ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဒီဇင်ဘာ ၁၁ရက် ထိပ်တန်းရောက်သတင်းများ- ကောလင်းမှာ သတ်ဖြတ်ခံထားရတဲ့ လူငယ် ၆ ဦးအလောင်းတွေ့
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့က ဝါးရုံတုံးလမ်းမကြီးပေါ်မှာ အသက် ၂၀ ဝန်းကျင်ကနေ ၃၀ ဝန်းကျင်ရှိတဲ့ လူငယ် ၆ ဦးရဲ့အလောင်းတွေကို မနေ့ ဒီဇင်ဘာလ ၁၀ ရက် မနက်ပိုင်းမှာတွေ့ရပြီး ညနေပိုင်းမှာ သင်္ဂြိုဟ်ခဲ့ကြတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၉ ရက်မှာ ကျွန်းလှခုံကျေးရွာမှာ လူငယ် ၃ ဦး ဖမ်းဆီးခံရပြီး ကောလင်းမြို့မရဲစခန်းဆီ ခေါ်ဆောင်ခံရတာ၊ အဲဒီနေ့ တစ်နေ့တည်းမှာပဲ နောက်ထပ် လူငယ် ၃ ဦး ဖမ်းဆီးခံရတာတွေ ဖြစ်ခဲ့အပြီးမှာ အခုလို အလောင်းတွေ တွေ့ခဲ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။
သတ်ဖြတ်ခံရသူတွေထဲက လူငယ် ၂ ဦးဟာ စိန်လည်ကျေးရွာသားတွေဖြစ်ပြီး ကျန် ၃ ဦးက ဝါးရုံတုံးရွာ သား လူငယ်တွေဖြစ်ကာ တစ်ဦးကတော့ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ မသိရသေးပါဘူး။
“ကျွန်းလှခုံမှာ စတွေ့တဲ့လူငယ် ၃ ဦးကို စစ်ဆေးတော့ စကားပြောစက်တွေ တွေ့တယ်ဆိုပြီး ဖမ်းသွားတယ်။ နောက်ထပ် လူငယ် ၃ ဦးကကျတော့ အရက်သောက်ထွက်တာ ညအချိန်လွန်သွားလို့ အဖမ်းခံရတယ်။ ပထမ အဖမ်းခံရတဲ့လူငယ်သုံးယောက်က ခေါင်းဖြတ်သတ်ခံထားရတာတွေ့တယ်။ နောက် သုံး ယောက်ကိုကျတော့ လည်ပင်းကို တေ့ပစ်ထားတဲ့ပုံစံနဲ့ သေဆုံးနေတာတွေ့ရတယ်” လို့ ကောလင်းမြို့ခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီဘက်က သတင်းတွေကိုဖော်ပြနေတဲ့ တယ်လီဂရန်ချန်နယ်တွေမှာတော့ ဒီလူငယ်တွေကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက သတ်တာဖြစ်တယ်လို့ ရေးသားဖော်ပြနေတာပါတယ်။
ဘီဘီစီက မေးမြန်းခွင့်ရတဲ့ဒေခံအချို့ကတော့ အသတ်ခံရသူတွေကို ပစ်ထားတဲ့ နေရာဟာ ကောလင်း ရဲစခန်းနဲ့ ငါးမိနစ်သာသွားရတဲ့နေရာဖြစ်နေတာ၊ နောက် အဖမ်းခံရသူတွေထဲက ၃ ယောက်ဆီမှာ စကားပြောစက်တွေတွေ့တာကြောင့် PDF လို့ ယူဆပြီး အသတ်ခံရတာဖြစ်နိုင်လို့ PDF တွေက သတ်တယ်ဆိုတာမဖြစ်နိုင်ဘူးလို့ ပြောဆိုကြပါတယ်။
အပြန်အလှန်စွပ်စွဲဖော်ပြမှုတွေရှိနေတဲ့ကောလင်းကရုပ်အလောင်းတွေနဲ့ပတ်သက်ပြီး ဘီဘီစီအနေနဲ့ ထပ်မံသီးခြားအတည်ပြုနိုင်ဖို့ကြိုးစားနေပါတယ်။
ကန့်ဘလူ၊ ကျွန်းလှနဲ့ တန့်ဆည်တို့မှာ နေအိမ် ၃၀၀ ကျော် မီးရှို့ခံရ
စစ်ကိုင်းတိုင်း၊ ကန့်ဘလူ၊ ကျွန်းလှနဲ့ တန့်ဆည်မြို့နယ်တွေမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ပထမသီတင်းပတ် အတွင်း နေအိမ် ၃၀၀ ကျော် မီးရှိုခံခဲ့ရတယ်လို့ မြေပြင်အခြေအနေတွေကိုဖော်ပြနေတဲ့ ကန့်ဘလူ ဒေသတွင်းသီတင်းမီဒီယာက ပြောပါတယ်။
ကန့်ဘလူမြို့နယ် မြောက်ဘက်အခြမ်းကို စစ်ကြောင်းထိုးနေတဲ့ စစ်တပ်က မီးရှို့ခဲ့တာကြောင့် ဒီဇင်ဘာလ ၄ ရက်နဲ့ ၅ ရက်မှာ ပင့်သာ(တည်ပင်)ရွာက နေအိမ် ၂၈ လုံးမီးလောင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနေ့တွေမှာပဲ ကျွန်းလှနဲ့ တန့်ဆည်မြို့နယ် အစပ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကြောင့် တန့်ဆည်မြို့နယ်၊ ကမ်းဖြူကျေးရွာက နေအိမ် ၃၆ လုံး၊ ဝက်တိုးရွာက နေအိမ် ၁၇ လုံး၊ ဂေါင်ကြီးရွာက နေအိမ် ၇၄ လုံး မီးလောင်ခဲ့တယ်လို့လည်း ပြောပါတယ်။
အဲဒီစစ်ကြောင်းကြောင့်ပဲ တန့်ဆည်မြို့နယ်၊ ပုတီးရွာကနေ အိမ် ၅လုံး၊ ပုတီးရွာတောကျောင်းထဲက ဘုန်းကြီးကျောင်းဆောင် ၇ ဆောင်၊ ထွန်စက်နဲ့ အိမ်စီးကားတွေလည်း မီးရှို့ခံခဲ့ရသလို ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်အနီးက အင်ဒိုင်းကျေးရွာထဲက နေအိမ် ၁၄၀ ကျော် မီးလောင်ပြာကျခဲ့တယ်လို့လည်း အဲဒီအဖွဲ့က ပြောပါတယ်။
ကျွန်းလှနဲ့တန့်ဆည်နယ်အစပ်ကို စစ်ကြောင်းထိုးတဲ့ စစ်ကောင်စီတပ်နဲ့အတူ ကန့်ဘလူမြို့ အနောက်ခြမ်း ကျေးရွာတွေက စစ်တပ်ထောက်ခံတဲ့ ပျူစောထီးတွေ ပါဝင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဘက်ကတော့ ကန့်ဘလူ၊ ကျွန်းလှနဲ့ တန့်ဆည်မြို့နယ်တွေက အခု စစ်ရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး တစုံတရာ ထုတ်ပြန်ပြောဆိုတာမရှိသေးသလို ပျူစောထီးလက်နက်ကိုင် မရှိဘူးဆိုပြီး အစောပိုင်းကတည်းက ငြင်းဆိုထားပါတယ်။
သျှန်ထွဏ်း(မြန်မာစာ)ပြန်လည်လွတ်မြောက်
ဖိုးချစ်မလွတ်မြောက်သေးဘူးလို့ နီးစပ်သူတွေပြော
နာမည်ကျော် ဇာတ်မင်းသားဖိုးချစ်နဲ့ တစ်ရက်တည်းဖမ်းဆီးခံရတဲ့ တေးရေး၊တေးဆို သျှန်ထွဏ်း ( မြန်မာစာ) ပြန်လည်လွတ်မြောက်လာပြီလို့ နီးစပ်သူတွေက ပြောပါတယ်။
ဖိုးချစ်နဲ့ သျှန်ထွဏ်း အပါအဝင် ၄ ဦး ကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ရက် မှာစစ်ကောင်စီကဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ နီးစပ်သူတွေက ဘီဘီစီကိုအတည်ပြုထားတာပါ။
အဲဒီနောက် ၁၀ရက်ကျော်ခန့် ထိန်းသိမ်းခံရပြီးတဲ့နောက် မနေ့ က ဒီဇင်ဘာ ၁၀ရက်မှာ သျှန်ထွဏ်း ( မြန်မာစာ)ပြန်လည်လွတ်မြောက်ပေမဲ့ ဖိုးချစ်ကတော့ ပြန်လည်လွတ်မြောက်လာတာမျိုးမသိရှိရသေးဘူးလို့ နီးစပ်သူတွေကပြောပါတယ်။
ဒီကနေ့မှာတော့ ဖိုးချစ်ဇာတ်သဘင်နဲ့နီးစပ်သူတွေ၊ စစ်ကိုင်းယူနိုက်တက်ဘောလုံးအသင်းတည်ထောင်စဥ်ကာလက မိတ်ဆွေတွေ ဘောလုံးသမားတွေက လည်း ဖိုးချစ် အမြန်ဆုံးပြန်လွတ်ပါစေဆိုပြီး ဆုတောင်းစာတွေ ရေးသားနေကြတာပါ။
ဘီဘီစီက ဖိုးချစ်ရဲ့ မိသားစုဝင်အချို့ကိုဆက်သွယ်မေးမြန်းပေမဲ့ ဘာမှမသိရှိရကြောင်းသာ ဘီဘီစီကို ဖြေကြားပါတယ်။
လက်ရှိအချိန်အထိ ဖိုးချစ်ကို ဘာကြောင့်ဖမ်းဆီးတယ်ဆိုတာကို တိတိကျကျသိရှိရတာမရှိဘူးလို့ နီးစပ်သူတွေကပြောပါတယ်။
စစ်ကောင်စီထောက်ခံသူတွေရဲ့ တယ်လီဂရန်ချန်နယ်တွေမှာတော့ ဖိုးချစ်ဟာ PDF တွေကိုထောက်ပံ့တယ်ဆိုပြီး ပြီးခဲ့တဲ့ရက်ပိုင်းကစွပ်စွဲရေးသားဖော်ပြခဲ့တာတွေ့ရပါတယ်။
စစ်ကောင်စီဘက်ကိုလည်း ဖိုးချစ်ပြန်လည်လွတ်မြောက်တာမရှိသေးဘူးဆိုတဲ့အပေါ် ပြောဆိုချက်တွေနဲ့ ဖမ်းဆီးခံရတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး မေးမြန်းနိုင်ဖို့ ကြိုးစားနေပါတယ်။
မြို့ပြလူနေအိမ်တွေကို ဖြိုဖျက်မှု တော်လှန်ရေးအားပျော့လာစေဖို့ စစ်ကောင်စီရဲ့ ကြိုးပမ်းမှုလို့ NUG ပြော
ရန်ကုန်နဲ့ မန္တလေးလို မြို့ပြမှာ နေအိမ်တွေကိုဖြိုဖျက်ခိုင်းနေတာဟာ လူထု ပိုမိုကျပ်တည်းခက်ခဲစေဖို့နဲ့ ပြည်သူ့တော်လှန်ရေးအားပျော့လာစေဖို့ စစ်ကောင်စီဘက်က ဆောင်ရွက်မှုဆိုပြီး အမျိုးသား ညီညွတ်ရေး အစိုးရ-NUG ဘက်က ပြောလာပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း စစ်ကောင်စီက ရန်ကုန်နဲ့ မန္တလေးမြို့အပါအဝင် မြို့ကြီးအချို့က မြို့ပြ အခြေခံ လူတန်းစားတွေရဲ့နေအိမ်တွေကို ကျူးကျော်လို့ဆိုကာ ဖျက်ခိုင်းခဲ့တာကြောင့် လူပေါင်း သောင်းနဲ့ချီ အိုးအိမ် မဲ့ ဖြစ်ခဲ့ရတယ်လို့ NUG ဘက်က သတင်းထုတ်ပြန်ပါတယ်။
ဒါဟာ ကိုဗစ်ကူးစက်ရောဂါနဲ့ စစ်အာဏာသိမ်းမှုကြောင့် လူမှုဒုက္ခအဝဝကို ခံစားနေရတဲ့ အခြေခံ ပြည်သူတွေကို စာနာဖေးမမှုမရှိတဲ့လုပ်ရပ်ဖြစ်သလို အခြေခံ လူ့အခွင့်အရေး ရပိုင်ခွင့်ကိုလည်း ချိုးဖောက်မှုဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် စစ်ကောင်စီနဲ့ စစ်ကောင်စီ လက်အောက် စည်ပင်သာယာရေးကော်မတီ အပါအဝင် ဝန်ထမ်းတွေအနေနဲ့ မြို့ပြနေ လူထုနေအိမ်တွေကို အတင်းအဓမ္မဖျက်ဆီးတာတွေကို ချက်ချင်းရပ်ဖို့ တားမြစ်တယ်လို့ NUG က ပြောပါတယ်။
ဆက်ပြီး ကျူးလွန်နေမယ်ဆိုရင် ပါဝင်ပတ်သက်တဲ့အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေကို ထိထိရောက်ရောက်အရေးယူမယ့်အကြောင်းနဲ့ နစ်နာဆုံးရှုံးတဲ့ပြည်သူတစ်ဦးချင်းစီ အတွက် တရားမျှတမှုနဲ့ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းစဥ်ကို အာမခံ ဖော်ဆောင်ပေးသွားမယ်လို့လည်း NUG ဘက်က ထုတ်ပြန်ပြောဆိုပါတယ်။
ဒါပေမဲ့ ဘယ်လိုဖော်ဆောင်မယ်ဆိုတာကိုတေ့ာ တိတိကျကျပြောဆိုထားတာမျိုးထုတ်ပြန်ချက်မှာ မတွေ့ရသေးပါဘူး။
တစ်ဖက်မှာလည်း တပ်ပိုင်မြေလို့ဆိုကာ မင်္ဂလာဒုံမြို့နယ်ထဲက ရပ်ကွက် ၅ ခုမှာရှိတဲ့နေအိမ်ထောင်ချီကို စစ်ကောင်စီလက်အောက် စည်ပင်နဲ့ရပ်ကျေးဘက်က ဖျက်ခိုင်းတာ၊ နောက် မရမ်းကုန်းမြို့နယ်ထဲက နေအိမ် ၁၇၀ နီးပါးကို အင်အားသုံးဖယ်ရှားခိုင်းတာတွေကြောင့် လူပေါင်းသောင်းနဲ့ချီ အိုးအိမ်မဲ့ဖြစ်ခဲ့တဲ့ အကြောင်း မြို့ခံတွေကပြောကြားထားပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ရက်က နိုင်ငံပိုင်သတင်းစာမှာတော့ နိုင်ငံပိုင်မြေနဲ့ ဝန်ကြီးဌာနရဲ့ အဆောက်အအုံများ၊ ဌာနပိုင်မြေများ၊ လမ်းနယ်နမိတ်များမှာကျူးကျော်နေထိုင်မှုတွေ မရှိစေရေး အသိပေးဆိုင်းဘုတ်ထောင်ခြင်း၊ ခြံစည်းရိုးကာရံခြင်းတို့ ဆောင်ရွက်ပြီး တစ်တဲကျူး တစ်တဲဖျက်စနစ်နဲ့ မျက်ခြည်မပြတ် ကြပ်မတ်ဆောင်ရွက်ကြဖို့နဲ့ လိုက်နာမှုမရှိရင် တည်ဆဲဥပဒေနဲ့အညီ ရှင်းလင်းဖယ်ရှားဖို့ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်းက ပြောကြားထားကြောင်းဖော်ပြထားပါတယ်။
ဆန္ဒပြ မြန်မာလုပ်သား ၂၀၀၀ ကျော်ကို အလုပ်သွင်းပေးမယ်လို့ ထိုင်းကတိပြု
ထိုင်းနိုင်ငံ၊ မဟာချိုင်ဒေသက ထိုင်းအလုပ်သမားအရာရှိရုံး အရှေ့မှာ ဆန္ဒပြခဲ့ကြတဲ့ မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေကို အခုလအတွင်း အလုပ်သွင်းပေးမယ်ဆိုပြီး ထိုင်းအာဏာပိုင်တွေဘက်က ကတိပြုလိုက်ပါတယ်။
အဲဒီမြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ TUF ထိုင်းလုံစင်ငါးသေတ္တာစက်ရုံမှာ အလုပ်ရမယ်ဆိုတာကြောင့် အလုပ်အကိုင်ရှာဖွေပေးတဲ့အေးဂျင့်တွေကို ထိုင်းဘတ်ငွေ သောင်းချီပေးခဲ့ကြရသူတွေဖြစ်ပါတယ်။
ဒါပေမဲ့ တစ်နှစ်ကျော်ကြာတဲ့အထိ အလုပ် မလုပ်ရသေးတာကြောင့် မနေ့ ဒီဇင်ဘာလ ၉ ရက်မှာ မဟာချိုင်မှာရှိတဲ့ မြို့နယ်အလုပ်သမားရုံးရှေ့မှာ သွားရောက် တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။
မနေ့ကတောင်းဆိုမှုအတွင်း မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်သူပေးသူတွေ၊ ထိုင်းအာဏာပိုင်တွေဘက်က မြို့နယ်အဆင့်ရှိတဲ့ အလုပ်သမားအရေးနဲ့ အလုပ်အကိုင်ရှာဖွေရေးအရာရှိတွေအပါအဝင် ငါးသေတ္တာစက်ရုံဘက်က တာဝန်ရှိသူတွေ တွေ့ဆုံပြီး အလုပ်သမားတွေကို အလုပ်သွင်းပေးဖို့ သဘောတူညီခဲ့တာလို့ သိရပါတယ်။
‘‘အခု အလုပ်ရမယ်ဆိုပြီး ပိုက်ဆံပေးထားသူက ၂၀၀၀ ကျော်ရှိပါတယ်။ ဒါပေမဲ့ စက်ရုံအတွက် ကနဦးအလုပ် ခေါ်တုန်းက အလုပ်နေရာ ၃၇၀၀ ကျော်အတွက်ဖြစ်တော့ အဲဒီနေရာတွေအတွက် နှစ်သစ်မကူးဘဲ အခု ဒီဇင်ဘာလအတွင်း အလုပ်သွင်းပေးမယ်ဆိုတဲ့ ကတိကဝတ်တော့ ရသွားတယ်။ ဘယ်လို ဆက်ပြီးဖော်ဆောင်မလဲဆိုတာ ကြည့်ရမယ်။ အလုပ်ရဖို့ ငွေပေးထားရသူတွေကလည်း ပြည်တွင်းမှာ စစ်အာဏာသိမ်းတော့ အလုပ်အတွက် ထိုင်းကို ဝင်လာခဲ့ကြသူတွေဆိုတော့ အတော်လေး ဒုက္ခရောက်နေကြတယ်’’ လို့ အလုပ်သမားအရေးဆောင်ရွက်သူ ဦးခိုင်ကြီးက ပြောပါတယ်။
အလုပ်ခေါ်ယူတုန်းက အလုပ်အတွက် ငွေကြေးကောက်ခံခဲ့တာ မရှိတာကြောင့် အေးဂျင့်တွေကို ငွေပေးထားတဲ့ကိစ္စကို ဖြေရှင်းပေးနိုင်မှာမဟုတ်ဘူးလို့ စက်ရုံဘက်က ပြောထားပေမဲ့ အဲဒီအတွက် နစ်နာကြေးအဖြစ် အလုပ်သမားတွေကို ထိုင်းဘတ်ငွေ ၁ ထောင်စီ စက်ရုံဘက်က ပေးသွားဖို့ ရှိတယ်လို့လည်း သူက ဆက်ပြောပြပါတယ်။
အလုပ်သွင်းပေးမယ်လို့ဆိုကာ ငွေကြေးကောက်ခံခဲ့သူတွေထဲမှာ မြန်မာအေးဂျင့်အချို့လည်း ပါဝင်နေ တာကြောင့် အဲဒီအတွက် ဥပဒေကြောင်းအရ ဖြေရှင်းနိုင်ဖို့ ငွေပေးခဲ့ရတဲ့လုပ်သားတွေအတွက် လိုက်ပါကူညီဖို့ရှိတယ်လို့လည်း မြန်မာရွှေ့ပြောင်းလုပ်သားအရေး အကူအညီပေးသူတွေက ပြောထားပါတယ်။
နမ့်ဆန်မှာ TNLA နဲ့ စစ်ကောင်စီကြား တိုက်ပွဲဆက်ဖြစ်နေ
စစ်ရှောင် ထောင်နဲ့ချီရှိလာ
ရှမ်းပြည်နယ်မြောက်ပိုင်းက ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ နမ့်ဆန်မြို့က ကုန်းသာ၊ ဟူးမန်းစတဲ့ ကျေးရွာတဝိုက်မှာ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ် TNLA နဲ့ စစ်ကောင်စီအကြားတိုက်ပွဲဖြစ်နေတာ ဒီကနေ့ ဒီဇင်ဘာ၁၁ရက်နဲ့ဆိုရင် ငါးရက်တိတိရှိလာပြီ ဖြစ်ပါတယ်။
ဒီတဝိုက်မှာ နေ့စဉ်လိုလို လေကြောင်းနဲ့ လာရောက်တိုက်ခိုက်မှုတွေရှိနေတယ်လို ပြောကြပြီး မနေ့ ဒီဇင်ဘာ ၁၀ရက်၊ ည ၁၀နာရီဝန်းကျင်မှာလည်း လေကြောင်းနဲ့လာပစ်ခတ်ခဲ့တယ်လို့ စစ်ရှောင်ကူညီသူတွေရော မြေပြင်စစ်ရေးအခြေအနေသိရှိသူတွေကပါ ဘီဘီစီကိုပြောပါတယ်။
ဒီကနေ့ မနက်ပိုင်းအချိန်အထိလည်း လက်နက်ကြီးပစ်ခတ်မှုတွေ တချို့ဆက်ရှိနေတယ်လို့ ဆိုပါတယ်။
"အခုမနက်တော့ ကျွန်တော်တို့ တပ်နဲ့ သူတို့ ပစ်ခတ်မှုတချို့ဆက်ရှိတယ်၊ အဲ့ဒီက ကတော့ ရခိုင်ဘက်မှာနားပြီးတော့ ရခိုင်ကဆုတ်လာတဲ့ တပ်ရင်းတွေက ဒီဘက်ခြမ်းကို လာတယ်လို့ ယူဆတယ်။ ပြီးတော့ MNDAA နဲ့ TNLA တို့က ပြည်မမှာရှိတဲ့ PDF တွေကို လက်နက်ပေးတယ်လို့ စွပ်စွဲပြီးတော့မှ သတိပေးချင်တဲ့ ပုံစံမျိုးလား၊ လမ်းကြောင်းပိတ်ချင်တာလား အဲဒီလိုကြောင့်လို့ထင်တယ်" လို့ စစ်ရေးအခြေအနေသိရှိသူတစ်ဦးက ပြောပါတယ်။
ငါးရက်ကြာ တိုက်ပွဲကြောင့် ဒေသခံထောင်နဲ့ချီ နေရပ်စွန့်ခွာထွက်ပြေးနေရပြီး နမ့်ဆန်မြို့ပေါ်က ဇယန်းကြီးဘုန်းတော်ကြီးကျောင်းမှာတင် စစ်ရှောင် ၉၀၀ ကျော်ရှိနေတယ်လို့ ကူညီသူတွေက ပြောပါတယ်။
တခြားကျေးရွာတွေမှာရှိနေတဲ့ စစ်ရှောင်စခန်းငယ်တွေနဲ့ အဆက်အသွယ်ရဖို့ ခက်ခဲနေသလို တိုက်ပွဲပြင်းထန်နေတဲ့ ဟူမန်း၊ ကုန်းသာစတဲ့ ရွာတွေဘက်မှာလည်း ဒေသခံတချို့ ပိတ်မိနေတာကြောင့် ကယ်ထုတ်နိုင်ဖို့ ကြိုးစားနေတယ်လို့ စစ်ရှောင်ကူညီသူတွေက ပြောကြပါတယ်။ တိုက်ပွဲကြောင့် အသေအဆုံးရှိပေမဲ့ အသေးစိတ်မသိရသေးဘူး စစ်ရေးအခြေအနေသိရှိသူတွေကပြောပါတယ်။
NUG အလုပ်သမားဌာနနဲ့ ထိုင်းလွှတ်တော် အလုပ်သမားရေးရာကော်မတီတို့ တွေ့ဆုံ
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အလုပ်သမားဝန်ကြီးဌာနနဲ့ ထိုင်းလွှတ်တော် အလုပ်သမားရေးရာကော်မတီတို့ တွေ့ဆုံဆွေးနွေးခဲ့ကြတဲ့အကြောင်း NUG ဘက်က သတင်းထုတ်ပြန်လာပါတယ်။
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ကြုံတွေ့နေရတဲ့ အခက်အခဲနဲ့ ပြဿနာတွေကို ကူညီဖြေရှင်းနိုင်ရေးနဲ့ နှစ်ဖက်ရှေ့ဆက် ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေကို Zoom ကနေ တဆင့် ဒီဇင်ဘာလ ၇ ရက်နေ့က ဆွေးနွေးခဲ့ကြတာပါ။
အဲဒီဆွေးနွေးပွဲကို NUG အလုပ်သမားဝန်ကြီး နိုင်သုဝဏ္ဏ၊ ဒုဝန်ကြီး ဦးကျော်နီနဲ့ ထိုင်းလွတ်တော်၊ အလုပ်သမားရေးရာကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနဲ့ လွှတ်တော်အလုပ်သမားရေးရာ အတိုင်ပင်ခံတို့ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားအခွင့်အရေးလှုပ်ရှားသူတွေဟာ NUG အလုပ်သမားရေးဝန်ကြီးဌာနလက်အောက်ကနေ မြန်မာလုပ်သားတွေအရေး ကူညီဆောင်ရွက်ပေးနေ တယ်လို့ သိရပါတယ်။
‘‘အလုပ်သမားအရေးဖြေရှင်းဖို့ ရှိလာပြီဆိုရင် NUG အလုပ်သမားရေးရာ တိုင်ကြားစာဌာနက ဘယ်သွားဖို့၊ ဘာလုပ်ပေးဖို့ ဆိုပြီး ကျွန်မတို့ကို လမ်းညွှန်ချက်ပေးတယ်။ ကျွန်မတို့ ထိုင်းအလုပ်သမားရေးရုံးကို သွားတယ်ဆိုရင် NUG ကို ကိုယ်စားပြုပြီးလာတယ်လို့ပဲ ထိုင်း အာဏာပိုင်တွေဘက်ကို အသိပေးပြီး လုပ်ကိုင်တယ်’’ လို့ ထိုင်းရောက် မြန်မာလုပ်သားတွေ အရေး ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။
လက်ရှိမှာ NUG အောက်ကနေ မြန်မာအလုပ်သမားအရေး ကူညီပေးနေသူတွေဟာ မြန်မာလုပ်သားတွေ လုပ်ခလစာမှန်မှန်မရတာ၊ နားလည်မှု စာချွန်လွှာနဲ့အလုပ်လာလုပ်ပေမဲ့ လုပ်ငန်းခွင် မဝင်ရတာကြောင့် အခက်တွေ့တာ၊ လုပ်အားခ အပြည့်မရတာတွေအတွက် အကူအညီပေးနေတယ်လို့ သိရပါတယ်။
နယူးယောက်မြို့က မြန်မာ့လူ့အခွင့်အရေးဆန္ဒဖော်ထုတ်ပွဲ
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ Time Square ရင်ပြင်မှာ ဒေသစံတော်ချိန်ဒီဇင်ဘာ ၁၀ရက်ညနေပိုင်းက ပြုလုပ်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အထိမ်းအမှတ် စစ်အာဏာသိမ်းဆန့်ကျင်ရေးဆန္ဒထုတ်ဖော်တဲ့မြင်ကွင်းတွေဖြစ်ပါတယ်။
"လူ့အခွင့်အရေးတွေပြန်ရဖို့ အမိမြန်မာပြည်ကိုကယ်တင်စို့" ခေါင်းစဉ်နဲ့ ပြုလုပ်တဲ့အဲဒီဆန္ဒထုတ်ဖော်ပွဲကို New York City Burmese Community (NYCBC)က ပြုလုပ်တာဖြစ်ပါတယ်။
အကြမ်းဖက်မှုတွေချက်ချင်းရပ်တန့်ပြီး ဒေါ်အောင်ဆန်းစုကြည် နဲ့ မတရားဖမ်းဆီးခံထားရသူတွေကိုချက်ချင်းလွှတ်ပေးရေးသရုပ်ဖော်ပြသမှု၊ ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦးအပါအဝင် ယုံကြည်ချက်ကြောင့် သေဒဏ်ချမှတ်ခံထားရသူကျောင်းသားပြည်သူတွေနဲ့ တသားတည်းရပ်တည်ကြောင်းပြသခြင်း၊အမျိုးသမီးအခွင့်အရေးမြှင့်တင်ရေး နဲ့ကလေးသူငယ်အခွင့်အရေးကာကွယ်စောင့်ရှောက်ကြရေး စတဲ့ အချက်တွေကို လှုံ့ဆော်ဆန္ဒထုတ်ဖော်ကြတာတွေ့ရပါတယ်။