ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကောလင်းအရှေ့ခြမ်းက ပြည်တွင်းစစ်ဘေးဒုက္ခသည်တွေရဲ့ဘဝ
ကောလင်းမြို့နယ် အရှေ့ခြမ်း အရိုးတောင်အနီးမှာ စက်တင်ဘာလ ၁၂ ရက်နေ့က စစ်တပ်နဲ့ ဒေသခံတော်လှန်ရေးပြောက်ကျားအဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
စစ်ကောင်စီက အင်အား ၈၀ လောက်နဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ ဒေသခံ PDF နဲ့ ပကဖ ၁၀ ဦးကျဆုံးပြီး အရပ်သား ၂ ဦးလည်း အသတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတော်လှန်ရေးအဖွဲ့တွေဘက်က ပြောပါတယ်။
စစ်ကောင်စီအင်အား ၈၀ အနက် ၅၀ ကျော်သာ သူတို့တပ်စခန်းချရာ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့ရွာကို ပြန်လာနိုင်တယ်လို့ ဒေသခံတော်လှန်ရေးအဖွဲ့ကဆိုပါတယ်။ စစ်ကောင်စီဘက်က ကျဆုံးသူ အယောက် ၂၀ လောက်ရှိလိမ့်မယ်လို့ PDF ဘက်က ခန့်မှန်းပေမဲ့ သီးခြား အတည်မပြုနိုင်ပါဘူး။
စက်တင်ဘာလ ၁၄ ရက်နေ့ မနက် ၄ နာရီခွဲလောက်မှာတော့ စစ်သား ၅၀ လောက်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းတခုဟာ ဂါတ်ရွာ၊ ခံသာရွာ အစရှိတဲ့ ကောလင်း အရှေ့ခြမ်းရွာတွေဘက်ကို ရောက်လာပါတယ်။
စစ်ကောင်စီစစ်ကြောင်း ပထမဆုံးဝင်ရောက်ရာ ဂါတ်ရွာ၊ ခံသာရွာတို့မှာ တွေ့တဲ့ ရွာသား ၂၁ ယောက်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပါတယ်။
“သူတို့က မနက်အစောကြီးဝင်လာတာဆိုတော့ ကြိုမသိလိုက်လို့ ရွာတချို့က မရှောင်တိမ်းနိုင်လိုက်ဘူး။ အဲဒီမှာ သူတို့က ရွာသားတွေကိုဖမ်းသွားတာ။ စုစုပေါင်း ၂၁ ယောက်။ သူတို့က လူသားဒိုင်းသဘောဖမ်းတာလေ။ အဲဒီရွာသားတွေပါနေတော့ PDF တွေက သူတို့ကို မတိုက်ခိုက်အောင် အကာအကွယ်ယူတာပေါ့။ လက်ဖက်ရည်ဆိုင်မှာလည်း သူတို့တစုတဝေးတည်း တော်တော်များများ ဖမ်းမိသွားတယ်။ နောက်ပြီးတော့ ဘုန်းကြီးကျောင်းမှာ စစ်ဘေးရှောင်နေတဲ့အထဲကလည်း ၅ ယောက်ပါသွားတယ်” လို့ ဒေသခံ အမျိုးသမီးတယောက်က ပြောပါတယ်။
ရွာသားတွေကို စက်တင်ဘာလ ၁၄ ရက် မနက်ပိုင်းမှာ ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဟာ သူတို့သွားလိုရာ အထိုင်တပ်ဖွဲ့အခြေစိုက်တဲ့နေရာကိုရောက်ပြီးနောက်မှာတော့ အဲဒီညနေပိုင်းမှာပဲ အားလုံးကို ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။ ကောလင်းအရှေ့ပိုင်းက အကာအကွယ်ကောင်းပြီး သောက်ရေအမြဲရတဲ့ ထုံးကျောက်လိုဏ်ဂူတခုအတွင်း မှာ အမြဲတမ်းအခြေစိုက်တဲ့တပ်ဖွဲ့ ဒေသအခေါ် အထိုင်တပ်ဖွဲ့ဟာ နေရာယူထားတာ ဖြစ်ပါတယ်။
ကောလင်းမြို့နယ်မှာ လွန်ခဲ့တဲ့နှစ် စက်တင်ဘာလ ၂၆ ရက်နေ့ကတည်းက တယ်လီဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းအားလုံးဖြတ်တောက် ထားခဲ့ပါတယ်။ အခုအခါ မြို့ပေါ် နေရာတချို့မှာ MPT တယ်လီဖုန်းလိုင်းတချို့ကို 2G လိုင်းပြန်ဖွင့်ပေးထားပေမဲ့ နေရာအများအပြားကိုတော့ ဖြတ်တောက်ထားဆဲ ဖြစ်ပါတယ်။ တချို့ကတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကြိုးစားအသုံးပြုနေကြပါတယ်။
“ကျွန်တော်တို့ရွာတွေကနေ ၂ မိုင်သာသာလောက် အကွာမှာ တိုက်နယ်ဆေးရုံတခုရှိတယ်။ ဒါပေမဲ့ အခုမြက်ပင်တွေပေါက်နေပြီး ဘယ်သူမှ မရှိကြတော့ပါဘူး။ ဆေးရုံပိတ်ထားရတာ ကြာပါပြီ။ ကျန်းမာရေးစောင့်ရှောက်မှုကတော့ ဘာမှ မရှိတော့ဘူး” လို့လည်း ဒေသခံရွာသား တယောက်ကဆိုပါတယ်။
လွန်ခဲ့တဲ့နှစ် တယ်လီဖုန်းလိုင်းတွေ မဖြတ်ခင်ကတည်းက ကောလင်းနယ်ထဲက ရွာသူရွာသားတွေဟာ အကြိမ်ပေါင်းများစွာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတယ် လို့လည်း ဒေသခံကျေးရွာသူ တဦးကဆိုပါတယ်။
“ငါတို့မှာငါတို့ပဲရှိတယ်ဆိုတာ တကယ်ကို ကျွန်မတို့ဘဝအမှန်ပဲ။ တခြားလည်း အားကိုးစရာမရှိဘူး။ တခြားရွာကလူတွေ ကျွန်မတို့ရွာဘက်ထွက်ပြေး တိမ်းရှောင်လာကြတယ်ဆိုရင်လည်း ကျွန်မတို့က ဆီးပြီး ချက်ပြုတ်ကျွေးမွေးရတာပဲ။ အားလုံးက တတ်နိုင်တာ ချက်ပြုတ်ပြီး ချိုင့်ကြီး ချိုင့်ငယ်တွေနဲ့ သွားပို့ရတာ။ ကိုယ်ကသူတို့ရွာတွေဘက် ထွက်ပြေးတော့လည်း သူတို့က အဲသလိုချက်ပြုတ်ကျွေးကြတာပဲလေ။ ဒီလိုပဲလုပ်ကြရတာ။”
တခါတလေ တောတောင်မရှိတဲ့ ကွင်းပြင်ထဲမှာ ထွက်ပြေးပြီး ထိုင်နေကြရတာမျိုးလည်း ရှိတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်နေ့မှာတော့ ဝန်းသိုမြို့နယ်ထဲက ဥသျှစ်ခုံ၊ သပြေသာ၊ စိန်လည်၊ ရှမ်းစု၊ အောင်ကုန်းရွာ ၅ ရွာကို စစ်ကောင်စီစစ်တပ်ကမီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ကျောက်ပေါက်ခုံရွာပေါ်ကိုလည်း လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး အိမ်တအိမ်မီးလောင်ခဲ့ပါတယ်။ အဲဒီရွာတွေဟာ ဝန်းသိုမြို့နယ်ထဲကဆိုပေမဲ့ ကောလင်းအရှေ့ခြမ်းနဲ့ပိုနီးတဲ့အတွက် ကောလင်းမြို့နယ်ထဲက ရွာတွေဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြပါတယ်။
“အဲဒီတုန်းကဆိုရင် ရွာ ၅ ရွာစုပြီး တရွာတည်းပြေးကြတော့ ဟိုကလည်း လူစေ့အောင် မကျွေးနိုင်တော့ဘူး။ ၅ ရွာစာဆိုတော့ နိုင်အောင် ချက်မကျွေးနိုင်တော့ဘူးလေ။ အဲဒါဆိုရင်လည်း ဒီတိုင်း ငုတ်တုတ်ထိုင်နေကြရတာပဲ။”
ကောလင်းမြို့နယ်အရှေ့ခြမ်းရွာတရွာက မဝါဝါ (အမည်လွှဲ) ဟာ အသက် ၈၀ ကျော် အဖေအမေနှစ်ဦးနဲ့ အတူနေထိုင်သူဖြစ်ပါတယ်။
“တခါတုန်းကတော့ စစ်သားတွေ အိမ်ပေါ်အထိ တက်လာကြတယ်။ ကျွန်မလေ တခါတည်းပစ်သတ်သွားပါစေ၊ ပစ်သတ်သွားပါစေလို့ ဆုတောင်းတာ။ သိလား။ တခါတည်း ပစ်သတ်လို့ သေသွားတာ ဘာဆန်းသလဲလေ။ မဟုတ်ဘူးလား။ အခုနောက်ပိုင်းက ဆိုးဆိုးဝါးဝါး ရက်ရက်စက်စက်တွေလည်းလုပ်တာဆိုတော့ အဲဒါမျိုးလုပ်မှာကို ကြောက်တာ။”
သူ့အိမ်ပေါ်စစ်သားတွေတက်လာတဲ့ ဖြစ်စဉ်ကိုပြန်ပြောပြပါတယ်။ သက်ကြီးရွယ်အို မိဘနှစ်ပါးနဲ့နေတဲ့သူဟာ ကံကောင်းထောက်မစွာနဲ့ပဲ အသက်ချမ်းသာရာရခဲ့ပါတယ်။ ဒါပေမဲ့ အသက် ၈၀ ကျော် အဖေ၊ အမေနဲ့ အတူ အကြိမ်ကြိမ် ထွက်ပြေးတိမ်းရှောင်ရင်းနဲ့ပဲ သူ့မိခင်ဟာ ပြီးခဲ့တဲ့ ဧပြီလထဲမှာ ကွယ်လွန်ခဲ့ပါတယ်။
“ဝန်းသိုထဲကရွာ ၅ ရွာ မီးရှို့မခံရခင်လေးမှာပဲ ဆုံးသွားတာလေ။ စစ်ပြေးပြီး ပင်ပန်းတဲ့အချိန်မှာ အိုမီခရွန်ဝင်သွားတာ။ ကိုဗစ်ပထမလှိုင်း၊ ဒုတိယလှိုင်း၊ တတိယလှိုင်းတွေ ဒီဘက်မှာ ဘာမှ မဖြစ်လိုက်ဘဲနဲ့ အိုမီခရွန်ကျမှ မရှောင်လိုက်နိုင်ဘဲဖြစ်သွားတာ။ အသက်ကလည်းကြီး၊ စစ်ပြေးရတာကလည်း ခဏခဏဆိုတော့ ပင်ပန်း၊ အဲဒီကြားထဲ အိုမိခရွန်ဝင်သွားတော့ မရလိုက်တော့ဘူး။”
ကောလင်းနယ်ထဲမှာ အဓိကစိုက်ပျိုးရေးက ဆန်စပါးဖြစ်ပါတယ်။ ဆန်စပါးကိုလည်း တနှစ်မှာ တသီးပဲစိုက်ပျိုးနိုင်တယ်လို့ ဆိုပါတယ်။ ဆန်စပါးအပြင် တခြားစိုက်ပျိုးတာတွေက ကုလားပဲ၊ နေကြာ၊ မြေပဲတို့ဖြစ်ပါတယ်။
ဒီနှစ်ထဲမှာ အဆိုးတွေအများကြီးကြုံရပေမဲ့ အဆိုးထဲက အကောင်းလို့ဆိုနိုင်တာက မိုးဦးစောစောကျတဲ့အတွက် ပျိုးထောင်လိုက်နိုင်တဲ့ အချက်ပါ။
“ဒီနှစ်ကောလင်းဘက်မှာ မေလဆန်းကတည်းက မိုးဦးကျတယ်။ ခါတိုင်းထက်တော့ စောတယ်။ ခါတိုင်းဆိုရင် ဇွန်လမှာပျိုးထောင်တာ။ ဒါပေမဲ့ နိုင်ငံရေးအခြေအနေက မကောင်းတော့ စောလည်းစောပါစေတော့ဆိုပြီး ပျိုးထောင်လိုက်ကြတယ်။ ပျိုးတွေဆိုတော့ သူတို့မီးရှို့လို့လည်း မရတော့ဘူး။ အကုန်လုံးလည်း သူတို့လိုက်ဖျက်မနေနိုင်ဘူးလေ။”
ပျိုးပင်တွေကိုနုတ်ပြီး နယုန်လပြည့်နေ့မှာ လယ်ထဲမှာ ကောက်စိုက်ခဲ့ကြပါတယ်။ ဒါပေမဲ့ “အဲဒီနေ့က ကောက်စိုက်မှာ ဆိုတော့ လူငယ်တွေ ၁၀ ယောက်၊ ၁၁ ယောက်လောက်ပါတာပေါ့။ အဲဒါကိုစစ်တပ်က ၂ မိုင်လောက်ကနေ လက်နက်ကြီးနဲ့ လှမ်းထုလိုက်တော့ အနီးနားလေးပဲနော၊ လာကျတာ။ ကံကောင်းလို့။ လယ်ထဲမှာ ရေထဲကိုကျသွားတာဆိုတော့ ဘယ်သူမှ ဒဏ်ရာမရလိုက်ဘူး။ ရေတွေ ဗွမ်းကနဲ အထက်ကိုပန်းတက်လာတယ်။”
အဝေးကနေ မှန်ပြောင်းနဲ့ကြည့်ပြီး လူငယ်တွေကို အစုအဝေးလိုက်မြင်လို့ ပစ်တာ ဖြစ်နိုင်တယ်လို့ သူကဆိုပါတယ်။
“သူတို့မှာက မှန်ပြောင်းတွေရော၊ လက်နက်တွေရော အကုန်ကောင်းတာနော။ အားလုံးအားလုံးကို အကုန်ကောင်းတာ။ မကောင်းတာက အကျင့်ပဲမကောင်းတာရှင့်။”
မဝါဝါတို့ရွာမှာ ရွာတံခါး ၄ ပေါက်စလုံးမှာ အလှည့်ကျ ကင်းစောင့်ကြရတယ်လို့ ဆိုပါတယ်။
“သူတို့က လာရင်လည်း မနက်အစောကြီး ၄ နာရီထိုးလောက်ချည်းပဲ လာကြတာလေ။ အဲဒီတော့ ရွာတံခါး ၄ ပေါက်ကနေ ညတိုင်းကင်းစောင့်ကြရတယ်။ ၅ ရက် ၁ ကြိမ်လောက် ကိုယ့်အလှည့်ကျတယ်။ ကျွန်မတို့က ကင်းစောင့်တယ်ဆိုတာက ခုခံကာကွယ်ဖို့ မဟုတ်ပါဘူး။ လွတ်အောင်ပြေးဖို့လေ။ ကိုယ့်အသက်အိုးအိမ် အတွက် လွတ်အောင်ပြေးဖို့ပေါ့။ အသက်အိုးအိမ်ပဲရှိပါတာ့တယ်၊ စည်းစိမ်ဆိုတာကတော့ ဘာမှ မရှိတော့ပါဘူး။ လူတွေလည်း ကြာတော့ ထုံလာပါပြီ။ အစတုန်းကတော့ အေ မီးမရှို့ရင် တော်ပါပြီပေါ့။ မီးရှို့ခံရတော့လည်း အင်း မီးရှို့သွားမှတော့ ဘာတတ်နိုင်မှာလဲ။ ကိုယ့်ထက်ဆိုးတဲ့သူတွေ သေတောင်သေကြသေးတာပဲ။ မသေတာတော်သေးတယ်။ အဲသလိုပြောကြရတာပါပဲရှင်။”
ကသာ၊ ကန့်ဘလူ၊ ကောလင်းဒေသတွေကို ကသုံးလုံးနယ်မြေလို့ ခေါ်ကြပြီး အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ရေးအရ အပြင်းထန်ဆုံးရင်ဆိုင်တွေ့ဆုံကြတဲ့ နယ်မြေတခုလို့ ဆိုရမှာဖြစ်ပါတယ်။