ရှေ့နေဦးကိုနီ လုပ်ကြံခံရမှု တရားခံတွေကို ကြိုးမိန့်နဲ့သေဒဏ်ချ

ဓာတ်ပုံ ရင်းမြစ်, ရွှေအင်းသားခင်မောင်ဝင်း
တရားလွှတ်တော် ရှေ့နေဦးကိုနီကို သေနတ်နဲ့ လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ ကြည်လင်းကို ကြိုးမိန့်သေဒဏ်နဲ့ ထောင်ဒဏ် ၂၃ နှစ် ကျခံဖို့ မြောက်ပိုင်းခရိုင် တရားရုံးက အမိန့်ချမှတ် လိုက်ပါတယ်။
တရားခံကြည်လင်းကို ရှေ့နေဦးကိုနီကို သတ်မှု ပုဒ်မ - ၃၀၂ (၁)(ခ)၊ ၃၄/၃၀၂ (၂) အရ ကြိုးမိန့်နဲ့သေဒဏ်၊ တက္ကစီယာဉ်မောင်း ကိုနေဝင်းကို သတ်မှုနဲ့ ထောင်ဒဏ် နှစ် ၂၀၊ လက်နက်ကိုင်ဆောင်မှု ၁၉(ဃ)(စ) အရ ထောင်ဒဏ် ၃ နှစ် အသီးသီး ချမှတ်ခဲ့တာပါ။
ပူးတွဲ တရားခံဖြစ်တဲ့ အောင်ဝင်းဇော်ကို ပုဒ်မ ၃၀၂ (၁)(ခ)၊ ၃၄ ကြိုးမိန့်နဲ့သေဒဏ် ချမှတ်ခဲ့ပြီး၊ အောင်ဝင်းထွန်းကိုတော့ လူသတ်မှုကြံစည်သူ ထွက်ပြေးတိမ်းရှောင်ရာမှာ ကူညီမှုဖြစ်တဲ့ ပုဒ်မ -၂၁၂ အရ ထောင်ဒဏ် ၃ နှစ်ချ မှတ်ခဲ့ပါတယ်။
တရားခံ ဇေယျာဖြိုးကို စွဲဆိုထားတဲ့ လူသတ်မှုမှာ နောက်ကွယ်က ပူးပေါင်းကူညီမှုဖြစ်တဲ့ ပုဒ်မ ၃၀၂(၁)(ခ)/၁၀၉ ကို ပယ်ဖျက်ခဲ့ပြီး သက်သေခံပစ္စည်း ဖျောက်ဖျက်မှု ပုဒ်မ -၂၀၁ အရ ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့တယ်လို့ ရှေ့နေဦးကိုနီဘက်က အမှုလိုက်ပါဆောင်ရွက်တဲ့ ရှေ့နေ ဦးခင်မောင်ဌေးက ပြောပါတယ်။
ကြည်လင်း၊ အောင်ဝင်းဇော်နဲ့ အောင်ဝင်းထွန်းတို့ အပေါ် ချမှတ်ခဲ့တဲ့ အမိန့်တွေကို ကျေနပ်မှု ရှိပေမယ့် ဇေယျာဖြိုးအပေါ် စွဲချက်တင်ထားတဲ့ ပုဒ်မ ၃၀၂ (၁)(ခ)/၁၀၉ နဲ့ အမိန့် မချဘဲ ပုဒ်မ -၂၀၁ ကို သာ အမိန့်ချခဲ့လို့ ကျေနပ်မှု မရှိဘူးလို့ ရှေ့နေ ဦးခင်မောင်ဌေးက ပြောပါတယ်။
" စွဲချက်တင်ထားတဲ့ ၃၀၂ (၁)(ခ)/၁၀၉ နဲ့ အမိန့် မချဘဲ ၂၀၁ နဲ့ ပြောင်းပြီး အမိန့်ချတော့ ဘယ်တတ်နိုင်မလဲ။ ကျနော် အမှုသည်တွေကိုတော့ ပြောပြရမှာပေါ့" လို့ ရှေ့နေ ဦးခင်မောင်ဌေးက ပြောပါတယ်။
ရှေ့နေဦးကိုနီ လုပ်ကြံခံခဲ့မှုနဲ့ ပတ်သက်ပြီး အပြီးသတ် စီရင်ချက် အမိန့်ကို မြောက်ပိုင်းခရိုင် တရားရုံးမှာ ဒီကနေ့ ချမှတ်ခဲ့တာပါ။

ဓာတ်ပုံ ရင်းမြစ်, ရွှေအင်းသားခင်မောင်ဝင်း
တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို ၂၀၁၇ ဇန်နဝါရီလ ၂၉ ရက် ညနေပိုင်းက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ သေနတ်သမား ကြည်လင်းက လုပ်ကြံ သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။
သေနတ်သမား ကြည်လင်းကို လိုက်လံဖမ်းစီးရင်း တက္ကစီယာဉ်မောင်း ကိုနေဝင်းလည်း သေနတ်ထိမှန် သေဆုံးခဲ့တာ ဖြစ်ပါတယ်။
ဦးကိုနီ လုပ်ကြံခံရတာ ၂ နှစ် ကျော် ကြာမြင့် အပြီးမှာ လုပ်ကြံသတ်ဖြတ်တဲ့ တရားခံကို အခုလို အမိန့်ချမှတ်နိုင်တာ ဖြစ်ပါတယ်။
ဒီအမှုမှာ ပူးပေါင်းတရားခံ တဦးဖြစ်တဲ့ အောင်ဝင်းခိုင်ကတော့ နေပြည်တော် ရေပန်းဥယျာဉ်နား ပျောက်သွားချိန် ကတည်းက အခုချိန်ထိ ပြန်ရှာတွေ့တာ မရှိသေးပါဘူး။











