ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကျောက်တန်းမှာ ဖမ်းမိခဲ့တဲ့ မွတ်စလင် ၁၀၆ ဦးကို သယ်ဆောင်လာတဲ့ စက်လှေပိုင်ရှင်ကို ဖမ်းဆီးစဉ် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တဲ့အကြောင်း အပါအဝင် မနက်ခင်းသိသင့်တဲ့သတင်းများ
(၁) ကျောက်တန်းမှာ ဖမ်းမိခဲ့တဲ့ မွတ်စလင် ၁၀၆ ဦးကို သယ်ဆောင်လာတဲ့ စက်လှေပိုင်ရှင်ကို ဖမ်းဆီးစဉ် ရုန်းရင်းဆန်ခတ်ဖြစ်
ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ်မှာ ဖမ်းမိတဲ့ လူပေါင်း ၁၀၆ ဦးကို သယ်ဆောင်လာတဲ့ စက်လှေဟာ ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် အနောက်ရဲမူဆလင် ဒုက္ခစခန်းက ဖြစ်တဲ့အတွက် စက်လှေပိုင်ရှင်ကို ဖမ်းဆီးဖို့ သွားရောက်စဉ်မှာ ပြသနာ ဖြစ်ခဲ့တဲ့အတွက် လုံခြုံရေးတွေက သေနတ်ပစ်ခတ်မှုတွေရှိခဲ့လို့ ဒဏ်ရာရတာတွေလည်း ရှိခဲ့ပါတယ်။
နိုဝင်ဘာလ ၁၆ ရက်နေ့က ရန်ကုန်မြို့ ကျောက်တန်းမှာ မွတ်စလင် ၁၀၆ ဦး လိုက်ပါစီးနင်းလာတဲ့ စက်လှေဟာ အနောက်ရဲမူဆလင် ဒုက္ခသည်စခန်းက ဖြစ်ပြီး စက်လှေ ပိုင်ရှင် ၂ ဦးကို ရဲက သွားရောက် ဖမ်းဆီးစဉ် ဒုက္ခသည်တွေက ဝိုင်းဝန်းပြီး ကျောက်ခဲတွေနဲ့ ပစ်ပေါက်ခဲ့ပါတယ်။
ဒါ့ကြောင့် ရဲတွေက သေနတ်နဲ့ ပစ်ခဲ့ရပြီး ဒုက္ခသည် ၄ ဦး ဒဏ်ရာ ရခဲ့တယ်လို့ အနောက်ရဲမွတ်စလင်ရွာသား တစ်ဦးက ပြောပါတယ်။ လုံခြုံရေးရဲတွေကတော့ မိုးပေါ်ထောင်ပစ်ခဲ့တာလို့ ပြောပါတယ်။
လောလောဆယ်တော့ ဒဏ်ရာရသူတွေဟာ ဒုက္ခသည် စခန်းမှာဘဲ ရှိနေပါသေးတယ်။
လုံခြုံရေးရဲတွေ ကတော့ ဘုတ်ပိုင်ရှင်တွေဖြစ်တဲ့ ဦးချာဘီနဲ့ အဘူဆာယော့ နှစ်ဦးကို ဖမ်းဆီးသွားတယ်လို့ ပေါက်တောမြို့နယ် အမှတ် ၂ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ထွီးက ပြောပါတယ်။
ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ ရခိုင် ပြည်နယ်ရဲမှုးကြီးကို ဆက်သွယ်မေးမြန်းတဲ့အခါမှာတော့ သူက အခုအချိန်မှာ ဘာမှ မပြောနိုင်သေးဘူးလို့ ဘီဘီစီကို ဖြေကြားပါတယ်။
အလားတူ တောင်ကုတ်မြို့နယ် လမူးမော်ရဲစခန်းမှာလည်း ကထိန်လှည့်ရာကနေ ရိုက်ပွဲ ဖြစ်ပွားတဲ့အတွက် ရဲကို တိုင်ပေမယ့် အရေးယူဆောင်ရွက်တာ မရှိတဲ့ အတွက် မကျေနပ်သူတစ်ချို့က ရဲစခန်းကို ကျောက်ခဲတွေနဲ့ ပေါက်ပစ်တဲ့အတွက် ရဲက မိုးပေါ်ထောင်သေနတ်ပစ်ခတ်ခဲ့ရပြီး အနည်းဆုံး လူ ၇ ဦးကို ထိန်းသိမ်းခဲ့ရတယ်လို့ ဒေသခံအာဏာပိုင်တွေက ပြောပါတယ်။
(၂) ကျောက်တန်းမှာ ဖမ်းမိခဲ့တဲ့ မွတ်စလင် ၁၀၆ ဦးကို စစ်တွေ ပြန်ပို့
ရန်ကုန်တိုင်း ကျောက်တန်းမှာ ဖမ်းမိခဲ့တဲ့ စစ်တွေမြို့ပေါ်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေက လာရောက်ခဲ့သူ ၁၀၆ ဦးကို တပ်မတော် စစ်ရေယာဉ်နဲ့ သူတို့မူလ နေခဲ့တဲ့ ဒုက္ခသည်စခန်းတွေကို နိုဝင်ဘာလ ၁၈ ရက်နေ့က ပြန်လည်ပို့ဆောင်ခဲ့ပါတယ်။
သူတို့တွေဟာ စက်လှေနဲ့ ရောက်လာခဲ့ကြတာဖြစ်ပြီး ကျောက်တန်းမြို့နယ်၊ ပင်လယ်ကမ်းစပ်နားက သံတဲကျေးရွာနားမှာ ဖမ်းမိခဲ့တာပါ။
အမျိုးသား ၅၀၊ အမျိုးသမီး ၃၁ ယောက်၊ ကလေး၂၅ ယောက် စုစုပေါင်း ၁၀၆ ဦး ဖြစ်ပြီး သာကေတ ရူခင်းသာကမ်းခြေကနေ တပ်မတော်ရေယာဉ်နဲ့ အာဏာပိုင်တွေက ပြန်လည်ပို့ဆောင်ခဲ့ပါတယ်။
(၃) ကျောင်းထိုင်ဆရာတော်က လျှပ်စစ်မီးဖြတ် ရေဖြတ်တာတွေ လုပ်လို့ ဒေသခံတွေ ဆန္ဒပြ
မန္တလေးတိုင်း မလှိုင်မြို့နယ် ရွှေပေါ်ကျွန်းရွာမှာရှိတဲ့ ရွှေပေါ်ကျွန်းဂိုဏ်းလို့ လူသိများတဲ့ ရွှေပေါ်ကျွန်းစေတော်ဝင် သာသနာပြုစခန်းနဲ့ ရွာထဲမှာနေကြတဲ့ သူတွေဟာ သူတို့အပေါ် ပဓါနကျောင်းထိုင်ဆရာတော်က အမျိုးမျိုးအနိုင်ကျင့်လို့ဆိုပြီး ခွင့်ပြုချက်တင်ပြီးတော့ ဒေသခံ ၃၀၀ ဝန်းကျင်ဟာ ရွှေပေါ်ကျွန်းမှာ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။
ပဓါနကျောင်းထိုင်ဆရာတော်ဟာ ကျေးရွာအပေါ်မှာ လျှပ်စစ်မီးဖြတ်တာ ရေဖြတ်တာတွေ လုပ်နေတဲ့အတွက် ဝိနည်းနဲ့ အညီနေထိုင်တဲ့ တခြားဆရာတော်တပါးကို ပြောင်းပေးဖို့ ဒေသခံတွေက တောင်းဆိုနေကြတာပါ။
လက်ရှိ ဆရာတော် ဦးကုမာရဟာ မလှိုင်မြို့နယ်သံဃမဟာနယကရဲ့ ဒုတိယဥက္ကဌ ဆရာတော်တစ်ပါးလည်း ဖြစ်ပါတယ်။
ရွှေပေါ်ကျွန်းသာသနာပြုစခန်းရဲ့ မူလဆရာတော်ကြီးလက်ထက်ကတည်းက အနယ်နယ်အရပ်ရပ်က ယုံကြည်ကိုယ်းကွယ်သူတွေနဲ့ စည်ကားပြီး ခုတော့ ကျောင်းသင်္ခမ်းပေါင်း ၄၀၀ ကျော်ရှိနေပါတယ်။
ဒီထဲမှာ မှီတင်းနေထိုင်သူတွေဟာလည်း တစထက်တစများလာတဲ့အတွက် ရွာကြီးတရွာလိုဖြစ်ပြီး မကြာခဏဆိုသလို ဆရာတော်နဲ့ ရွာနဲ့ အဆင်မပြေတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
(၄) ဂျမားဟာရှော့ဂျီကို သတ်ဖြတ်မှု အသံဖိုင်မှာ ဘာတွေပါတယ်ဆိုတာ သိရှိပြီးကြောင်း သမ္မတထရမ့်ပြော
ဆော်ဒီသတင်းသမား ဂျမားဟာရှော့ဂျီကို လုပ်ကြံသတ်ဖြတ်မှု အသံဖိုင်ထဲမှာ ပါတဲ့အကြောင်းအရာတွေကို သူ့ကိုပြောပြထားလို့ အားလုံးသိထားပြီးဖြစ်ပေမယ့် သူ့အနေနဲ့အသံဖိုင်ကို ကိုယ်တိုင်တော့နားထောင်မှာ မဟုတ်ဘူးလို့ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။
'အသံဖိုင်ရှိနေပြီးသားဖြစ်ပေမယ့် ကျွန်တော်နားမထောင်ချင်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အဲ့ဒီအသံဖိုင်က စိတ်ဆင်းရဲစရာတွေ မို့လို့ပါ။ အဲဒီထဲမှာပါတာတွေက အကြမ်းဖက်ရက်စက်မှုတွေပါ။ သိပ်ကိုဆိုးဝါးလွန်းပါတယ်' လို့ သမ္မတထရမ့်က ပြောခဲ့ပါတယ်။
အမေရိကန် စီအိုင်အေ ထောက်လှမ်းရေးအဖွဲ့ကတော့ ဒီလုပ်ကြံမှုကို ဆော်ဒီမင်းသား မိုဟာမက်ဘင်ဆော်လမန် ညွှန်ကြားခဲ့တာ ဖြစ်ရမယ်လို့ ကောက်ချက်ချပါတယ်။
သမ္မတထရမ့်ကတော့ ဒီလို ကောက်ချက်ချဖို့ စောလွန်းပါသေးတယ်လို့ ပြောပါတယ်။ သူ့အနေနဲ့ မဟာမိတ်ကောင်းတစ်ယောက်ကို မဆုံးရှုံးချင်ဘူး လို့လည်း ဖြည့်စွက်ပြောပါတယ်။
ဆော်ဒီအစိုးရကတော့ ဒီလုပ်ကြံမှုဟာ မင်းသားမိုဟာမက်ဘင်ဆော်လမန် နဲ့ မပတ်သက်ဘူးလို့ တောက်လျှောက်ငြင်းဆိုနေခဲ့ပါတယ်။
သတင်းထောက် ဟာရှော့ဂျီ ဟာ တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာ ရှိတဲ့ ဆော်ဒီ ကောင်စစ်ဝန် ရုံးထဲ အသတ်ခံခဲ့ရတာ ဖြစ်ပါတယ်။