ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တပ်မတော်သားတွေဖမ်းမိထားကြောင်း ရုပ်သံဖိုင်နဲ့တကွ အေအေထပ်ထုတ်ပြန်၊မြန်မာနိုင်ငံက လိင်လုပ်သမတွေကိုအကာကွယ်ပေးနိုင်မယ့် ပြည့်တန်ဆာဆိုင်ရာ ဥပဒေရေးဆွဲနေ အပါအဝင်မနက်ခင်းသတင်းများ
၁)ဂူတာပြင်ဖြစ်စဉ်မှာ ပါဝင်တဲ့တပ်မတော်သားအချို့ကို စစ်တရားရုံးမှာစစ်ဆေးမှု ဒီကနေ့စမယ်
ဘူးသီးတောင်မြို့နယ် ဂူတာပြင် ကျေးရွာဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်တရားရုံးနဲ့ စစ်ဆေးစီရင်တာကို ဒီကနေ့ နိုဝင်ဘာ ၂၆ရက်နေ့မှာ ဘူးသီးတောင်မြို့ နယ်မြေခံတပ်မှာ စတင်စစ်ဆေးတော့မှာဖြစ်တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။
အေပီသတင်းဌာနရဲ့၂၀၁၈ ခုနှစ်က ဖော်ပြခဲ့တဲ့ သတင်းထဲမှာ ၂ဝ၁၇ ခုနှစ် ဩဂုတ်လ အတွင်း၊ ရခိုင် ပြည်နယ် မြောက်ပိုင်းမှာ အစိုးရ လုံခြုံရေးတပ်ဖွဲ့တွေ တုံ့ပြန်ဆောင်ရွက်ခဲ့တဲ့ စစ်ရေးဆောင်ရွက်ချက်တွေကြောင့် ဂူတာပြင်မှာ ရိုဟင်ဂျာအယောက် ၄ဝဝ ဝန်းကျင် အထိ သေဆုံးခဲ့နိုင်ကြောင်း ဘင်္ဂလားဒေ့ရှ် ရောက် ဒုက္ခသည်တွေရဲ့ ထွက်ဆိုချက်တွေ ရှိတယ်လို့ ပါဝင်ပါတယ်။
'' စစ်ဖက်တရားရုံးရဲ့တရားစီရင်ရေးပြီးသွားတဲ့အခါမှာတော့ ထုတ်ပြန်သွားမှာပါ။ အခုလောလောဆယ် ကျွန်တော်ပြောနိုင်တာကတော့ ပြစ်မှုကျူးလွန်သူလို့ ကနဦးတွေ့ရှိသူများအပေါ်မှာဆောင်ရွက်သွားမှာဖြစ်ပါ တယ်။ အဲထဲမှာ အရာရှိအဆင့်နဲ့ အခြားအဆင့်ဆင့် စစ်သည်တွေပါဝင်ပါတယ်။''လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ကပြောပါတယ်။
ဂူတာပြင် ဖြစ်စဉ်နဲ့ပတ်သက်ပြီး အေပီသတင်းဌာနကဖော်ပြခဲ့တဲ့ထဲမှာ ရုပ်ပျက်ဆင်းပျက် ဖြစ်နေကြတဲ့ ဂူတာပြင် ရုပ်အလောင်းတွေဟာ ဖျောက်ဖျက်ဖို့ စီစဉ်ခဲ့တာ ဖြစ်တယ်လို့လည်း ပါရှိပါတယ်။
၂)အင်ဂျင်နီယာတွေအဖမ်းခံထားရတဲ့အပေါ် လွတ်မြောက်ရေးဝိုင်းဝန်းကြိုးပမ်းပေးဖို့ ဆောက်လုပ်ရေး ဒုဝန်ကြီးတောင်းဆို
ရခိုင်ပြည်နယ်မှာ လမ်းတံတားဆောက်လုပ်ရေးလုပ်ငန်းတွေလုပ်ကိုင်ဖို့ သွားရောက်ရင်း ရက္ခိုင့်တပ်တော် အေအေရဲ့ဖမ်းဆီးခံထားရတဲ့ အင်ဂျင်နီယာအချို့ ပြန်လည်လွတ်မြောက်ဖို့အတွက် ဝိုင်းဝန်းကြိုးပမ်း ပေးကြဖို့ ဆောက်လုပ်ရေးဒုဝန်ကြီး ဦးကျော်လင်းက လွှတ်တော်ကတဆင့်တောင်းဆိုလိုက်ပါတယ်။
နိုဝင်ဘာ ၂၅ရက်နေ့က ပြည်သူ့လွှတ်တော်မှာ ပေါက်တောနဲ့ ပုဏားကျွန်းမြို့နယ်တွေကို ဖြတ်ကျော်ပြီး ကုလားတန်မြစ်ပေါ်မှာဖောက်လုပ်မယ့် ကစ္စပနဒီတံတားစီမံကိန်းကိစ္စမေးမြန်းမှုအပေါ် ပြန်လည် ဖြေကြားရာမှာ အထက်ပါအကြောင်းအရာကိုထည့်သွင်းပြောဆိုသွားခဲ့တာဖြစ်ပါတယ်။
အေအေရဲ့ဖမ်းဆီးခံထားရသူတွေထဲမှာ ဆောက်လုပ်ရေးဝန်ကြီးဌာနက အငယ်တန်းအင်ဂျင်နီယာတစ်ဦးနဲ့ ကျွမ်းကျင်လုပ်သားတစ်ဦးတို့ ပါဝင်တယ်လို့ ဆောက်လုပ်ရေးဒုတိယဝန်ကြီး ဦးကျော်လင်းကပြောပါတယ်။
အခုလို ဝန်ထမ်းတွေဖမ်းဆီးရတာတွေရှိနေပေမယ့်လည်းရခိုင်ပြည်နယ်က လမ်း၊ တံတား ဖောက်လုပ်ရေး ကိုတော့ ဝန်ကြီးဌာနအနေနဲ့ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဝန်ကြီးကပြောပါတယ်။
၃)ဂမ်ဘီယာနိုင်ငံရဲ့မြန်မာအပေါ်တရားစွဲဆိုမှုကို ပြည်ပရောက် တိုင်းရင်းသား ၃ဖွဲ့က ထောက်ခံ
လူမျိုးတုန်းသတ်ဖြတ်မှု တားဆီးရေးနဲ့ အပြစ်ပေး အရေးယူမှုကို ချိုးဖောက်တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက မြန်မာကို တရားစွဲဆိုတာနဲ့ ပတ်သက်လို့ National Alliance of Burma (USA)Canadian Burma Ethnic National (CBENO) Coalition of Burma Ethnic (COBEM) အဖွဲ့တို့က နေ ထောက်ခံ ကြောင်း ကြေညာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။
'' တိုင်းရင်းသားအခွင့်အရေးနဲ့ပတ်သက်ပြီးတော့ အခုရိုဟင်ဂျာတွေလိုပဲ ခံစားရတာတွေက နှစ်ပေါင်း များစွာရှိပြီ။ခုချိန်ထိ တစ်စုံတစ်ရာအရေးယူတာ ရပ်တန့်တာမရှိဘူး။ ဒီဟာက ကျွန်တော်တို့ တိုင်းရင်း သားတွေရဲ့ခံစားနေရတဲ့အခွင့်အရေးတွေအပေါ်မှာ အပြောင်းအလဲတစ်ခုခုရှိလာစေချင်တဲ့ မျှော်လင့်ချက်နဲ့ ပါ။ အဓိကက တိုင်းရင်းသားတွေအပေါ်ကျူးလွန်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုပေါ့''လို့
ဂမ်ဘီယာနိုင်ငံရဲ့တရားစွဲမှုအပေါ်ထောက်ခံရတာနဲ့ပတ်သက်ပြီး COBEM ရဲ့ ဥက္ကဌ ဂျိုးဇက်ရှယူးက ဘီဘီစီကို ပြောပြပါတယ်။
မြန်မာနိုင်ငံဟာ ကုလသမဂ္ဂ ရဲ့ လူမျိုးတုံး သတ်ဖြတ်မှု ရာဇဝတ်မှု၊ ကာကွယ်ခြင်းနဲ့ ပြစ်ဒဏ်ချမှတ်ခြင်း ဆိုင်ရာ ကွန်ဗင်းရှင်းကို ၁၉၄၉ က ပါဝင် လက်မှတ်ရေးထိုးခဲ့ပြီး တော့ ၁၉၅၆ မတ်လ ၁၄ ရက် ကအသက်ဝင်ခဲ့ပါတယ်။
ဂမ်ဘီယာကလည်း ဒီသဘောတူချက်မှာ လက်မှက်ထိုးထားပြီးတော့ သူက နိုင်ငံပေါင်း ၅၇ နိုင်ငံပါတဲ့ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့OIC ကို ကိုယ်စားပြုပြီး ဒီအမှုကို ဖွင့်ခဲ့တာဖြစ်ပါတယ်။
အခုလို လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ မြန်မာနိုင်ငံမှာ နှစ်ပေါင်းကြာရှည်တဲ့ ပြည်တွင်းစစ်အတွင်းမှာ တပ်မတော်ဘက်နဲ့ တိုင်းရင်းသားလက်နက်ကိုင် တွေဘက်ကလည်း လုပ်ဆောင်ခဲ့တာရှိခဲ့ပြီး ဒီလို လုပ်ဆောင်မှုတွေနဲ့ ပတ်သက်လို့လည်း နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက ထောက်ပြနေခဲ့ကြပါတယ်။
ဒါကြောင့် အခုလို နှစ်ပေါင်းကြာရှည် တိုင်းရင်းသားဒေသတွေမှာ လူ့အခွင့်အရေးချိုးဖောက်ခဲ့မှုတွေအပေါ်မှာ လည်း နိုင်ငံတကာအနေနဲ့ အရေးယူ စောင့်ကြည့်စေချင်တယ်လို့ ဦး ဂျိုးဇက်ရှယူးက ဆိုပါတယ်။
၂ဝ၁၇ ဩဂုတ်လ အဖြစ်အပျက်တွေ နောက်ပိုင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေး သွားကြရတဲ့ ရိုဟင်ဂျာ အရေအတွက် ၇ သိန်း ကျော် ရှိတယ်လို့ ကုလသမဂ္ဂက ပြောထားပါတယ်။
၄)တပ်မတော်သား ၁၃ ဦးဖမ်းမိထားကြောင်း ရုပ်သံဖိုင်နဲ့တကွ အေအေထပ်ထုတ်ပြန်
တပ်မတော်သား ၁၃ဦးကိုဖမ်းဆီးရမိထားကြောင်း အေအေဘက်က ထုတ်ပြန်ချက်ကို တပ်မတော် ဘက်ကငြင်းဆန်အပြီး ဖမ်းဆီးရမိထားတယ်ဆိုတဲ့ တပ်မတော်သားတွေရဲ့ ဓာတ်ပုံသာမက၊ စကားပြောတာကို ရိုက်ကူးထားတဲ့ရုပ်သံဖိုင်ကိုပါ အေအေဘက်က ထပ်မံ ထုတ်ပြန်လိုက်ပါတယ်။
နိုဝင်ဘာလ ၁၉ ရက် နေ့လည် ၁ နာရီခန့်တွင် ရခိုင်ပြည်နယ်နှင့် နယ်နမိတ်ချင်းဆက်စပ်လျက်ရှိသော ချင်းပြည်နယ် ပလက်ဝမြို့နယ် ပကာဝရွာ အနောက်တောင်ဘက်ရှိ တောင်တန်းပေါ်တွင်ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း ဖမ်းဆီးရမိသူတွေလို့ ရက္ခိုင့်တပ်တော်(အေအေ)ဘက်ကထုတ်ပြန်ထားပါတယ်။
ခုနှစ်မိနစ်ခန့်နီးပါးကြာမြင့်တဲ့အဆိုပါရုပ်သံဖိုင်မှာ တိုက်ပွဲဖြစ်ပွားပြီးနောက် လက်နက်ချခဲ့တယ်ဆိုတဲ့ တပ်မတော်သားတွေကို နာမည်၊ ရာထူး၊ နေရပ်တွေကို မေးမြန်းမှတ်တမ်းတင်နေတာတွေပါပါတယ်။
AA ရဲ့ထုတ်ပြန်ချက်အရ ဖမ်းဆီးရမိထားသူတွေမှာ တပ်မ ၇၇ လက်အောက်ခံ မှော်ဘီအခြေစိုက် ခမရ ၃၁၃ က ဖြစ်ပြီး တပ်စုမှူး ဗိုလ်အဆင့်ရှိသူတစ်ဦး၊ အရာခံဗိုလ်တစ်ဦး၊ တပ်ကြပ် သုံးဦးနှင့် တပ်သား ရှစ်ဦးပါဝင်တယ်လို့ ဆိုပါတယ်။
အေအေဘက်က ဖမ်းဆီးရမိထားတယ်ဆိုတဲ့ တပ်မတော်သားတွေနဲ့ပတ်သက်ပြီး တပ်မတော်ဘက်က ကနဦးငြင်းဆိုထားပေမယ့် နောက်ပိုင်းမှာတော့ ပြန်လည် စိစစ်နေတယ်လို့ ပြောဆိုထားပါတယ်။
၅)မြန်မာနိုင်ငံက လိင်လုပ်သမတွေကိုအကာကွယ်ပေးနိုင်မယ့် ပြည့်တန်ဆာဆိုင်ရာ ဥပဒေရေးဆွဲနေ
မြန်မာနိုင်ငံက လိင်လုပ်သားတွေကို အကာအကွယ်ပေးနိုင်မယ့် ပြည့်တန်ဆာဆိုင်ရာ ဥပဒေကို ရေးဆွဲနေပြီလို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စန်းစန်းအေး က နိုဝင်ဘာ ၂၅ရက်နေ့ကပြောပါတယ်။
ဒီအကြောင်းကို နိုဝင်ဘာ ၂၅ ရက်နေ့က နေပြည်တော်၊မင်္ဂလာသီရိ ဟိုတယ်မှာ ပြုလုပ်ခဲ့တဲ့ အမျိုးသမီး များအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားမှာမိန့်ခွန်းပြောကြားရာမှာထည့်သွင်းပြောဆိုသွားခဲ့တာဖြစ်ပါတယ်။
ပြည့်တန်ဆာ နှိပ်ကွပ်ရေး ဥပဒေ လုပ်မယ့် အစား ပြည့်တန်ဆာဆိုင်ရာ ဥပဒေ ဆိုပြီးတော့ ပြန်လည် ပြင်ဆင်ရေးဆွဲ နေတယ်။ ပြည့်တန်ဆာဆိုင်ရာ ဥပဒေမှာတော့ ပြည့်တန် ဆာလုပ်ငန်း လုပ်ကိုင်တဲ့ အမျိုးသမီးတွေကို အဓိက အကာ အကွယ် ပေးဖို့ဖြစ်တယ်လို့ ဒေါ်စန်းစန်းအေးကပြောပါတယ်။
မြန်မာနိုင်ငံ မှာ ပြည့်တန်ဆာလုပ်ငန်းကို တရားဝင်ခွင့်ပြုထားတာမျိုးမရှိသလို ပြည့်တန်ဆာလုပ်ကိုင် ကြောင်း တွေ့ရှိပါက ဖမ်းဆီးအရေးယူခံရသလို၊ အသွင်ယူဖမ်းဆီးတာတွေကလည်း ရှိနေတာဖြစ်ပါတယ်။
လိင်အလုပ်သမတွေအနေနဲ့ ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်ရင်း အကြမ်းဖက်ခံရတာတွေရှိပါကလည်း တိုင်ကြားလို့မရတဲ့အခြေအနေမျိုးတွေရှိနေတယ်လို့ အမျိုးသမီးအရေးလုပ်ဆောင်သူတွေကပြောဆိုထားကြပါတယ်။
အခုပြင်ဆင်ရေးဆွဲနေတဲ့ဥပဒေမှာ ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်သူတွေကို အကာအကွယ် ပေးထားမယ့်အချက်တွေပါမယ့်အပြင် ဒီလုပ်ငန်းနယ်ပယ်ကနေ လွတ်မြောက်လာဖို့နဲ့ ကျန်းမာရေး လူမှုဘဝ စီးပွားရေး လိုအပ်ချက်တွေကို ဆောင်ရွက်ပေးမယ့် အချက်အလက်တွေကို ထည့်သွင်း ရေးဆွဲထားတယ်လို့ ဒေါက်တာ စန်းစန်းအေးက ရှင်းလင်းပြောဆိုခဲ့ပါတယ်။