အီးယူက အထူးကုန်သွယ်ခွန် ပြန်ရုပ်သိမ်းမှာကို လုပ်ငန်းရှင်တွေ စိုးရိမ်နေ

ရွှေပြည်သာ အထည်ချုပ်စက်ရုံလုပ်ငန်းခွင် တစ်ခု

ဓာတ်ပုံ ရင်းမြစ်, Ye Aung Thu/AFP via Getty Images

ဓာတ်ပုံ ပုံစာ, ရွှေပြည်သာ အထည်ချုပ်စက်ရုံလုပ်ငန်းခွင် တစ်ခု
ရေးသားခဲ့သည်။

မြန်မာနိုင်ငံအပေါ် ဥရောပသမဂ္ဂ အီးယူက ကုန်သွယ်မှုအထူးအခွင့်အရေး GSP ရုပ်သိမ်းမယ်ဆိုရင် အထည်ချုပ်လုပ်ငန်းကို အများကြီး ထိခိုက်လာနိုင်မှာဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းတွေလည်း လျော့ပါးသွားနိုင်တယ်လို့ ကုန်သည်စက်မှုအသင်းချုပ် UMFCCI ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ပြောပါတယ်။

အီးယူဟာ မြန်မာနိုင်ငံကို ၂၀၁၃ ခုနှစ်ကစလို့ ကုန်သွယ်ခွန် စည်းကြပ်မှု လျှော့ပေါ့တဲ့ အထူးအခွင့်အရေးပေးခဲ့တာဖြစ်ပြီး အခုတော့ ဒါကို ပြန်ရုပ်ဖို့ ဥရောပသမဂ္ဂ အီးယူကော်မရှင်က ပြန်လည် သုံးသပ်နေတာ ဖြစ်ပါတယ်။

"အီးယူ အချက်အလက်ရှာဖွေရေးအဖွဲ့က လာမယ့်နှစ် အစောပိုင်း လာဖို့ရှိတယ်၊ ဒီမှာ လေ့လာမယ်၊ စုံစမ်းထောက်လှမ်းမယ်၊ ပြီးတာနဲ့ ဆုံးဖြတ်ချက် ချလိမ့်မယ်နဲ့ တူပါတယ်" လို့ UMFCCI ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ပြောပါတယ်။

"အီးယူက GSP ရုပ်သိမ်းမယ်ဆိုရင် အထည်ချုပ်လုပ်ငန်းကို အများကြီးထိခိုက်မယ်၊ အခြေခံလုပ်သားတွေ ထိခိုက်မယ်၊ အလုပ်အကိုင်ရရှိမှု ထိခိုက်မယ်၊ တိုင်းပြည်ကိုလည်း ထိခိုက်နိုင်တယ်" လို့ ဒေါက်တာမောင်မောင်လေးက ဆက်ပြောပါတယ်။

အီးယူရဲ့ ကုန်သွယ်မှုအထူးအခွင့်အရေးအရ 'မြန်မာနိုင်ငံမှာ ချုပ်လုပ်သည်' Made In Myanmar ဆိုတဲ့ အဝတ်အထည်၊ ဖိနပ်၊ အိတ် စတဲ့ ပစ္စည်းတွေကို ဥရောပသမဂ္ဂနိုင်ငံတွေဆီ တင်ပို့မယ်ဆိုရင် အခွန်အခ ကင်းလွတ်ခွင့်ရတာ ဖြစ်ပါတယ်။

အဲ့ဒီလုပ်ငန်းတွေထဲမှာ အထည်ချုပ်လုပ်ငန်းကနေ တင်ပို့တာက ၉၅ % အထိ ရှိပါတယ်။

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းရဲ့ စာရင်းအချက်အလက်တွေအရ အထည်ချုပ်လုပ်ငန်းကနေရတဲ့ ကုန်သွယ်မှုတန်ဖိုးက ၂၀၁၇ မှာ ယူရိုငွေ ၂.၆ ဘီလီယံရှိခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ ၄.၇ ဘီလီယံ ရှိခဲ့ပါတယ်။

၂၀၁၇ နဲ့ ၂၀၁၈ ကို နှိုင်းယှဉ်မယ်ဆိုရင် အထည်ချုပ်လုပ်ငန်းရဲ့ ကုန်သွယ်မှုတန်ဖိုးက ၇၀% အထိ တက်လာခဲ့တာလည်း ဖြစ်ပါတယ်။

"အီးယူရဲ့ GSP ကြောင့် အထည်ချုပ်က အများကြီး တက်သွားတာ" လို့ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောပါတယ်။

ကုန်သည်စက်မှုအသင်းချုပ်က ၂၀၁၈ ခုနှစ်မှာ ကောက်ယူထားတဲ့စစ်တမ်းအရလည်း မြန်မာနိုင်ငံက အထည်ချုပ်လုပ်ငန်းမှာ လုပ်ကိုင်နေတဲ့ ဝန်ထမ်း ၄ သိန်းဝန်းကျင်ရှိတယ်လို့ ဖော်ပြပါတယ်။

အထည်ချုပ် လုပ်ငန်းခွင်တခု

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, အထည်ချုပ် လုပ်ငန်းခွင်တခု

လက်ရှိမှာလည်း မြန်မာနိုင်ငံဟာ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ဂျီနိုဆိုက် ကွန်ဗန်းရှင်းကို ချိုးဖောက်တယ်လို့ ဂမ်ဘီယာနိုင်ငံက စွပ်စွဲထားတဲ့အပေါ် အပြည်ပြည်ဆိုင်ရာတရားရုံး အိုင်စီဂျေမှာ လျှောက်လဲနေရတာဖြစ်ပြီး ဒါ့ကြောင့် နိုင်ငံအပေါ် စီးပွားရေးအရ အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရှိလာမှာကို လုပ်ငန်းရှင်တချို့က စိုးရိမ်နေကြပါတယ်။

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်ကတော့ "လုပ်ငန်းရှင်ဘက်က ကလေးလုပ်သားမရှိစေရဘူးဆိုတဲ့ ကိစ္စတွေလို အလုပ်သမားအခွင့်အရေးဘက်ကရော လူ့အခွင့်အရေးဘက်ကရော ပြည့်မီအောင် ဆောင်ရွက်နေပါတယ်" လို့ ပြောပါတယ်။

ပြည်တွင်းက အထည်ချုပ်လုပ်ငန်းမှာ တရုတ် ဂျပန် ကိုရီးယားစတဲ့ နိုင်ငံခြားသားပိုင် စက်ရုံတွေလည်း ရှိနေပြီး လုပ်ငန်းရှင် ၅၀၀ ကျော်ထဲမှာ တရုတ်နိုင်ငံသား လုပ်ငန်းရှင်က ၂၀၀ ကျော်ရှိတယ်လို့လည်း ဒေါ်ခိုင်ခိုင်နွယ်က ပြောပါတယ်။