ဂမ်ဘီယာရဲ့ တရားစွဲမှုကို ပယ်ဖျက်ပြီး ကြားဖြတ်စီရင်ခွင့် မပေးဖို့ မြန်မာဘက်က ချေပ

ဒေါ်အောင်ဆန်းစုကြည်

ဓာတ်ပုံ ရင်းမြစ်, UN

ဓာတ်ပုံ ပုံစာ, ဂမ်ဘီယာက တရားစွဲမှု ကို ပယ်ဖျက်ပြီး ကြားဖြတ်စီရင်ခွင့် မပေးဖို့ မြန်မာဘက်ကချေပ
ရေးသားခဲ့သည်။

ဂမ်ဘီယာဟာ အိုအိုင်စီ အထောက်အပံ့နဲ့ တရားစွဲတာ ဖြစ်ပြီး မြန်မာအပေါ် တရားစွဲမှုကို ပယ်ဖျက်ပြီး ထုတ်နုတ် ကိုးကားထားတဲ့ စွဲချက်တွေဟာ ခိုင်မာမှု မရှိတဲ့အတွက် ကြားဖြတ် စီရင်ခွင့် မပေးဖို့ မြန်မာဘက်က ချေပသွားပါတယ်။

နယ်သာလန်နိုင်ငံ သည်ဟိဂ်မှာ ကျင်းပတဲ့ မြန်မာနဲ့ဂမ်ဘီယာကြား နောက်ဆုံးအပြန်အလှန် ကြားနာမှု နောက်ဆုံးနေ့အပြီး နိဂုံးချုပ် တင်ပြမှုမှာ မြန်မာကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောသွားတာပါ။

အနောက်အာဖရိကထဲက ဂမ်ဘီယာနိုင်ငံဟာ နိုင်ငံပေါင်း ၅၇ နိုင်ငံပါတဲ့ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အိုအိုင်စီ ကို ကိုယ်စားပြုပြီး ဒီအမှုကို ဖွင့်ခဲ့တာဖြစ်ပြီး ဒီဇင်ဘာ ၁ဝ ရက်ကနေ ၁၂ ရက်ထိ နှစ်ဘက်နိုင်ငံတွေရဲ့ လျှောက်ထားချက်တွေကို ၃ ရက်တာ ကြားနာခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဘက်က ရှေ့နေတွေက ဒီဇင်ဘာလ ၁၁ ရက်နေ့က လျှောက်လဲသွားတဲ့ အချက်တွေကို လက်မလွှတ်ဘဲ အိုင်စီဂျေမှာ ဂမ်ဘီယာ တရားစွဲတာ တရားမဝင်ကြောင်းနဲ့ ဂမ်ဘီယာဘက်က စွဲဆိုထားတဲ့ လူမျိုးတုံး သတ်ဖြတ်မှုတွေကို ကျုးလွန်ဖို့ ရည်ရွယ်ချက် မရှိဘူး ဆိုတာကို ဒီဇင်ဘာလ ၁၂ရက်နေ့ အပြန်အလှန် လျှောက်လဲမှုမှာ အဓိကထားပြီး ဥပဒေ အကိုးအကားတွေနဲ့ ရှင်းသွားပါတယ်။

ခရစ္စတိုဖာ စတိတ်ကာ

ဓာတ်ပုံ ရင်းမြစ်, UN

ဓာတ်ပုံ ပုံစာ, ခရစ္စတိုဖာ စတိတ်ကာ

အိုင်စီဂျေ မှာ ဂမ်ဘီယာ ဟာ တရားရင်ဆိုင်ခွင့် မရှိဘူးလို့ မြန်မာဘက်က ရှေ့နေ ခရစ္စတိုဖာ စတိက်ကာ က တရားရုံးမှာ လျှောက်လဲ သွားပါတယ်။

လူမျိုးတုံးသတ်ဖြတ်မှုတွေကို ကျုးလွန်ခဲ့တယ် ဆိုပြီး မြန်မာနိုင်ငံကို ဂမ်ဘီယာဘက်က စွဲဆိုထားတာနဲ့ ပတ်သက်လို့ နောက်ဆုံးနေ့ အပြန်အလှန် ကြားနာမှုမှာ မြန်မာရှေ့နေ့တွေက ဒီအချက်နဲ့ စတင် ချေပသွားခဲ့ပါတယ်။

ဂမ်ဘီယာ ဟာ အိုအိုင်စီ က တာဝန်ပေးခဲ့တာ ဖြစ်ပြီး အိုအိုင်စီအဖွဲ့ဝင်တွေ ကိုယ်စား တရားစွဲတာ ဖြစ်တယ်လို့ သူက အကိုးအကားနဲ့ ဆက်ပြောခဲ့ပါတယ်။

ဂျီနိုဆိုက် ကွန်ဗန်းရှင်း အပိုဒ်၈ အရ နိုင်ငံတစ်ခုက နိုင်ငံတစ်ခုပေါ်မှာ တရားစွဲခွင့် ရှိပြီး အခုလို အိုအိုင်စီ ကိုယ်စား တရားစွဲဆိုတာ ဒီအချက်နဲ့ လုံးဝ လုံးဝ ဆန့်ကျင်တယ်လို့ ခရစ္စတိုဖာ စတိတ်ကာ က ပြောသွားပါတယ် ။

ပါမောက္ခ ရှေဘတ်စ်

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, မြန်မာနိုင်ငံမှာ ဂျီနိုဆိုက် ရှိတယ်လို့ ဘယ်တုန်းကမှ မပြောခဲ့ပါဘူးလို့လည်းပြော

လူမျိုးတုံးသတ်ဖြတ်မှု အန္တရာယ်က မြန်မာနိုင်ငံမှာ ဆက်ရှိနေလို့ ဆိုပြီး provisional measures လို့ ခေါ်တဲ့ ကြားဖြတ် စီမံ ဆောင်ရွက်ချက်တွေ မြန်မာဘက်က လုပ်ဆောင်အောင် အိုင်စီဂျေက အမိန့် ထုတ်ပြန်ပေးဖို့ ဒီဇင်ဘာ ၁၂ ရက် ပထမပိုင်း ကြားနာမှုမှာ ဂမ်ဘီယာဘက်က လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။

မြန်မာ့ တပ်မတော်ရဲ့ လုပ်ဆောင်ချက်တွေ၊ တပ်မတော်ရဲ့ နယ်မြေ ရှင်းလင်းရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ဂျီနိုဆိုက် လို့ ခေါ်တဲ့ လူမျိုးတုံး သတ်ဖြတ်ရန် ရည်ရွယ်ချက် ရှိမရှိ ဆိုတာနဲ့ ပတ်သက်လို့ တိတိကျကျ ချေပ ငြင်းဆိုခဲ့တာ မရှိပါဘူး ဆိုတာကို ပေါလ် ရိုက်ကလာ က ပြောခဲ့တာနဲ့ ပတ်သက်လို့ ဒီကိစ္စဟာ ဥပဒေကြောင်းအရ တင်ပြရမယ့်ကိစ္စ ဖြစ်ပြီး တရားရုံးမှာ အငြင်းအခုံ လုပ်ရမယ့်ကိစ္စ မဟုတ်ဘူးလို့လည်း ပါမောက္ခ ရှေဘတ်စ် က ပြောပါတယ် ။

အထူးသဖြင့် ဂမ်ဘီယာဘက်က ကိုးကားတဲ့ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအချက်တွေကို မြန်မာဘက်က ငြင်းခဲ့ပါတယ်။

ရိုဟင်ဂျာတွေအပေါ် အမုန်းစကားတွေကို အစိုးရက မထိန်းချုပ်ဘူး ဆိုတာနဲ့ ပတ်သက်လို့ ဒါဟာ တကမ္ဘာလုံးမှာ ဖြစ်နေတဲ့ကိစ္စ ဖြစ်ပြီး လွတ်လပ်စွာ ပြောဆိုခွင့်ကို ဘယ်လောက် ထိခိုက်သလဲဆိုတာကို သိရှိဖို့ လိုတယ်လို့လည်း ပြောသွားပါတယ်။

ဂမ်ဘီယာရဲ့ တရားစွဲဆိုမှုအတွက် လူမျိုးတုံးသတ်ဖြတ်မှုမှာ ဘယ်နှစ်ယောက် သေတယ် ဆိုတာကို မဖော်ပြတဲ့ ပထမဆုံး ပြဿနာ ဖြစ်တယ် လို့လည်း ပြောသွားပြီး ဂမ်ဘီယာဘက်က တင်ပြမှုတွေဟာ သေတဲ့အရေအတွက် တိတိကျကျ မဖော်ပြတာတွေ၊ ဘယ်နေရာတွေ မှာ မြုပ်ထားတယ် ဆိုတာ အစီရင်ခံစာမှာ မဖော်ပြနိုင်တာတွေကို ပြန်ပြီး ထောက်ပြသွားပါတယ်။

ဒါ့အပြင် ဂမ်ဘီယာဘက်က စွပ်စွဲသလို ပါမောက္ခရှေဘတ်စ်က အယ်လ်ဂျားဇီးရားမှာ ဖြေခဲ့တာဟာ သူတို့က နိမိတ်ပြမေးခွန်း မေးတာကို အဲဒီလိုဆိုရင်တော့ ဖြစ်နိုင်တယ်လို့ ပြောသွားတာ ဖြစ်ပြီးတော့ သူအနေနဲ့ မြန်မာနိုင်ငံမှာ ဂျီနိုဆိုက် ရှိတယ်လို့ ဘယ်တုန်းကမှ မပြောခဲ့ပါဘူး လို့လည်း ပါမောက္ခ ရှေဘတ်စ် က ပြောသွားပါတယ် ။

ဒေါ်အောင်ဆန်းစုကြည်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကြားနာမှု ဒုတိယနေ့မှာ ဒေါ်အောင်ဆန်းစုကြည် လျှောက်လဲခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နောက်ဆုံး အဆုံးသတ်နိဂုံးကို ခုနှစ်မိနစ်ခန့် တိုတိုနဲ့ လိုရင်း လျှောက်ထားသွားပြီး ဂမ်ဘီယာ စွဲဆိုမှုတွေဟာ ဥပဒေအကြောင်းအရ ခိုင်မာမှု မရှိသလို ထုတ်နုတ်ကိုးကားထားတဲ့ စွဲချက်တွေဟာ ခိုင်မာမှု မရှိတဲ့အတွက် အပြည်ပြည်ဆိုင်ရာ တရားရုံး အနေနဲ့ ဂမ်ဘီယာနိုင်ငံက စွဲချက်တင်ထားတဲ့ လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေး စာချုပ်ဖောက်ဖျက်မှုနဲ့ တင်ထားတဲ့ စွဲချက်ကို ပယ်ဖျက်ပေးဖို့၊ ဂမ်ဘီယာနိုင်ငံက တောင်းဆိုထားတဲ့ ကြားဖြတ်စီမံဆောင်ရွက်ချက် Provisional Measure ကို ပယ်ချပေးဖို့ မြန်မာနိုင်ငံ ကိုယ်စားလှယ် ဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအပေါ် ကြားဖြတ်စီမံ ဆောင်ရွက်ချက်တွေ ပြုလုပ်မယ် ဆိုရင် လက်ရှိအစိုးရဘက်က ကြိုးစားနေတဲ့ ဖွံ့ဖြိုးရေး အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး လုပ်ငန်းစဉ်တွေအပေါ် သက်ရောက်နိုင်မှုကိုလည်း ထည့်သွင်း စဉ်းစားဖို့ ပြောသွားပါတယ်။

နယ်သာလန်နိုင်ငံ သည်ဟိဂ်ကို ရောက်နေတဲ့ ဘီဘီစီ သတင်းထောက် ပြောတာကတော့ တရားသူကြီးတွေဆီက မေးမြန်းချက်အရ ဒီအမှုဟာ ဇန်နဝါရီလဆန်းလောက်မှ မြန်မာနိုင်ငံအပေါ် ကြားဖြတ်စီမံ ဆောင်ရွက်ချက် ခွင့်ပြုမပြုဆိုတာ အဆုံးအဖြတ် ထွက်နိုင်မယ် လို့လည်း သိရပါတယ်။