ဦးကိုနီ လုပ်ကြံခံရမှု တနှစ်ပြည့်

အောင်၀င်းခိုင်ကို မမိတဲ့ တာကြောင့် လုပ်ကြံတဲ့ အဖွဲ့နဲ့ ကွင်းဆက် ပြတ်နေရတယ်
ဓာတ်ပုံ ပုံစာ, အောင်၀င်းခိုင်ကို မမိတဲ့ တာကြောင့် လုပ်ကြံတဲ့ အဖွဲ့နဲ့ ကွင်းဆက် ပြတ်နေရတယ်
ရေးသားခဲ့သည်။

အန်အဲလ်ဒီ ဥပဒေ အကြံပေး ရှေ့နေကြီး ဦးကိုနီ လုပ်ကြံ ခံရတာ တနှစ်ပြည့်ပြီ ဖြစ်ပေမယ့် နောက်ကွယ်က လူတွေကို ဖေါ်ထုတ် နိုင်မယ့် အခြေအနေ မတွေ့ရသေးဘူးလို့ ဦးကိုနီ အမှုကို လိုက်ပါ ဆောင်ရွက် ပေးနေတဲ့ တရားလွှတ်တော် ရှေ့နေ ဦးနေလ က ပြောပါတယ်။

ဒီအချက်တွေ အားလုံးက သက်ဆိုင်ရာ အာဏာရှိတဲ့ သူတွေက လုပ်ဆောင် ရမှာဖြစ်ပြီး၊ အောင်၀င်းခိုင်ကို မမိတဲ့ တာကြောင့် လုပ်ကြံတဲ့ အဖွဲ့နဲ့ ကွင်းဆက် ပြတ်နေရတယ်လို့ ဦးနေလက ဆိုပါတယ်။

လုပ်ကြံခံရတာ တနှစ်ရှိတဲ့ အချိန်မှာ စစ်ဆေးမှုတွေ လုပ်နေတာ က ၉ လ မပြည့်သေး ပေမယ့်လည်း အမှုဟာ ထက်၀က် ကျိုးသွားတဲ့ အဆင့်ကို ရောက်ရှိပြီ ဖြစ်လို့ ဒါဟာ တရား စီရင်ရေး အပိုင်းမှာ အားရ ကျေနပ်ဖွယ် ဖြစ်ကြောင်း သူကပြောပါတယ်။

အမှုတည်ဆောက်တုန်းက အားနည်းချက်

တရားခံ တယောက်နဲ့ တယောက် ကွင်းဆက်ကို ဖေါ်တဲ့ နေရာမှာ လုပ်ကြံတဲ့ သူကိုပဲ မျက်မြင် သက်သေ အဖြစ်ရရှိခဲ့ပြီး၊ အားထုတ် ကူညီ သူနဲ့ ပတ်သက်ပြီးတော့ အထောက် အထား အနေနဲ့ ကတော့ သွယ်ဝိုက်တဲ့ နည်းနဲ့ပဲ ရခဲ့တာပါ။

အမှု မတည်ဆောက်ခင်မှာ ဖမ်းမိတဲ့ တရားခံတွေ ဆီကနေ ဖြောင့်ချက် ယူသင့်ပြီး၊ ဖေါ်ကောင် သက်သေ လုပ် သင့်တာကို မလုပ် ထားခဲ့ တာကြောင့် အမှု တည်ဆောက်ပုံ အားနည်း တယ်လို့ ဦးနေလ က ပြောပါတယ်။

အခု စစ်ဆေးတာက ရဲစွဲချက်နဲ့ပဲ စစ်ဆေးတာဖြစ်ပြီး၊ တရားရုံးစွဲချက် မရောက်သေးကြောင်း တရားရုံး စွဲဆိုချက် ရောက်ပြီ ဆိုရင် ထိုက်သင့်ရာ ပုဒ်မတွေနဲ့ အမှုတွေ တပ်မယ်လို့ ဆိုပါတယ်။

အနောက်က ကြိုးကိုင် ချယ်လှယ် နေတဲ့ အဖွဲ့ရှိတယ် ဆိုတာ တွေ့ရပြီး၊ ဒီအဖွဲ့ အစည်းဟာ ကိုယ်ပိုင် စီးပွားရေး ထူထောင် ထားတယ်လို့ ယူဆရ ကြောင်းလည်း ပြောပါတယ်။

ဦးကိုနီရဲ့ သားဖြစ်သူ ဦးသန့်ဇင်အောင် ကတော့ စစ်မှန်တဲ့ အမှန်တရား တခုကို ရချင်ကြောင်း၊ ထွက်ပြေး နေတယ် ဆိုတဲ့ တရားခံကို ဖမ်းဆီးဖို့ ကြိုးစား နေတယ်လို့ နားလည်ထားပြီး၊ လက်ရှိ စစ်ဆေး နေဆဲ ကာလမို့ သူ့အနေနဲ့ ထင်မြင်ချက် ယူဆချက်တွေ ပေးဖို့ မသင့်တော်ဘူးလို့ ဘီဘီစီကို ပြောပါတယ်။