တိုက်ရိုက်လျှောက်ထားနိုင်မယ့် တက္ကသိုလ် ၃ခုထပ်တိုး၊ ဝင်ခွင့်အတွက် ရေးဖြေ စာမေး ပွဲမရှိတော့

တိုက်ရိုက်လျှောက်ထားနိုင်တဲ့ တက္ကသိုလ်တွေအနက် ရန်ကုန်တက္ကသိုလ် တစ်ခုတည်းက ဝင်ခွင့်အတွက် လူတွေ့စစ်ဆေးဖွယ်ရှိ

ဓာတ်ပုံ ရင်းမြစ်, Soe Than WIN/AFP/Getty Images

ဓာတ်ပုံ ပုံစာ, တိုက်ရိုက်လျှောက်ထားနိုင်တဲ့ တက္ကသိုလ်တွေအနက် ရန်ကုန်တက္ကသိုလ် တစ်ခုတည်းက ဝင်ခွင့်အတွက် လူတွေ့စစ်ဆေးဖွယ်ရှိ
ရေးသားခဲ့သည်။

ဒီနှစ် ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်အတွက် ဝင်ခွင့်တိုက်ရိုက်လျှောက်ထားနိုင်မယ့် တက္ကသိုလ် ၃ခု ထပ်တိုးထားပြီး စုစုပေါင်း တိုက်ရိုက်လျှောက် ထားနိုင်တဲ့ တက္ကသိုလ် ၁၄ခုထိရှိလာပြီလို့ အဆင့်မြင့် ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သိန်းဝင်းကဘီဘီစီကိုပြောပါတယ်။

ထပ်တိုးလာတဲ့ တက္ကသိုလ်တွေကတော့ မိတ္ထီလာမြို့ရှိ မြန်မာနိုင်ငံ လေကြောင်းနဲ့ အာကာသ ပညာ တက္ကသိုလ်၊ နည်းပညာတက္ကသိုလ် (ရတနာပုံ ဆိုက်ဘာစီးတီး)နဲ့ ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်တို့ ဖြစ်ပါတယ်။

' ' မြန်မာနိုင်ငံ လေကြောင်းနဲ့ အာကာသ ပညာ တက္ကသိုလ်က အဲဒီအမျိုးအစားက သူတစ်ခု တည်း ရှိတာ။ နောက်ရတနာပုံဆိုက်ဘာစီးတီးလည်း သူတစ်ခုတည်းရှိတယ်။ တစ်တိုင်းပြည်လုံးက အမှတ်မြင့်လို့ ရှိရင် ဘယ်ကပဲဖြစ်ဖြစ် လျှောက်လို့ရလို့ သူတို့ကို သီးခြား လွတ်လပ်ခွင့်ပေးလိုက်တာ။''လို့ အဆင့်မြင့် ပညာဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သိန်းဝင်းကသီးခြားရပ်တည်ခွင့်ထပ်တိုးပေးလိုက်တဲ့ တက္ကသိုလ်တွေ နဲ့ပတ်သက်ပြီး ပြောပြပါတယ်။

မနှစ်က တက္ကသိုလ် ၁၁ခုကို တိုက်ရိုက်လျှောက်ထားပြီး ရွေးချယ်ခွင့်ပေးလိုက်ရာမှာတော့ အမှတ်မြင့်ပြီး တက္ကသိုလ် သုံး၊လေးခုကို လျှောက်ထားပြီး ဝင်ခွင့်ထပ်နေသူနဲ့ ဘယ်တက္ကသိုလ်မှာမှ ဝင်ခွင့်မရသူတွေ လည်း ရှိခဲ့ပါတယ်။

' ' ဒီလို ပြဿနာမရှိတော့အောင် ဒီနှစ်မှာတော့ ဝင်ခွင့်ကတ်ပြား တစ်ခုတည်းနဲ့ ပဲလျှောက်ရမယ်။ ကိုယ် ကြိုက်တဲ့ကျောင်းကိုလည်း အဲဒီကတ်ပြားမှာပဲဖြည့်ပြီးလျှောက်။ သူအမှတ်မမီရင် အောက်မှာ ဦးစားပေး အဆင့်ဆင့် ဖြည့်ထားတဲ့ တက္ကသိုလ်တွေကို ပို့သွားမယ်။ မနှစ်က ကျတော့ တက္ကသိုလ် သုံးလေးခုကို ဝင်ခွင့်က သုံးလေးခုတွေလျှောက်ထားတော့ ထပ်နေတာ။ ဒီနှစ်တော့ ဝင်ခွင့်ထပ်နေတာတွေရှိတော့မှာ မဟုတ်ဘူး။''လို့ ဒေါက်တာသိန်းဝင်းကရှင်းပြပါတယ်။

ဒါ့အပြင် ဝင်ခွင့်အတွက် မနှစ်က ရေးဖြေ ထပ်မေးတဲ့ တက္ကသိုလ်တွေရှိခဲ့ပေမယ့် ဒီနှစ်မှာတော့ ရန်ကုန် တက္ကသိုလ် က လူတွေ့မေးတာကလွဲလို့ ကျန်တက္ကသိုလ် ၁၃ ခုကတော့ အမှတ်နဲ့ ပဲတိုက်ရိုက်ခေါ်သွား မှာဖြစ်ပြီး ဝင်ခွင့်အတွက်ရေးဖြေစာမေးပွဲတော့ရှိတော့မှာမဟုတ်ဘူးလို့လည်း ဒေါက်တာသိန်းဝင်းက ပြောပါတယ်။

၂၀၁၈ - ၂၀၁၉ ပညာသင်နှစ်ကစပြီး တက္ကသိုလ်တွေအနက် ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်ပညာရေး တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ မန္တလေး ကွန်ပျုတာတက္ကသိုလ်၊ ရန်ကုန်နဲ့ မန္တလေးမှာရှိတဲ့ နိုင်ငံခြား ဘာသာတက္ကသိုလ်တွေနဲ့ နည်းပညာ တက္ကသိုလ်တွေကို တိုက်ရိုက်လျှောက်ထားခွင့်နဲ့ ဝင်ခွင့်ရွေးချယ် ခွင့်ကို ကျောင်းတွေကတိုက်ရိုက်ရွေးချယ်စေတဲ့စနစ်နဲ့စတင်ခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။