဲ အဲဒီလမ်းပိုင်းပေါ်က ရွာတွေကို စစ်တပ်က တဖြည်းဖြည်း ပြန်လည် ခြေကုပ်ယူလာပါတယ်။
၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွင်းမှာပဲ စစ်တပ်က ဒီလမ်းပိုင်းပေါ်က ဗျူဟာကျတဲ့ နေရာတချို့ကို မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကနေ တပ်ကူအင်အားရာချီ စေလွှတ်ပြီး ထိုးစစ်တွေအရှိန်မြှင့်နေတယ်လို့ ယင်းမာပင်ခရိုင်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။
"နမခကနေ ဧပြီလကုန်ပိုင်းမှာ အင်အားရာချီလွှတ်ပြီး ကနီနဲ့ ယင်းမာပင်ဘက်တွေမှာ စစ်ကြောင်းထိုးနေတာ"လို့ သူက ပြောပါတယ်။
နမခက တပ်ကူအင်အားတွေနဲ့ မုံရွာလမ်းပိုင်းကို ထိန်းချုပ်ပြီးနောက် ကနီမြို့နယ်ထဲက ယာကြီးနဲ့ ကလေးဝလမ်းပိုင်းကိုပါ စိုးမိုးနိုင်ရေး ခြေလှမ်းပြင်လာတာလို့ တော်လှန်ရေးရဲဘော် ကိုနွေဦးရိပ်က ပြောပါတယ်။
မြန်မာစစ်တပ်က ပြီးခဲ့တဲ့နှစ်တွေအတွင်း ဒီလမ်းပိုင်းကို ယာယီပြန်ထိန်းခဲ့တာမျိုးရှိပေမဲ့ တော်လှန်ရေးတပ်တွေရဲ့ပြောက်ကျားထိုးစစ်တွေကြောင့် ကာလအတန်ကြာ ပြန်လက်လွှတ်လိုက်ရတယ်လို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
ကနီမြို့နယ်ထဲက ချောင်းမရွာမှာ စစ်တပ်က နမခဘက်ကနေ ဖြည့်တင်းထားတဲ့ အင်အားရာချီနဲ့ ပြီးခဲ့တဲ့ မေလပိုင်းလောက်မှာ ခြေကုပ်ယူတပ်စွဲလိုက်ပြီးနောက် အဲဒီရွာအနီးတဝိုက်မှာ ဇွန်လဝက်အထိ ရွာစဉ်လှည့်ပြီး စစ်ကြောင်းဆက်ထိုးနေတာလို့ သူက ထပ်ပြောပါတယ်။
မုံရွာ-ကလေးဝလမ်းပိုင်းဟာ ချောင်းမရွာဘေးကနေ ဖြတ်သန်းသွားတာဖြစ်ပါတယ်။
ချောင်းမရွာဟာ စစ်ကိုင်းထဲက မြို့နယ် ၅ ခုထက်မနည်းရဲ့ ဆုံချက်နေရာဖြစ်နေတာကြောင့် စစ်တပ်က ဒီနေရာကို စစ်ရေးအရ အခိုင်အမာတပ်စွဲထားတာလို့ ယင်းမာပင်အခြေစိုက် တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။
ချောင်းမရွာကနေ "ပုလဲ၊ ယင်းမာပင်၊ ဆားလင်းကြီး၊ မုံရွာ၊ ချောင်းဦး၊ ဒီပဲယင်းမြို့တွေထိ လမ်းက ပေါက်တယ်၊ စစ်ကိုင်းက မြို့နယ်တွေချိတ်ဆက်နေတဲ့ မိန်းလမ်းဆုံချက်ပေါ့" လို့ သူက ရှင်းပြပါတယ်။
မုံရွာမြို့ဟာ ချောင်းမရွာရဲ့အရှေ့တောင်ဘက်မှာရှိပြီး မြို့ကနေ ၂၃ မိုင်ကျော်ကွာဝေးပါတယ်။
စစ်တပ်စစ်ကြောင်းတွေ အရှိန်မြှင့်ထိုးနေတဲ့ ဧပြီလကနေ ဇွန်လ တတိယပတ်အထိ ၂ လကျော်ကာလအတွင်း ကနီဒေသထဲက မုံရွာ-ကလေးဝ လမ်းပိုင်းဘေးမှာရှိတဲ့ ရွာပေါင်း ၁၀ ရွာထက်မနည်း စစ်ရှောင်နေကြရတယ်လို့ သူက ဖြည့်ပြောပါတယ်။
ကနီမြို့နယ်၊ ယာကြီးရွာအနီးက တာဝါတိုင်စခန်းကုန်းမှာလည်း စစ်တပ်က ပြီးခဲ့တဲ့ မေလပိုင်းမှာ အင်အားရာချီနဲ့ အထိုင်ချတပ်စွဲထားပြီး ယာကြီးအနီးနားရွာတွေမှာလည်း စစ်တပ်စစ်ကြောင်းတွေ ဆက်ရှိနေတယ်လို့ အဲဒီဒေသမှာ လှုပ်ရှားနေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။
ချောင်းမရွာနဲ့ ၃၂ မိုင်ကျော်ကွာဝေးတဲ့ ယင်းမာပင်မြို့နယ်ထဲက ရွာတွေမှာလည်း ပြီးခဲ့တဲ့လတွေအတွင်း စစ်တပ်စစ်ကြောင်းဝင်ရောက်ပြီး နယ်မြေရှင်းလင်းရေးတွေ လုပ်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။
"ယင်းမာပင်နဲ့ ပုလဲမြို့နယ်အစပ်က ဆင်စွယ်၊ ကပိုင်၊ သီးကုန်းနဲ့ အနီးတဝိုက်က ရွာတွေထဲ စစ်ကြောင်းဝင်လှည့်ခဲ့တာ" လို့ သူက ဖြည့်ပြောပါတယ်။
ယင်းမာပင်မြို့နယ်ဟာ ချောင်းမရွာရဲ့ တောင်ဘက်ခြမ်းမှာရှိတာဖြစ်ပါတယ်။
ခရိုင် ၃ ခု၊ တိုင်း ၃ တိုင်း
မုံရွာ-ယာကြီး-ကလေးဝလမ်းပိုင်းဟာ မုံရွာ၊ ယင်းမာပင်နဲ့ ကလေး စတဲ့ ခရိုင် ၃ ခုကို ဖြတ်သန်းသွားတာဖြစ်ပါတယ်။
အလားတူ ဒီလမ်းပိုင်းဟာ စစ်ကိုင်း၊ မန္တလေးနဲ့ မကွေး တိုင်းဒေသကြီး ၃ ခုနဲ့ဆက်စပ်နေတဲ့ စစ်ရေးအရာ ဗျူဟာကျတဲ့လမ်းပိုင်းတစ်ခုဖြစ်တယ်လို့ အကဲခတ်တွေက ရှုမြင်ပါတယ်။
မုံရွာ-ကလေးဝ လမ်းပိုင်းဘေးက ကလေး-ကျောက်ထုလမ်းပိုင်းနဲ့ မြောက်ဘက်က ကလေး-တမူးလမ်းပိုင်းတို့ကို စစ်တပ်က ၂၀၂၆ ခုနှစ် ပထမ နှစ်ဝက်ထဲမှာပဲ အင်အားရာချီ စစ်ကြောင်းဖြန့်ကြက်နေပါတယ်။
ဒီလမ်းပိုင်းတွေကို စစ်တပ်ပြန်ထိန်းချုပ်နိုင်သွားမယ်ဆိုရင် တော်လှန်ရေးတပ်တွေအနေနဲ့ မုံရွာ-ယာကြီး-ကလေးဝလမ်းပိုင်းကို လက်လွှတ်ရနိုင်ခြေများတယ်လို့ ယင်းမာပင်ခရိုင်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။
မုံရွာ-ကလေးဝလမ်းပိုင်းရဲ့ အနောက်ဘက်ခြမ်းကို ကြည့်မယ်ဆိုရင် စစ်ကိုင်းနဲ့ မကွေး ဒေသ ၂ ခုကို ဆက်သွယ်ထားတဲ့ ကလေး-ဂန့်ဂေါ-ဆော-ကျောက်ထု လမ်းပိုင်းရှိနေပါတယ်။
အဲဒီလမ်းပိုင်းကိုရဖို့ကိုလည်း စစ်တပ်က စစ်ကြောင်းတွေနဲ့ ထိုးစစ်ဖော်နေဆဲဖြစ်တယ်လို့ မြေပြင်အခြေအနေသိသူတချို့က ပြောတယ်။
မကွေးတိုင်းထဲက ဆောနဲ့ ကျောက်ထုမြို့ကို စစ်တပ်က ထိန်းချုပ်ထားတာဖြစ်ပြီး အဲဒီလမ်းပိုင်းကနေ ချင်း၊ မင်းတပ်မြို့အထိ ကားလမ်းတိုက်ရိုက်ပေါက်ပါတယ်။
ကလေး-ကျောက်ထုလမ်းပိုင်းရဲ့ အလယ် ဂန့်ဂေါနဲ့ လမ်းပိုင်းအထက်ဘက်ဖြစ်တဲ့ စစ်ကိုင်း၊ ကလေးဒေသ လမ်းပိုင်းကို ထိန်းချုပ်နိုင်မယ်ဆိုရင် ချင်းပြည်နယ်တစ်ခုလုံး ပြန်ရမယ့်သဘောလို့ ချင်းစစ်ရေးအကဲခတ်တစ်ဦးက ဆိုပါတယ်။
"ထီးလင်း၊ ဆော၊ ကျောက်ထု (ယောဒေသ) ကို စိုးမိုးနိုင်ရင် ချင်းတောင်ပိုင်း (မင်းတပ်၊ ကန်ပက်လက်) ကို သွားမယ့် လမ်းကြောင်းတွေကို ထိန်းနိုင်မယ်၊ ဂန့်ဂေါနဲ့ ကလေးမြို့ကို စိုးမိုးနိုင်ရင် ချင်းမြောက်ပိုင်း (ဟားခါး၊ ဖလမ်း၊ တီးတိန်) ဘက်အထိ လမ်းပွင့်သွားပြီပေါ့" လို့ သူက ရှင်းပြပါတယ်။
ဒါကြောင့် ဒီလမ်းဟာလည်း အိန္ဒိယ-မြန်မာနယ်စပ်က ချင်းပြည်နယ်တစ်ခုလုံးအတွက် အရေးပါတဲ့လမ်းပိုင်းတစ်ခုဖြစ်နေပါတယ်။
အိန္ဒိယနဲ့ နယ်စပ်မြို့ တီးတိန်၊ တွန်းဇံမြို့တွေကိုတော့ ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွင်းမှာပဲ စစ်တပ်က ချင်းကာကွယ်ရေးတပ်တွေလက်ထဲကနေ ပြန်သိမ်းပါတယ်။
နေပြည်တော်ကတော့ အိန္ဒိယနဲ့ နယ်စပ်မြို့တွေဖြစ်တဲ့ ကလေး-ခမ်းပတ်-တမူးလမ်းပိုင်းကို မြန်မာစစ်တပ်က ပြန်ရဖို့ ကြိုးပမ်းနေတယ်လို့ ၂၀၂၆ ဇွန်လထဲမှာပဲ သတင်းထုတ်ပြန်ထားပါတယ်။
ဘီဘီစီရဲ့ မြေပြင်သတင်းရင်းမြစ်တစ်ဦးကတော့ ကလေး-ခမ်းပတ်-တမူးလမ်းပိုင်းတစ်ခုလုံးရဲ့ ထက်ဝက်ကျော်ကို စစ်တပ်က ပြန်ထိန်းချုပ်ထားပြီလို့ ဇွန်လ ဒုတိယအပတ်မှာ ပြောထားပါတယ်။
အဲဒီလမ်းပိုင်းဟာ မုံရွာ-ကလေးဝလမ်းပိုင်းရဲ့ မြောက်ဘက်ပိုင်းမှာရှိပါတယ်။ အခုတော့ စစ်တပ်က ဒီလမ်းပိုင်းပေါ်က ပြည်သူ့ကာကွယ်ရေးတပ် သိမ်းထားတဲ့ ခမ်းပတ်မြို့ကိုလည်း ပြန်သိမ်းလိုက်ပြီဖြစ်ပါတယ်။
တစ်ဖက်မှာလည်း ကလေး-ကျောက်ထုလမ်းပိုင်းကို စစ်တပ်ပြန်ရတာနဲ့ မုံရွာ-ကလေးဝ လမ်းပိုင်းရဲ့ ထိပ်ဆုံးပြစ်မှတ်ဖြစ်တဲ့ ကလေးမြို့ကို အခြေစိုက်စခန်းကြီးတစ်ခုသဖွယ် အခိုင်အမာ တည်ဆောက်ခွင့်ရသွားမယ်လို့ ရဲဘော် ကိုနှင်းရိပ်နွေက ပြောပါတယ်။
အပြန်အလှန်အနေနဲ့ မုံရွာ-ကလေးဝ လမ်းပိုင်းကို စစ်တပ်ရခဲ့မယ်ဆိုရင်လည်း ကလေး-ကျောက်ထုလမ်းပိုင်းတကြောက တော်လှန်ရေးတပ်တွေအတွက် စစ်ရေးဖိအားဖြစ်လာနိုင်တယ်လို့ သူက ထပ်ပြောပါတယ်။
ကလေးမြို့ဟာ ကလေးဝမြို့ရဲ့အနောက်ဘက်ခြမ်းမှာရှိပြီး နယ်မြေချင်းထိစပ်နေပါတယ်။
ဒါပေမဲ့ လမ်းပိုင်းတစ်ခုလုံးပြန်ရဖို့ ဆိုရင် ဆက်စပ်လမ်းပိုင်းတွေအပြင် "ကနီ၊ ယာကြီးနဲ့ လက်ပံတောင်းတောင်ဝန်းကျင် (ဆားလင်းကြီး၊ ယင်းမာပင်) ဘက်က မြေပြင်စိုးမိုးမှုအခြေအနေတွေအပေါ်မှာလည်း မူတည်သေးတယ်" လို့ ကိုနှင်းရိပ်နွေက မှတ်ချက်ပြုပါတယ်။
တစ်ဖက် မုံရွာ-ကလေးဝလမ်းပိုင်းဟာ မန္တလေးတိုင်းအတွက်လည်း အရေးပါနေပါတယ်။ မန္တလေးတိုင်းဟာ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီး (Trilateral Highway) ရဲ့ ဗဟိုချက်မ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံ (မြဝတီ) ဘက်ကလာတဲ့ လမ်းကြောင်းဟာ မန္တလေးကို ဖြတ်ပြီး မုံရွာ-ကလေးဝလမ်းပိုင်းကတဆင့် အိန္ဒိယအထိ ဆက်သွယ်သွားမှာဖြစ်ပါတယ်။
ဒါကြောင့် ဒီလမ်းပိုင်းဟာ မန္တလေးတိုင်းအတွက်လည်း စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ ကုန်ထုတ်လုပ်မှုကဏ္ဍတွေအတွက် အရေးပါတယ်လို့ နားလည်ရပါတယ်။
မန္တလေးမြို့ဟာ အိန္ဒိယနယ်စပ် (တမူး-မိုရေး) နယ်စပ်ဂိတ်ပေါက်ကနေဝင်လာမယ့် သွင်းကုန်တွေနဲ့ အိန္ဒိယဘက်ကို ပို့မယ့် ပို့ကုန်တွေရဲ့အဓိက စုဆုံရာမြို့ ဖြစ်တာကြောင့်လို့ အကဲခတ်တစ်ဦးက မှတ်ချက်ပြုပါတယ်။
အိန္ဒိယရဲ့ သုံးနိုင်ငံလမ်းမ၊ တရုတ်ရဲ့ကြေးနီ စီမံကိန်း
မုံရွာ-ယာကြီး -ကလေးဝ လမ်းပိုင်းဟာ မုံရွာကနေ အိန္ဒိယနယ်စပ် တမူးဘက်ကို သွားဖို့ရာ အရေးပါတဲ့ ဗျူဟာမြောက် ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုဖြစ်တယ်လို့ စစ်ကိုင်းဒေသခံ ကုန်သည်တစ်ဦးက ရှင်းပြပါတယ်။
ဒီလမ်းဟာ မဟာမြိုင်တောကို ဖြတ်သန်းရတဲ့ မုံရွာ - အရာတော် - တန့်ဆည် - ရေဦး - ခင်ဦး - ကလေးဝ လမ်းဟောင်းနဲ့ယှဉ်ရင် မိုင် ၆၀ နီးပါး ပိုတိုတောင်းတာကြောင့်လို့ သူက ဆိုပါတယ်။
တစ်ဖက်မှာလည်း ဒီလမ်းပိုင်းဟာ ဆားလင်းကြီးမြို့နယ်ထဲမှာရှိတဲ့ တရုတ်စီမံကိန်းတွေဆီ ဦးတည်တဲ့လမ်းကြောင်းတွေ ရှိထားပြီးသားဖြစ်ပါတယ်။
မုံရွာ-ကလေးဝ လမ်းပိုင်းဟာ ပုသိမ်-မုံရွာလမ်းပိုင်းနဲ့ ချိတ်ဆက်နေတဲ့ ဆုံချက်ရှိပြီး အဲဒီဆုံချက်ကနေ တောင်ဘက် ဆက်ဆင်းလာရင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းထဲက စက်ရုံတွင်းလမ်းနဲ့ ထပ်မံချိတ်ဆက်နေပါတယ်။
လမ်းပိုင်းဟာ မြန်မာစစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လုပ်ငန်းနဲ့ တရုတ်ကုမ္ပဏီ ဝမ်ပေါင်၊ ယန်စီတို့ အကျိုးတူပူးပေါင်းလုပ်ပိုင်နေကြတဲ့ ကြေးနီစီမံကိန်းဧရိယာအနီးမှာပဲ ဖြတ်သန်းသွားမှာဖြစ်ပါတယ်။
စစ်တပ်က မုံရွာ-ကလေးဝ လမ်းပိုင်းပြန်ရတာနဲ့ "ကြေးနီသယ်ပို့တဲ့ လမ်းကြောင်းတွေ အတားအဆီးမရှိဖြစ်သွားမယ်။ နောက်ထပ်စီမံကိန်းတွေလည်း ထပ်ဝင်လာနိုင်တယ်" လို့ ဆားလင်းကြီးအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက သုံးသပ်ပါတယ်။
တရုတ်စီမံကိန်း စက်ရုံတွင်းလမ်းနဲ့ ပုသိမ်-မုံရွာလမ်းတို့ဟာ ဆားလင်းကြီး၊ ဖောင်းကားမြောက်ရွာမှာ လမ်းဆုံပါတယ်။
အလားတူ ဒီစက်ရုံတွင်းလမ်းတွေဟာ ယင်းမာပင်မြို့နယ်နဲ့လည်း ထိစပ်နေပြန်ပါတယ်။
တော်လှန်ရေးတပ်တွေနဲ့ ဒေသခံတွေ ကြုံရနိုင်တဲ့ ဖိအား
မုံရွာ-ကလေးဝ လမ်းပိုင်းကို စစ်တပ်ပြန်ရရင် ပုလဲနဲ့ ဂန့်ဂေါလမ်းပိုင်းနဲ့ ကလေး-ကျောက်ထုလမ်းပိုင်းက တော်လှန်ရေးတပ်ထိန်းချုပ်ဒေသတွေမှာပါ ဖြတ်လေးဖြတ်လုပ်လာနိုင်တယ်လို့ အညာဒေသမှာ လှုပ်ရှားနေတဲ့ တော်လှန်ရေးတပ်ဖွဲ့တချို့က ဘီဘီစီကို ပြောပါတယ်။
ဒီလမ်းပိုင်းက တချို့နေရာတွေမှာလည်း စစ်တပ်က ထိန်းချုပ်ထားပြီလို့ ကနီအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။
ကနီ၊ ယင်းမာပင်၊ ဆားလင်းကြီးနဲ့ ယောဒေသက တပ်ဖွဲ့တွေဟာ လက်နက်ခဲယမ်းပြတ်လပ်မှုအပြင် ရေရှည်တိုက်ပွဲဝင်ဖို့ ခဲယမ်းမလုံလောက်မှု ထိုးနှက်ချက်တွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ စစ်ကိုင်းစစ်ရေးအကဲခတ်တစ်ဦးက ထောက်ပြပါတယ်။
စစ်ကိုင်းအခြေစိုက် တော်လှန်ရေးတပ်တချို့ကလည်း ဒီလမ်းပိုင်း စစ်တပ်ပြန် မရရေးအတွက် လမ်းပိုင်းတလျှောက် မိုင်းဆွဲတာ၊ ပြောက်ကျားစနစ်နဲ့ တိုက်ခိုက်တာတွေ လုပ်နေတယ်လို့ ယင်းမာပင်က တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။
တစ်ဖက်မှာလည်း စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေကြား နှစ်ဖက် တိုက်ပွဲတွေ ပြင်းထန်လာရင် လမ်းပိုင်းတလျှောက်မှာနေထိုင်နေကြတဲ့ ဒေသခံတွေအနေနဲ့ စစ်မက်ဒဏ်အပြင် ကုန်စည်ပြတ်တောက်မှုကြောင့် စားနပ်ရိက္ခာမလုံလောက်မှုတွေနဲ့ ကြုံတွေ့နိုင်တယ်လို့ စစ်ကိုင်းနိုင်ငံရေး လေ့လာသူတစ်ဦးက ဆိုပါတယ်။
"စစ်ကြောင်းထိုးချိန် မီးရှို့ခံရတာ၊ စိုက်ပျိုးရေးလုပ်ငန်းတွေ ပျက်စီးတာ၊ ရွာလုံးကျွတ်ထွက်ပြေးရတဲ့အခြေအနေတွေ ပိုဆိုးလာနိုင်တယ်" လို့ သူက ဖြည့်ပြောပါတယ်။
ရဲဘော် ကိုနှင်းရိပ်နွေကတော့ မုံရွာ-ကလေးဝ လမ်းပိုင်းကို စစ်တပ်ပြန်ရပြီဆိုရင် တော်လှန်ရေးတပ်တွေအတွက် အသက်ရှူပေါက်ပိတ်သွားနိုင်တယ်လို့ ဘီဘီစီကို ပြောပါတယ်။
"အညာဒေသတစ်ခုလုံးအတွက် လေကြောင်းအားကိုးပြီး ရိက္ခာပို့စရာမလိုတော့ဘူး၊ ကုန်းလမ်းကနေ သံချပ်ကာကားတွေ၊ စစ်ကူအင်အားတွေ ပို့နိုင်လာမယ်၊ ချင်းဘက်အထိပါ စစ်ရေးလမ်းကြောင်း ပေါက်သွားမယ်"