သုံးရက်ကြာ အပစ်ရပ်မယ်လို့ တာလီဘန် ကြေညာ

သုံးရက်ကြာ အပစ်အခတ်ရပ်စဲဖို့ တာလီဘန် ကြေညာ

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ဒီဆုံးဖြတ်ချက်အပေါ် အာဖဂန် အစိုးရက ကြိုဆို
ရေးသားခဲ့သည်။

အာဖဂန် နစ္စတန်မှာ လာမယ့် အိဒ်နေ့ အားလပ်ရက် အတွင်း အာဖဂန် စစ်တပ်နဲ့ အပစ် အခတ် ရပ်စဲရေး သုံးရက် လုပ်ဖို့ တာလီဘန်တို့က ကြေညာ လိုက်ပါတယ်။

ဒါဟာ ၁၇ နှစ်ကြာ တိုက်ခိုက်မှုတွေ အတွင်း တာလီဘန်တို့ရဲ့ ပထမဆုံး ကမ်းလှမ်းချက် တစ်ရပ်လည်း ဖြစ်ပါတယ်။

ဘာကြောင့် အခုလို အပစ် အခတ် ရပ်စဲရေး လုပ်ဖို့ ဆုံးဖြတ်ခဲ့ သလဲ ဆိုတာ ကိုတော့ တာလီဘန်တို့က တိတိကျကျ မပြောပေမယ့် စစ် အကျဉ်းသားတွေကို ပြန်လွှတ် ပေးဖို့ ကိုလည်း စဉ်းစား နေတယ်လို့ ဆိုပါတယ်။

တာလီဘန်တို့ရဲ့ ဒီဆုံးဖြတ်ချက်ကို အာဖဂန် အစိုးရက ကြိုဆိုလိုက်ပြီး သုံးရက်ကြာ အပစ် အခတ် ရပ်စဲရေး ကနေ ငြိမ်းချမ်းရေး ရှည်ကြာစေဖို့ မျှော်လင့် မိတယ်လို့ သမ္မတ အိမ်တော်က သတင်း ထုတ်ပြန် ထားပါတယ်။

ဒါပေမယ့်လည်း အခုလို အပစ် အခတ် ရပ်စဲရေး ကြေညာတဲ့ ကာလမှာ အာဖဂန် အစိုးရအနေနဲ့ အိုင်အက်စ် အစ္စလာမ်မစ် အဖွဲ့လိုမျိုး နိုင်ငံတွင်းမှာ လှုပ်ရှားနေတဲ့ တခြား လက်နက်ကိုင်တွေကို တိုက်ခိုက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

တဘက်မှာလည်း လာမယ့် ကြာသပတေးနေ့က စပြီး လက်နက်ကိုင်တွေနဲ့ ယာယီ စစ်ပြေငြိမ်းဖို့ လုပ်သွားမယ်လို့ ဘာသာရေး ခေါင်းဆောင်တွေ တွေ့ဆုံ အပြီးမှာ အာဖဂန် အစိုးရက ကြေညာခဲ့ ပါတယ်။

ဒါပေမယ့်လည်း ပြီးခဲ့တဲ့ ရက်ပိုင်းတွေ အတွင်း နိုင်ငံ တစ်ဝန်း တိုက်ခိုက် မှုတွေမှာ အာဖဂန် လုံခြုံရေး တပ်ဖွဲ့ဝင် ၆၀ ကျော် သေဆုံးခဲ့ပါတယ်။

စနေ့နေ့ အစောပိုင်းတုန်းက နိုင်ငံမြောက်ပိုင်း ခွန်းဒူ့စ် နဲ့ ဆာအီပေါ ပြည်နယ် အပါ အဝင် အနောက်ပိုင်းက ဟဲရာဒ် ပြည်နယ်နဲ့ တောင်ပိုင်းက ကန်ဒဟာ ပြည်နယ် တွေမှာ သူတို့ရဲ့ တပ်ဖွဲ့ဝင်တွေ တိုက်ခိုက် ခဲ့တယ်လို့ တာလီဘန် တို့က ပြောပါတယ်။