အာဖဂန်မှာ စာသင်ခန်းထဲ အသေခံဗုံးခွဲတာကြောင့် ၄၈ ဦး သေဆုံး

ဓာတ်ပုံ ရင်းမြစ်, Reuters
အာဖဂန်နစ္စတန်နိုင်ငံ၊ မြို့တော် ကာဘူးလ် မှာရှိတဲ့ ပညာရေးစင်တာ တခုက စာသင်ကြားနေတဲ့ အခန်းထဲကို အသေခံဗုံးခွဲသမားက ဝင်ရောက်ပြီး သူရဲ့ခါးမှာ ပတ်ထားတဲ့ အသေခံဗုံးကို စနက်တံဖြုတ် ဖောက်ခွဲခဲ့တာ ဖြစ်ပါတယ်။
တိုက်ခိုက်မှုကြောင့် ကျောင်းသား၊ ကျောင်းသူတွေ အပါအဝင် လူ အနည်းဆုံး ၄၈ ဦး သေဆုံးပြီး ၆၇ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
သေဆုံးသူ အများစုဟာ ဆယ်ကျော်သက်အရွယ်တွေဖြစ်ပြီး တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအတွက် ပြင်ပ အလွတ်စာသင်ကျောင်း မှာ လာတက်နေကြသူတွေ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
'တကယ့်ကို ထိတ်လန့်စရာ မြင်ကွင်းပါ၊ ခန္ဓာကိုယ် အပိုင်းအစတွေ နဲ့ ပစ္စည်းတွေ တစစီ ပြန့်ကျဲနေတာ' ဆိုပြီးတော့ ဗုံးခွဲတိုက်ခိုက်မှုအပြီး ရောက်နေခဲ့တဲ့ မျက်မြင်သက်သေ တဦး က ပြောပါတယ်။
တာလီဘန် စစ်သွေးကြွတွေကတော့ ရှီယာ မွတ်စလင် အများစု နေထိုင်တဲ့ အခု ကာဘူးလ်က တိုက်ခိုက်မှုကို သူတို့ လုပ်တာ မဟုတ်ဘူး ဆိုပြီးတော့ ငြင်းဆိုပါတယ်။
ကာဘူးလ် ရဲတပ်ဖွဲ့ပြောခွင့်ရသူ ဟတ်ရှ်မတ်စတန်နစ်ခ်ဇိုင်းက ဒီတိုက်ခိုက်မှုဟာ စာသက်ခန်းထဲ ခြေကျင်လျှောက်ပြီး ဝင်သွားတဲ့ ဗုံးခွဲသမားရဲ့ လက်ချက်ပါလို့ အတည်ပြုပြောဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
အာဖဂန်နစ္စတန်နိုင်ငံ မြောက်ဖက် ဘာ့ဂ်လန်ပြည်နယ်မှာလည်း တာလီဘန်စစ်သွေးကြွတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်မှုတွေကြောင့် ရဲတပ်ဖွဲ့ဝင် ၉ ဦးနဲ့ စစ်သား ၃၅ ယောက် သေဆုံးခဲ့ရပါတယ်။
နိုင်ငံအရှေ့ဖက် ဂါဇနီမြို့မှာလည်း လုံခြုံရေးတပ်ဖွဲ့ဝင် အနည်းဆုံး ၁၀၀ လောက် သေဆုံးခဲ့ပါတယ်။ မြို့တွေမှာ အခုရက်ပိုင်းအတွင်း ဖြစ်နေတဲ့ တိုက်ခိုက်မှုတွေကြောင့် သေဆုံးတဲ့ အရပ်သားဦးရေဟာ ၁၀၀ ကျော် ရှိနေပြီ ဖြစ်ပါတယ်။









