ဧရာဝတီတိုင်းမှာတွေ့တဲ့မွတ်စလင်အယောက် ၃၀ဟာ ရခိုင်ကနေလာတာဖြစ်၊နမ့်ဆန်မှာ တိုက်ပွဲတွေပြန်ဖြစ် အပါအဝင်မနက်ခင်းသတင်းများ

ရေးသားခဲ့သည်။

ဒေါ်နော်အုန်းလှ အမှုရုံးထုတ် ပဒိုမန်းငြိမ်းမောင်နဲ့ ကရင်တိုင်းရင်းသားတွေ လာရောက်ဝန်းရံခဲ့

ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ကရင့်အာဇာနည်နေ့ အခမ်းအနားကျင်းပခဲ့တဲ့အတွက် တရားရင်ဆိုင်နေရတဲ့ ဒေါ်နော်အုန်းလှနဲ့ ကရင်လူငယ်အချို့ရဲ့ စက်တင်ဘာ ၂၇ ရက်နေ့ရုံးချိန်းမှာ ပဒိုမန်းငြိမ်းမောင်နဲ့ အခြားကရင်တိုင်းရင်းသားတွေကို တရားရုံးကိုလာရောက်ပြီး ဝန်းရံခဲ့ကြတယ်လို့ သိရပါတယ်။

လာရောက် ဝန်းရံကြသူတွေဟာ တိုင်းရင်းသားအခွင့်အရေးတန်းတူရရှိရေးအတွက်လည်း ကြွေးကြော်ခဲ့ကြတယ်လို့ သိရပါတယ်။

မနေ့က ရုံးချိန်းမှာ ဒေါ်နော်အုန်းလှ ဟာ တရားရုံးမှာ တစ်စုံတစ်ရာ ထွက်ဆိုချက်မပေးဘဲ စစ်ဆေးမှုကို ပူးပေါင်းပါဝင်မှုမရှိဘဲ သပိတ်မှောက်ခဲ့တယ်လို့လည်း ဒေါ်နော်အုန်းလှက ဘီဘီစီကိုပြောပါတယ်။

ဒေါ်နော်အုံးလှ နဲ့ လှစောအဲလ်ဘတ်ချို၊ စသိန်းဇော်မင်း တို့ ၃ယောက်ကို ဩဂုတ် ၁၂ ရက်က (၆၉) နှစ်မြောက် ကရင်အာဇာနည်နေ့ အခမ်းအနားဦးဆောင် ကျင်းပခဲ့တဲ့အတွက် ငြိမ်းစုစီပုဒ်မနဲ့ တရားစွဲဆိုခံ ထားရတာဖြစ်ပြီး လာမယ့် အောက်တိုဘာ ၂ ရက်နေ့မှာ အမိန့်ချသွားမယ်လို့ သိရပါတယ်။

ဒေါ်နော်အုန်းလှတို့ကို ကရင့်အာဇာနည်နေ့ကျင်းပတဲ့အတွက် တရားစွဲဆိုထားတဲ့အပေါ် ကရင်အမျိုးသား အစည်းအရုံး (KNU) အပါအဝင် ကရင်အဖွဲ့အစည်းတွေဘက်က ပြန်လွှတ်ပေးဖို့အတွက် တောင်းဆိုထား တာတွေလည်းရှိပါတယ်။

ကရင်အမျိုးသား အစည်းအရုံး KNU က NCA အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီး နောက်ပိုင်းမှာ ကရင့်အာဇာနည်နေ့ အခမ်းအနားကို မြန်မာနိုင်ငံမှာ နှစ်စဉ် ကျင်းပခဲ့ပေမယ့် အခုနှစ်မှာတော့ အာဇာနည် ဆိုတဲ့အသုံးအနှုန်းကို အသုံးမပြုဖို့အတွက် အာဏာပိုင်တွေဘက်က တားမြစ်ခဲ့ပါတယ်။

အခုလိုတားမြစ်မှုဟာ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် အဟန့်အတားတစ်ခု ဖြစ်လာနိုင်တယ်လို့ ကေအန်ယူရဲ့ ဒုတိယ ဥက္ကဋ္ဌ ဟောင်းဖြစ်တဲ့ ဗဒိုနော်စီဖိုးရာစိန်က ဘီဘီစီကိုပြောထားပါတယ်။

ကရင်ခေါင်းဆောင် စောဘဦးကြီးနဲ့ သူ့နောက်လိုက်တချို့ ၁၉၅၀ သြဂုတ်လ ၁၂ ရက်နေ့မှာ ကရင် ပြည်နယ် ကော့ကရိတ်မြို့နယ်၊ ထိုကော်ကိုးရွာမှာ လုပ်ကြံသတ်ဖြတ်တာ ခံလိုက်ရတဲ့ နေ့ကို ကရင့်အာဇာနည်နေ့လို့ သတ်မှတ် ကျင်းပခဲ့တာ ဖြစ်ပါတယ်။

နမ့်ဆန်မြို့နယ်အနီးမှာ တိုက်ပွဲတွေပြန်ဖြစ်နေ

ရှမ်းပြည်နယ်မြောက်ပိုင်းက နမ့်ဆန်မြို့နယ် အနီးက ကျေးရွာတွေနားမှာ စက်တင်ဘာ ၂၇ ရက်နေ့က လက်နက်ကြီးနဲ့ ပစ်ခတ်သံတွေပြန်လည်ကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာ ၂၇ ရက်နေ့က နမ့်ဆန်မြို့ နမ့်ခေးကျေးရွာအနီးမှာ မြန်မာ့တပ်မတော်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်တို့အကြား တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်ကဘက်က ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာလထဲမှာပဲ နမ့်ဆန်မြို့အနီး တောင်ရိုးဘုရားနားမှာ မြန်မာ့တပ်မတော်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်တို့အကြား ၄ ရက်ဆက်တိုက် တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး လက်နက်ကြီး ထိမှန်လို့ အရပ်သားသေဆုံးမှုတွေလည်းရှိခဲ့ပါတယ်။

တပ်မတော်ဘက်က တစ်ဘက်သတ်အပစ်ရပ်ထားတဲ့ စစ်တိုင်း ၅ တိုင်းကို အပစ်ရပ်ထပ်တိုးတာမျိုးမရှိတော့ဘူးလို့လည်း မြန်မာ့တပ်မတော်ဘက်က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောထားပါတယ်။

အပစ်ရပ်ကာလအတွင်းမှာတောင် ရှမ်းမြောက်နဲ့ ရခိုင်မှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့တဲ့အတွက် အပစ်ရပ်ကာလသက်တမ်းထပ်မတိုးတော့တဲ့အတွက် မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအဖွဲ့တွေအကြား တိုက်ပွဲတွေ ပိုဖြစ်လာမလားဆိုပြီး ရှမ်းမြောက်ဒေသခံအချို့ကတော့ စိုးရိမ်နေကြပါတယ်။

ဧရာဝတီတိုင်းမှာတွေ့တဲ့ မွတ်စလင် အယောက် ၃၀ ဟာ ရခိုင်ကနေ လာတာဖြစ်

ဧရာဝတီတိုင်း ငရုတ်ကောင်းမြို့အဝင်မှာတွေ့ရတဲ့ မွတ်စလင် အယောက် ၃၀ ဟာ ရခိုင်ပြည်နယ် ဘက်က နေ လာတဲ့သူတွေဖြစ်တယ်လို့ သိရကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီး ထွန်းရွှေက ဘီဘီစီကိုပြောပါတယ်။

စက်တင်ဘာ ၂၇ ရက်နေ့ မနက်အစောပိုင်းကက ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်၊ ငရုပ်ကောင်းမြို့နယ် ငရုပ်ကောင်းတောင်ကားလမ်း မြို့အဝင်ဂိတ်မှာ ယာဉ်တစ်စီးတည်းပေါ်မှာလိုက်ပါလာတဲ့ ကားပေါ်မှာ အမျိုးသား ၉ယောက်၊ အမျိုးသမီးအယောက် ၂၀ နဲ့ ၅ နှစ် အရွယ် ကလေးတစ်ဦး စုစုပေါင်း မွတ်စလင် အယောက် ၃၀ ဟာ အထောက်အထားမပြနိုင်တဲ့အတွက် ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားခဲ့ တာဖြစ်ပါ တယ်။

' ' ပါလာတဲ့ယာဉ်မောင်းတွေကို အခု ရာဇသတ်ကြီးပုဒ်မ ၃၆၇/၁၁၄ နဲ့ အမှုဖွင့်ထားတယ်။ တစ်ယောက်က ထွက်ပြေးသွားပေမယ့် ကယ်ရီသယ်ဖို့ ကျန်တဲ့ နှစ်ယောက်ကို အခုအမှုဖွင့်ထားတယ်။ ရခိုင်ပြည်နယ်ကလာတဲ့ သူတွေလို့တော့ သိရတယ်။ ဘယ်ကဘယ်လိုလဲဆိုတာတော့ ဆက်စစ်ဆေးနေတုံးပဲ။ ယာဉ်မောင်းအပြင် ဒီခိုးဝင်တဲ့သူတွေကိုလည်း လဝက အက်ဥပဒေနဲ့ အမှုဖွင့်ပြီး ဆက်အရေးယူသွားမယ်။ အရင်ကခိုးဝင်တဲ့သူ တွေကိုလည်း ပို့တဲ့သူရော ခိုးဝင်တဲ့သူတွေကိုရော အမှုဖွင့်ပြီးအရေးယူတာပဲ''လို့ ဒုရဲမှူးကြီးထွန်းရွှေက ပြောပြပါတယ်။

ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်းတွေမှာ ရှိတဲ့ မွတ်စလင်လူမျိုးအချို့ဟာ ရေလမ်းကြောင်းကတဆင့် ဧရာဝတီတိုင်းဘက်ကို ဝင်လာတဲ့အတွက် အရင်ကလည်း ဖမ်းဆီးရမိတာတွေရှိခဲ့ဖူးတယ်လို့ ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။

ဖောက်ခွဲမှု ပြုလုပ်ဖို့ ညွှန်ကြားထားခြင်း မရှိလို့ KNU ကြေညာချက် ထုတ်ပြန်

လုံခြုံရေး အထူးဂရုပြုဖို့ သမ္မတရုံးထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) က စက်တင်ဘာ ၂၇ ရက်စွဲနဲ့ ကြေညာချက် တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။

KNU နဲ့ လက်အောက်ခံ တပ်ဖွဲ့တစ်ခုခု အနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ထိခိုက် ပျက်စီး စေတဲ့ လုပ်ဆောင်ချက် မူဝါဒ မရှိဘူးလို့ အဲဒီ ထုတ်ပြန်ခ်က္မှာ ပါရှိပါတယ်။

နေပြည်တော်မှာ ဖောက်ခွဲမှုပြုလုပ်မယ်လို့ သတင်းရရှိထားလို့ လုံခြုံရေးအထူးဂရုပြုဖို့ နိုင်ငံတော် သမ္မတရုံးက စက်တင်ဘာ ၁၆ ရက် ရက်စွဲနဲ့ ထုတ်ပြန်ထားတဲ့ စာတစ်စောင်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့ခဲ့ပြီး ဒီ စာဟာ မှန်ကန်ကြောင်းလည်း အစိုးရ ဘက်က အတည်ပြုထားတာပါ။

သမ္မတရုံး၊ နိုင်ငံရေးနဲ့ လုံခြုံရေး ဌာနက အစိုးရ ဝန်ကြီး ဌာန တွေကို ဖြန့်ဝေတဲ့ အဲဒီစာမှာ အစည်းအဝေး တစ်ခု ပြုလုပ်ပြီး နေပြည်တော်နယ်မြေမှာ ဖောက်ခွဲမှု တစ်ခု ပြုလုပ်မယ် ဆိုတဲ့ ရေးသားချက်ကိုလည်း KNU ဘက်က ဒီနေ့ ထုတ်ပြန်ချက် မှာ ငြင်းဆိုထားပါတယ်။ အဲဒီလို အစည်းအဝေးမျိုး မပြုလုပ်ခဲ့သလို ဖောက်ခွဲမှု ပြုလုပ်ဖို့ KNU ရဲ့ လက်အောက်ခံ တပ်ဖွဲ့တွေကို ညွှန်ကြားထားခြင်း မရှိဘူးလို့ ဆိုပါတယ်။

KNU အနေနဲ့ နိုင်ငံရေး ပြဿနာကို နိုင်ငံရေး နည်းလမ်းနဲ့ တရားမျှတ ငြိမ်းချမ်းစွာ ဖြေရှင်းမယ့် မူဝါဒ ချမှတ်ထားပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင်မြင်ရေး အတွက် သန္နိဋ္ဌာန် ချမှတ် ဆောင်ရွက်နေတယ် ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

သမ္မတရုံးက ထုတ်ပြန်ခဲ့တယ်ဆိုတဲ့ စာထဲမှာ နာမည်တပ်ပြီး ဖော်ပြခဲ့တဲ့ တိုင်းရင်းသား အဖွဲ့တွေထဲ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် (NCA) လက်မှတ်ထိုးထားတဲ့ ကရင်အမျိုးသားအစည်းအရုံးနဲ့ ချင်းအမျိုးသားတပ်ဦး တို့ပါဝင်ပြီး လက်ရှိ အစိုးရ တပ်မတော်နဲ့ တိုက်ပွဲတွေ ဖြစ်နေတဲ့ အထဲက ရက္ခိုင့်တပ်မတော် တို့ ပါဝင်ပါတယ်။ တိုက်ခိုက်မှုတွေပြုလုပ်မယ်ဆိုပြီး ပါရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကတော့ ဒါကို ငြင်းဆိုထားကြပါတယ်။

စက်တင်ဘာလ ၁၆ ရက်နေ့ကလည်း အမေရိကန်သံရုံးက နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးတို့မှာ တိုက်ခိုက်မှုတွေပြုလုပ်နိုင်ခြေရှိတယ်ဆိုတဲ့ အစီရင်ခံစာတွေကို မြန်မာ လုံခြုံရေးတပ်ဖွဲ့တွေက စုံစမ်းစစ်ဆေးနေတယ်လို့ ထုတ်ပြန်ထားပြီး အမေရိကန်နိုင်ငံသားတွေအနေနဲ့ လုံခြုံရေးသတိပြုဖို့ တိုက်တွန်းထားပါတယ်။