ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေမူကြမ်းနဲ့ပတ်သက်ပြီး ကြံ့ခိုင်ရေးပါတီကဦးဆောင်ပြီး ဆန္ဒပြ၊ဇွန်၂၄ ရက်ကနေ စပြီး တက္ကသိုလ်ဝင်ခွင့် စလျှောက်နိုင်ပြီအပါအဝင် မနက်ခင်းသတင်းများ

တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာတွေကို ဇွန်လ ၂၄ ရက်ကစပြီး ဇူလိုင် ၂၃ ရက် အထိလျှောက်ထားနိုင်

ဓာတ်ပုံ ရင်းမြစ်, Soe Than WIN/AFP/Getty Images

ဓာတ်ပုံ ပုံစာ, တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာတွေကို ဇွန်လ ၂၄ ရက်ကစပြီး ဇူလိုင် ၂၃ ရက် အထိလျှောက်ထားနိုင်
ရေးသားခဲ့သည်။

ဒီနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်သူတွေ ဇွန်၂၄ ရက်ကနေ စပြီး တက္ကသိုလ်ဝင်ခွင့် စလျှောက်နိုင်ပြီ

ဒီနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်မြင်သူထားသူတွေအနေနဲ့ တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာတွေကို ဇွန်လ ၂၄ ရက်ကစပြီး ဇူလိုင် ၂၃ ရက် အထိလျှောက်ထားနိုင်ပြီလို့ ပညာရေးဝန်ကြီးဌာနက အသိပေး ထုတ်ပြန်ထားပါတယ်။

တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရာမှာ တော့တိုက်ရိုက် လျှောက်ထားနိုင်မယ့် တက္ကသိုလ်တွေကိုတော့ အဲဒီတက္ကသိုလ်တွေက ဝင်ခွင့် စတင်ခေါ်ယူတဲ့အချိန်မှာ အဆိုပါတက္ကသိုလ်ကိုတိုက်ရိုက်သွားရောက် လျှောက်ထားရမှာဖြစ်ပါတယ်။

ဝင်ခွင့်တိုက်ရိုက်လျှောက်ထားနိုင်တဲ့ တက္ကသိုလ် ၁၄ခုကလွဲပြီး တခြားတက္ကသိုလ်တွေအတွက်ကိုတော့ အဆင့်မြင့်ပညာဦးစီးဌာနကိုသွားရောက်ပေးပို့ပြီး လျှောက်ထားရမှာဖြစ်ပါတယ်။

' ' ဒီနှစ်မှာ ဝင်ခွင့်ကတ်ပြား တစ်ခုတည်းနဲ့ ပဲလျှောက်ရမယ်။ ကိုယ် ကြိုက်တဲ့ကျောင်းကိုလည်း အဲဒီ ကတ်ပြားမှာပဲဖြည့်ပြီးလျှောက်။ သူအမှတ်မမီရင် အောက်မှာ ဦးစားပေး အဆင့်ဆင့် ဖြည့်ထားတဲ့ တက္ကသိုလ်တွေကို ပို့ပို့သွားမယ်။ ဦးစားပေးအဆင့်အလိုက် နောက်ဆုံး တစ်ခုမှ မမီရင်တော့ အဆင့်မြင့်ပညာဦးစီးဌာနက ကိုင်တဲ့ တက္ကသိုလ်တွေကို ပြန်ရောက်လာမယ်''လို့ အဆင့်မြင့် ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သိန်းဝင်းကဘီဘီစီကိုပြောပါတယ်။

တက္ကသိုလ်ဝင်ခွင့်အတွက် လျှောက်လွှာနဲ့ဝင်ခွင့်လမ်းညွှန်ကို စာမေးပွဲဖြေဆိုခဲ့တဲ့ကျောင်းမှာ (စာစစ်ဌာန ကြီးကြပ်ရေးမှူး) ဇွန်လ ၂၄ ရက်က စပြီး ထုတ်ယူနိုင်ပြီဖြစ်ပါတယ်။

ကလေးသူငယ်အခွင့်အရေး ဆိုင်ရာ ဥပဒေမူကြမ်းနဲ့ပတ်သက်ပြီး နေပြည်တော်မှာကြံ့ခိုင်ရေးပါတီကဦးဆောင်ပြီး ဆန္ဒပြ

ကလေးသူငယ်အခွင့်အရေး ဆိုင်ရာ ဥပဒေမူကြမ်းပါ ပြဌာန်းချက်အချို့နဲ့ ပတ်သက်ပြီးပြည်ထောင်စု ကြံ့ခိုင်ရေး နဲ့ဖွံ့ဖြိုးရေးပါတီကဦးဆောင်ပြီး ဆန္ဒထုတ်ဖော်ပွဲတစ်ခုကို ဒီကနေ့ ဇွန် ၂၂ ရက်နေ့မနက်ပိုင်းကစတင်ပြီး နေပြည်တော်မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ကလေးသူငယ်မွေးစားခြင်းဆိုင်ရာ အချက်ကို သဘောမတူကန့်ကွက်ကြောင်းကိုလည်း ကြံ့ခိုင်ရေးပါတီ အပါအဝင် နိုင်ငံရေးပါတ်ီ ၂၆ ပါတီက ပူးတွဲထုတ်ပြန်ချက်ကိုလည်း ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ထုတ်ပြန် ထားခဲ့ပါတယ်။

ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်းနဲ့ပတ်သက်ပြီး ကန့်ကွက်ရှုတ်ချတဲ့ပွဲကို ဇွန် ၂၁ရက် နေ့ကလည်း ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့ပါသေးတယ်။

အဲဒီဆန္ဒပြပွဲကို အမျိုးသားရေး တပ်ပေါင်းစု(ရန်ကုန်)ကနေ ဦးဆောင်ပြီးပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါ တယ်။

H1N1ရောဂါကြောင့် လူသေဆုံးမှုအနေနဲ့ ၂၀၁၇ ခုနှစ်မှာ ၃၈ဦးရှိခဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, H1N1ရောဂါကြောင့် လူသေဆုံးမှုအနေနဲ့ ၂၀၁၇ ခုနှစ်မှာ ၃၈ဦးရှိခဲ့

H1n1ရောဂါကြောင့် လူထုစိုးရိမ်မှုအပေါ် သတင်းအမှားတွေနဲ့ အမြတ်ထုတ်တာတွေရှိလာနိုင်လို့ သတိပြု ဖို့လို

မြန်မာနိုင်ငံမှာ H1n1ရောဂါကြောင့် ဇွန် ၂၀ ရက်နေ့ အထိ သေဆုံးသူ ၆ဦးရှိလာပြီးတဲ့နောက် အများ ပြည်သူ အကြားစိုးရိမ်မှုတွေမြင့်တက်လာသလို ဒီအပေါ်မှာ သတင်းအမှားတွေနဲ့ အမြတ်ထုတ်တာ တွေလည်း ရှိလာနိုင်လို့ သတင်းအမှားတွေကို သတိပြုဖို့လိုတယ်လို့ ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာန ကျန်းမာရေးနှင့် အသိပညာ မြှင့်တင်ရေး ဌာနခွဲ၊ အတွင်းရေးမှူး ဒေါ်ဖြူဖြူအေး ကဘီဘီစီကိုပြောပါတယ်။

' ' ၂၀၁၇ ခုနှစ်တုံးကလည်း ဆေးတစ်မျိုးကြေညာလာတာရှိတယ်။ အဲဒီဆေးသောက်ထားရင် တုပ်ကွေးအားလုံးကို ကာကွယ်နိုင်တယ်ဆိုပြီး ။ သတင်းမှားတွေက ရှိနေမှာပဲ။ ဆိုတော့ လူထုအနေနဲ့ သတင်းအမှားတွေကို မယုံပါနဲ့ ။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဝဘ်ဆိုဒ်တွေ ဖေ့ဘွတ်စာမျက်နှာတွေကနေ တရားဝင်ထုတ်ပြချက်တွေလိုက်နာရမှာတွေကို ကြည့်ပါ'' လို့ ဒေါ်ဖြူဖြူအေးကပြောပါတယ်။

မြန်မာနိုင်ငံမှာ H1N1ရောဂါကြောင့် လူသေဆုံးမှုအနေနဲ့ ၂၀၁၇ ခုနှစ်မှာ ၃၈ဦးရှိခဲ့ပြီး၂၀၁၈ခုနှစ် တွင်း မှာတော့ရောဂါ ဖြစ်ပွားသူ တစ်ရာကျော်ရှိခဲ့ပေမယ့် လူသေဆုံးမှုမရှိခဲ့ပါဘူး။

လက်ရှိမှာကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ H1N1ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့ အတွက် အသိပညာ ပေးတာတွေလုပ်နေသလို တုပ်ကွေးဆန်တဲ့ရောဂါလက္ခဏာတွေကို စောင့်ကြပ်ကြည့်ရှုနိုင်တဲ့ ဆေးရုံ အရေအတွက်ကိုလည်း ၁၅ရုံအထိ ထပ်မံတိုးမြှင့်ပြီးစောင့်ကြည့်ကုသေ နပြီလို့လည်း ကျန်းမာရေး ဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။

၁၆ ပဲရည် တစ်ကျပ်သားကို ကျပ်၁၁ သိန်း ၁ သောင်း အထိရောက် သွားခဲ့

ဓာတ်ပုံ ရင်းမြစ်, STR/AFP/Getty Images

ဓာတ်ပုံ ပုံစာ, ၁၆ ပဲရည် တစ်ကျပ်သားကို ကျပ်၁၁ သိန်း ၁ သောင်း အထိရောက် သွားခဲ့

မြန်မာ့ရွှေဈေး တစ်ကျပ်သားကို ကျပ် ၁၁ သိန်းကျော်ထိ စံချိန်တင်မြင့်တက်

ဇွန်လ ၂၁ ရက်နေ့ မနက်ကရန်ကုန် ရွှေဈေး ၁၆ ပဲရည် တစ်ကျပ်သားကို ကျပ်၁၁ သိန်း ၁ သောင်း အထိရောက် သွားခဲ့ပါတယ်။

ဒါဟာ မြန်မာ့ ရွှေဈေးသမိုင်းမှာ အမြင့်ဆုံးမှတ်တမ်းဝင်သွားတဲ့ဈေးလည်းဖြစ်ပါတယ် ။

သို့သော်ညနေပိုင်းမှာပဲ ၁၁ သိန်းအောက် ကိုပြန်ဆင်းကာ ၁၀ သိန်း ကိုးသောင်း ကိုးထောင်ဖြစ်သွားခဲ့ ပါတယ်။

ဒါပေမယ့်တက်ရိပ်ရှိနေဆဲလို့ ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းရဲ့ ထုတ်ပြန်တဲ့သတင်းတွေအရ တော့ရွှေဈေးဟာ တစ်ရက်ထဲမှာ အတက် အကျမငြိမ်တာကိုတွေ့ရပါတယ် ။

အခုနှစ် ဦးပိုင်းမှာစလို့ ရွှေဈေးက ဆယ်သိန်းကျော်မှာရှိခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်ထောက်လှန်းရေး ဒရုန်းယာဉ်တစ်စီးကို အီ၇န်ကပစ်ချခဲ့

ဓာတ်ပုံ ရင်းမြစ်, EPA/PTV

ဓာတ်ပုံ ပုံစာ, အမေရိကန်ထောက်လှန်းရေး ဒရုန်းယာဉ်တစ်စီးကို အီ၇န်ကပစ်ချခဲ့

အီရန်ကို တိုက်မိန့်ရုပ်သိမ်းတာကို လူသိရှင်ကြားထုတ်ပြောခဲ့လို့ သမ္မတထရမ့်ဝေဖန်ခံရ

အမေရိကန်ထောက်လှန်းရေး ဒရုန်းယာဉ်တစ်စီးကို အီ၇န်ကပစ်ချခဲ့အပြီးမှာ အီရန်ကို စစ်ရေးအရ လက်တုန့်ပြန်ဖို့ တိုက်မိန့်ထုတ်ခဲ့တာကို နောက်ဆုံးအချိန်နားကပ်မှ ပြန်လည်ရုပ်သိမ်းလိုက်တာကို အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်အနေနဲ့ လူသိရှင်ကြား ထုတ်ပြောလိုက်တာနဲ့ပတ်သက်လို့ အမေရိကန် ဒီမိုကရက် ထိပ်တန်းပါတီဝင်တစ်ဦးက ဝေဖန်လိုက်ပါတယ်။

သမ္မတထရမ့်အနေနဲ့ ဒီကိစ္စကို လူသိရှင်ကြားအသေးစိတ်ထုတ်ပြောလိုက်တာဟာ ပါးနပ်မှုမရှိတာပဲလို့ စစ်တပ်ဆိုင်ရာလွှတ်တော်ကော်မတီဥက္ကဋ္ဌ အဒန်စမစ်ကထုတ်ပြောလိုက်တာပါ။

အီရန်ကိုတိုက်ဖို့ ဆုံးဖြတ်ချက်ကို ကြာသာပတေးနေ့က ဆွေးနွေးခဲ့ကြတာပါ မှန်ကန်တဲ့တုန့်ပြန်မှု လုပ်ရေးအတွက် သမ္မတ ထရမ့်အနေနဲ့ ခက်ခက်ခဲခဲ ကြိုးစားဆုံးဖြတ်ခဲ့ရတယ်ဆိုတာကိုတော့ သူအသိ အမှတ်ပြုတယ်လို့ မစ္စတာစမစ်က ပြောပါတယ်။

အီရန်ကိုတိုက်ဖို့ အစီအစဉ်ကို ရုပ်သိမ်းလိုက်ရတာဟာ လူတွေအများကြီး သေကုန်မှာစိုးတဲ့ အတွက် ဖြစ်တယ်လို့ သမ္မတထရမ့်က သူ့ရဲ့ တွစ်တာလူမှုကွန်ရက်စာမျက်နှာပေါ်မှာဖော်ပြခဲ့ပါတယ်။

ဒီအတောအတွင်းမှာပဲ တင်းမာမှုတွေအကြီးအကျယ်ဖြစ်မလာအောင်ကြိုးစားတဲ့အနေနဲ့ သမ္မတထရမ့်က အီရန်နဲ့ညှိနှိုင်းဆွေးနွေးဖို့ ဆန္ဒရှိတယ်လို့ ထပ်မံပြောကြားလိုက်ပါတယ်။

အကန့်အသတ်မရှိ တွေ့ဆုံဆွေးနွေးဖို့ သူ့ဘက်ကပြင်ဆင်ထားတယ်လု့ိလည်းပြောကြားလိုက်ပါတယ်။