ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
နယူးဇီလန် လိင်အလုပ်သမ ဗြိတိန်ဘုရင်မရဲ့ သူကောင်းပြုခံရ
နယူးဇီလန် လိင်အလုပ်သမတွေ နှိမ့်ချဆက်ဆံခံရမှုတွေအတွက် အခွင့်အရေးမြှင့်တင်ပေးဖို့ ဦးဆောင်ခဲ့သူတဦးဟာ ဗြိတိသျှဘုရင်မကြီးရဲ့ သူကောင်းပြုခံရတဲ့ စာရင်းထဲပါဝင်လာပါတယ်။
ကက်သရင်းဟယ်လေဆိုတဲ့ လိင်အလုပ်သမဟောင်းတဦးဟာ လိင်ဖျော်ဖြေရေး လုပ်ငန်းမှာ ပါဝင်နေသူ အမျိုးသမီးရဲ့ အခွင့်အရေးကို ဆောင်ရွက်ပေးခဲ့တဲ့အတွက် Order of Merit ဘွဲ့နဲ့ သူကောင်းပြုခြင်း ခံရတာဖြစ်ပါတယ်။
လိင်အလုပ်သမတွေ အခွင့်အရေးအပြည့်အ၀ ရဖို့အတွက် အရေးပါတဲ့ ၂၀၀၃ ခုနစ်က အတည်ပြုခဲ့တဲ့ ဥပဒေ ပေါ်ထွက်လာဖို့အတွက် သူမဟာ အခရာကျတဲ့ ပုဂ္ဂိုလ်ဖြစ်ခဲ့ပါတယ်။
ဒီလို ချီးမြှင့်ခြင်းရတယ်ဆိုတဲ့ အကြောင်းကိုကြားတော့ ကျွန်မအနေနဲ့ အလွန်ပဲ အံ့သြမိတယ်လို့ သူမက ဘီဘီစီကို ပြောပါတယ်။
မစ္စဟယ်လေအနေနဲ့ လိင်အလုပ်သမ အလုပ်နဲ့ အသက်မွေးဝမ်းကြောင်းမှု မပြုခင် ၁၉၈၀ ပြည့်လွန်နှစ်တွေတုန်းက မူလတန်းကျောင်းဆရာမအဖြစ် အသက်မွေးဝမ်းကျောင်းပြုခဲ့တာလည်း ဖြစ်ပါတယ်။
စာသင်ကြားပေးတဲ့အလုပ်ကနေ အဲဒီအလုပ်ကိုကြောင်းတော့ အကာကွယ်ပေးမှု အလွန်နည်းပါးတာတွေနဲ့ ကြုံခဲ့ရပြီး ကျွန်မအနေနဲ့ အလွန်ပဲ ထိတ်လန့်ခဲ့ရပါတယ်လို့ မစ္စဟယ်လေက ပြောပါတယ်။
ငယ်ရွယ်တဲ့ လိင်အလုပ်သမဖြစ်တဲ့ ကျွန်မတို့အနေနဲ့ ရိုင်းပြနှိမ်ချပြောဆိုမှုတွေကို ကြုံခဲ့ရတယ်လို့ သူမက ပြောပါတယ်။ မစ္စဟာလေ ဦးဆောင်ပြီး ၁၉၈၇ ခုနစ်မှာ နယူးဇီလန် လိင်အလုပ်သမများဆိုင်ရာ အစည်းအရုံးကို တည်ထောင်ခဲ့ပြီး လိင်လုပ်သားအခွင့်အရေးအတွက် အကြံဉာဏ်ပေးမှုတွေကို ပြုလုပ်ခဲ့ပါတယ်။
လိင်ဖျော်ဖြေရေးလုပ်ငန်းတွေမှာ ပါဝင်နေရတဲ့ လိင်အလုပ်သမတွေ နှိမ့်ချဆက်ဆံခံရမှုတွေ ပပျောက်ဖို့အတွက် ဆောင်ရွက်တဲ့ လှုပ်ရှားမှုတွေမှာ သူတို့ရဲ့ အဖွဲ့ဟာ ရှေ့တန်းကနေ ပါဝင်ခဲ့တာဖြစ်ပါတယ်။
ဆောင်ကြာမြိုင်တွေနဲ့ ဇိမ်ခန်းတွေကို တရားဝင် စီးပွားရေးလုပ်ငန်းအဖြစ် သတ်မှတ်ဆောင်ရွက်နိုင်ရေးအတွက် ပြည့်တန်ဆာ ဥပဒေပြင်ဆင်မှုမှာ သူတို့အဖွဲရဲ့ လိင်အလုပ်သမအခွင့်အရေး မြှင့်တင်မှုဆိုင်ရာ လှုပ်ရှားမှုတွေက အထောက်အကူပြုစေခဲ့တာလည်း ဖြစ်ပါတယ်။