ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဇွန် ၂၁ ရက်သတင်းများအနှစ်ချုပ်- မိုးကောင်းနဲ့ ဖားကန့်မှာ ချောင်း ၃ ချောင်းရေလျှံလို့ လူဦးရေ ရာချီ ရေဘေးသင့်
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နဲ့ ဖားကန့်မြို့မှာ မိုးဆက်တိုက် ရွာတာကြောင့် နန့်ရင်ချောင်း၊ နန့်ကောင်းချောင်း၊ ဥရုချောင်းရေတွေဟာ စိုးရိမ်ရေမှတ်ထက် ကျော်လွန်နေအောင် ရေတက်နေတာကြောင့် ရပ်ကွက်အများစု မှာ ရေကြီးနေတယ်လို့ ပရဟိတအဖွဲ့တွေဆီကနေ သိရပါတယ်။
ချောင်းရေလျှံနေတဲ့ မိုးကောင်းနဲ့ ဖားကန့်မြို့နှစ်ခုမှာ ရေဘေးသင့်သူ ၇၀၀ ဝန်းကျင်လောက် ရှိနိုင်တယ်လို့ ပရဟိတအဖွဲ့တွေက ခန့်မှန်းထားပါတယ်။
မိုးကောင်းမြို့မှာဆိုရင် မိုးများတာကြောင့် နန့်ရင်ချောင်းနဲ့ နန့်ကောင်းချောင်းရေ မြင့်တက်လာတဲ့အတွက် ဇွန် ၂၀ ရက် မနေ့ကစလို့ ကျေးရွာပေါင်း ၁၂ ရွာက ဒေသခံတွေ ရေလွတ်ရာ ရွှေ့ပြောင်းနေကြရတယ်လို့ ရေဘေးသင့်သူတွေကို ကူညီပေးနေတဲ့ မိုးကောင်းအခြေစိုက် ပရဟိတအဖွဲ့ တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။
ရွှေ့ပြောင်းရတဲ့ ရပ်ကွက်တွေထဲမှာ မြို့ဦး၊ ရွာသစ်၊ ဈေးကုန်း၊ ကျွန်းတော၊ နမ့်အင်း၊ အောက်ချိုင့်၊ နတ်ကြီးကုန်းစတဲ့ ကျေးရွာတွေ ပါဝင်တယ်လို့ နောက်ထပ် မိုးကောင်းမြို့ခံက ပြောပါတယ်။
ဖားကန့်မြို့မှာလည်း ဥရုချောင်းဘေး မြေနိမ့်ပိုင်းမှာရှိတဲ့ မှော်ဝမ်းလေး၊ ကျောက်ဝိုင်း၊ ငှက်ပျောတော၊ မရှီကထောင် စတဲ့ ရပ်ကွက်တွေမှာ မနေ့ညကစပြီး ချောင်းရေမြင့်တက်လာတာကြောင့် ဒီနေ့မနက်မှာ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို စလုပ်နေရပြီလို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့-ဖားကန့် က တာဝန်ရှိသူ ကိုကျော်ကျော်အောင်က ပြောပါတယ်။
တစ်ထပ်တိုက်နေအိမ်တွေလည်း တထပ်လုံးနီးပါး နစ်မြုပ်တဲ့အထိ ရေဝင်ရောက်နေတာလို့လည်း ပြောပါတယ်။
ဒါ့ကြောင့် ဖားကန့်မြို့မှာ ချောင်းရေတက်နေတဲ့ ရပ်ကွက်တွေထဲက သက်ကြီးရွယ်အို၊ ကလေး၊ မွေးလူနာ၊ ကိုယ်ဝန်ဆောင်၊ နာမကျန်းသူတွေကို ဦးစားပေး ရွှေ့ပြောင်းပေးနေရတယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် ကျောက်စိမ်းမှော် တူးဖော်ရေးနေရာတွေမှာ ပိတ်မိနေတဲ့ သူတချို့ကိုလည်း ကူညီရွှေ့ပြောင်းပေးနေတယ်လို့လည်း ကိုကျော်ကျော်အောင်က ပြောပါတယ်။
မိုးကောင်းနဲ့ ဖားကန့်မြို့ရှိရာ ကချင်ပြည်နယ်သာမက ရန်ကုန်၊ ပဲခူး၊ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ဧရာဝတီ၊ တနင်္သာရီ၊ ကရင်၊ မွန်၊ ရခိုင်နဲ့ ရှမ်းပြည်နယ်တို့မှာ နောက်လာမယ့် ၈ ရက်ကနေ ၁၀ ရက်အထိ မိုးထစ်ချုန်းရွာနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဇွန် ၂၁ ရက် မနက်ပိုင်းက ထုတ်ပြန်ထားပါတယ်။
ဟော်မုဇ် ပိတ်လိုက်ပြီလို့ဆိုပေမဲ့ အီရန်နဲ့ အမေရိကန် ဆွစ်ဇာလန်မှာဆွေးနွေးဖို့ရှိ
လက်ဘနွန်တောင်ပိုင်းကို အစ္စရေးက တိုက်ခိုက်လို့ ဟော်မုဇ်ရေလက်ကြားကို ပြန်ပိတ်လိုက်ပြီလို့ အီရန်စစ်တပ်က ပြောနေပေမဲ့ အီရန်နဲ့ အမေရိကန်တို့ ဆွစ်ဇာလန်နိုင်ငံမှာ တိုက်ရိုက်ဆွေးနွေးကြဖို့ ရှိနေပါတယ်။
အမေရိကန်စစ်တပ်ဘက်ကတော့ ''ရေလက်ကြားမှာ သင်္ဘောတွ ဆက်ဖြတ်ဖို့ရှိ''တယ်လို့ အီရန်စစ်တပ်ဘက်က အပြောကို တုံ့ပြန်ပါတယ်။
လက်ဘနွန်တောင်ပိုင်း လေကြောင်းတိုက်ခိုက်ခံရတာဟာ အီရန်နဲ့အမေရိကန်ကြားရရှိထားတဲ့ သဘောတူညီချက်ကို ချိုးဖောက်တာလို့ ဆိုပြီး အီရန်က ဟော်မုဇ်ရေလက်ကြားကို ပိတ်လိုက်တာလို့ ဆိုပါတယ်။
ဟော်မုဇ်ရေလက်ကြားဟာ အရေးပါတဲ့ကမ္ဘာ့ရေနံတင်ပို့လမ်းကြောင်းဖြစ်ပါတယ်။ အမေရိကန်နဲ့ အစ္စရေးတို့ ပူးပေါင်းပြီး ဖေဖော်ဝါရီလကုန်မှာ အီရန်ကို တိုက်ခိုက်တဲ့အခါ အီရန်က သူတို့ ထိန်းချုပ်တဲ့ ဟော်မုဇ် ရေလက်ကြားကို ပိတ်ဆို့ခဲ့တာကြောင့် ကမ္ဘာတလွှား စွမ်းအင်အကျပ်အတည်း ပေါ်ပေါက်ပြီး စျေးနှုန်းမြင့်တက်တာတွေ ဖြစ်ခဲ့တာပါ။
အီရန်စစ်ပွဲ အဆုံးသတ်ဖို့ အမေရိကန်နဲ့ အီရန်ကြား သဘောတူညီချက်ရခဲ့ပေမဲ့ လက်ဘနွန်မှာဖြစ်တဲ့အခြေအနေကြောင့် ရေလက်ကြား ပိတ်လိုက်ပြီဆိုတာမျိုးလို အခြေအနေပြန်ဖြစ်လာချိန် အမေရိကန် ဒုတိယသမ္မတ ဂျေဒီဗန့်စ် ဆွစ်ဇာလန်ကို ခရီးဆက်တာဖြစ်ပါတယ်။
အီရန်ဘက်ကတော့ လွှတ်တော်ဥက္ကဋ္ဌနဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ ဆွစ်ဇာလန်ရောက်နေပါပြီ။
ပထမအကျော့ဆွေးနွေးညှိနှိုင်းတာတွေကို ဥရောပစံတော်ချိန် တနင်္ဂနွေနေ့မှာပြုလုပ်မှာဖြစ်လို့ မြန်မာစံတော်ချိန် ဒီနေ့ ညနေပိုင်းမှာ ပြုလုပ်ကြမှာဖြစ်ပါတယ်။
အမေရိကန်ဒုသမ္မတ ဗန့်စ်ကတော့ နျူကလီးယားအရေးနဲ့ လက်ဘနွန် အပစ်ရပ်ကိစ္စတွေမှာ တိုးတက်မှုရှိဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။
လက်ဘနွန်တောင်ပိုင်းမှာ အစ္စရေးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ အစ္စရေးနဲ့ ဟတ်ဇ်ဘိုလာကြားက ထိတွေ့မှုတွေနဲ့ပတ်သက်ပြီး မေးမြန်းတဲ့အခါ ဗန့်စ်က ''အဲဒီမှာ အခြေအနေတွေ ပိုကောင်းလာပါပြီ။ ဒါပေမဲ့ တိုးတက်မှု နှေးတာတော့ရှိတာပေါ့လေ'' ဆိုပြီး လေယာဥ်ပေါ် မတက်ခင် သတင်းထောက်တွေကို ပြောပါတယ်။
''အစ္စရေးရော၊ လက်ဘနွန်ရော လုံခြုံဘေးကင်းအောင် လုပ်ရေး ကျွန်တော်တို့ ကြိုးပမ်းမှာပါ။ ဒါကပဲ အခြေခံရည်မှန်းချက်ဖြစ်ပါတယ်။ ဒေသတစ်ခုလုံး လုံခြုံ ဘေးကင်းဖို့ဖြစ်ပါတယ်'' လို့ သူက ဆက်ပြောပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ အစ္စမေ ဘာဟာအီ ကတော့ ''တစ်ဖက်က ကတိကဝတ်တွေ တည်ဖို့ကို အီရန်ဘက်က တောင်းဆိုသွားဖို့ရှိတယ်'' လို့ ပြောပါတယ်။
အဲဒီဆွေးနွေးပွဲကို ပါကစ္စတန် ဝန်ကြီးချုပ် ရှဘတ်ဇ် ရှာရစ်လည်း တက်ရောက်မယ်လို့ ဝန်ကြီးချုပ်ရုံးက ဘီဘီစီကို အတည်ပြုပါတယ်။ ပါကစ္စတန်ဟာ စစ်ပွဲမှာ ကြားဝင်ညှိနှိုင်းပေးသူအဖြစ်ပါဝင်နေတာဖြစ်ပြီး အမေရိကန်နဲ့ အီရန်တို့ကြားက အရင်ညှိနှိုင်းမှုတွေကို အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးခဲ့ပြီးဖြစ်ပါတယ်။
အခုသီတင်းပတ်အစောပိုင်းတုန်းကတော့ အမေရိကန်နဲ့ အီရန်သမ္မတ တို့ဟာ လက်ဘနွန်အရေးအပါအဝင် စစ်ပွဲအဆုံးသတ်ဖို့ရှည်ရွယ်တဲ့ ကနဦးသဘောတူညီချက်ကို လက်မှတ်ထိုးခဲ့ကြပြီးဖြစ်ပါတယ်။
လာမယ့်ရက်ပေါင်း ၆၀ အတွင်း နောက်ဆုံးသဘောတူညီချက် ရရှိရေး လုပ်ဆောင်ဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။
ချင်းရိုင်မှာ ဆောက်လက်စ ရထားဥမင်ထဲ ငြမ်းပြိုကျလို့ မြန်မာ ၁ ဦးအပါ ၂ ဦးသေဆုံး
ထိုင်းနိုင်ငံမြောက်ပိုင်းက ချင်းရိုင်ခရိုင်ထဲမှာ ဆောက်လက်စ ရထားလမ်း ဥမင်လိုဏ်ခေါင်း တစ်နေရာမှာ မနေ့က ငြမ်းပြိုကျခဲ့တာကြောင့် သေဆုံးတဲ့ အလုပ်သမား ၂ ဦးထဲမှာ ၁ ဦးက မြန်မာနိုင်ငံသားဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
ရထားဥမင်လိုဏ်ခေါင်းရဲ့ ငြမ်းပြိုကျခဲ့တဲ့နေရာဟာ လာအိုနယ်စပ်အထိဆက်မယ့် ဒန်ချိုင်-ချင်းရိုင်-ချန်ကိုင်း မီးရထားလမ်း အစိတ်အပိုင်းမှာဖြစ်ပွားခဲ့တာပါ။
ထိုင်းမီးရထားဌာနကတော့ သေဆုံးသူ မြန်မာနိုင်ငံသားဟာ အသက် ၂၉ နှစ်အရွယ် ကိုတူးဆိုသူဖြစ်ပြီး နောက်တစ်ဦးက ကန်ချနဘူရီခရိုင်မှာ နေထိုင်သူလို့ ပြောပါတယ်။
ထိုင်းသတင်းတွေမှာတော့ ရထားလမ်း ရေလုံအောင်လုပ်နေရင်း ငြမ်းပြိုကျခဲ့မှုမှာ နောက်ထပ် ဒဏ်ရသူ ၇ ဦးရှိပြီး အဲဒီထဲက ၃ ဦးဟာ စိုးရိမ်ရတဲ့အခြေအနေလို့ ဆိုပါတယ်။
သေဆုံးသူနဲ့ ဒဏ်ရာရသူတွေကို အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့တွေ၊ ရဲတပ်ဖွဲ့နဲ့ တာဝန်ရှိသူတွေက ဆေးရုံကို ပို့ဆောင်ခဲ့ပြီး ဒီဖြစ်စဉ်ကို မတော်တဆမှုအဖြစ် သတ်မှတ်ထားတယ်လို့လည်း ရေးသားဖော်ပြပါတယ်။
အခုတော့ အာဏာပိုင်တွေက ဒီဖြစ်စဥ်ကို စုံစမ်းဖို့ လုပ်ငန်းခွင်ကို ၂ ရက်ကြာ ပိတ်ထားခိုင်းလိုက်ပြီဖြစ်ပါတယ်။
ထိုင်းမီးရထားဌာနကတော့ အခုဖြစ်စဥ်မှာ ထိခိုက်သေဆုံးသူတွေအတွက် ဝမ်းနည်းကြောင်းပြောသလို ထိုင်းအာဏာပိုင်တွေကလည်း နစ်နာသူတွေအတွက် အကူအညီနဲ့ နစ်နာကြေးပေးဖို့ဖို့ရှိတယ်လို့ဆိုပြီး ထိုင်းသတင်းတွေက ဖော်ပြပါတယ်။
ခမ်းပတ် မြို့ပေါ်မှာ စစ်တပ်နဲ့ PDF တိုက်ပွဲဆက်ရှိ
အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးလမ်းဖြစ်တဲ့ ကလေး-တမူးလမ်းပေါ်မှာရှိတဲ့ ခမ်းပတ်မြို့ကို စစ်တပ်က ထိန်းချုပ်လိုက်ပြီလို့ ထုတ်ပြန်လာပေမဲ့ မြို့ပေါ်မှာ တိုက်ပွဲတွေ ဆက်ရှိနေတယ်လို့ တမူးအခြေစိုက် တော်လှန်ရေးတပ်တွေနဲ့ နီးစပ်သူတစ်ယောက်က ပြောပါတယ်။
ခမ်းပတ်မြို့ထဲက အမှတ် ၁ နဲ့ အမှတ် ၂ ရပ်ကွက်တွေထဲမှာ ထိတွေ့တိုက်ပွဲတွေဟာ ဒီနေ့မနက်ပိုင်းအထိ ဆက်ဖြစ်နေတယ်လို့ သူက ပြောပါတယ်။
စစ်တပ်ကတော့ ခမ်းပတ်မြို့ကို မနေ့ ဇွန်လ ၂၀ ရက်ကတည်းက ပြန်သိမ်းလိုက်ပြီလို့ သတင်းထုတ်ပါတယ်။
ခမ်းပတ်မြို့ဟာ ကလေး–တမူး လမ်းကြောင်းပေါ်မှာရှိတဲ့ အရေးပါတဲ့ အချက်အချာမြို့တစ်ခုဖြစ်ပြီး အိန္ဒိယနယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပြန်လည်အသုံးပြုနိုင်ရေးအတွက် ဗျူဟာမြောက် အရေးပါနေပါတယ်။
ခမ်းပတ်မြို့ကို အမျိုးသား ညီညွတ်ရေးအစိုးရ(NUG) လက်အောက် ပြည်သူ့ကာကွယ်ရေးတပ်(PDF)နဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှာ သိမ်းခဲ့တာပါ။
နေပြည်တော် သမ္မတ ဦးမင်းအောင်လှိုင်က အိန္ဒိယနိုင်ငံကို သွားရောက်တဲ့ခရီးစဉ်မှာ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ ကုန်သွယ်ရေး လမ်းကြောင်းပြန်ဖွင့်ဖို့ လုပ်ဆောင်မယ့်အကြောင်း ပြောကြားခဲ့အပြီး အခု ဇွန်လဆန်းပိုင်းကစလို့ ကလေး-တမူးလမ်းကြောင်းကို ထိန်းချုပ်ဖို့အတွက် ကြိုးစားလာတာပါ။
စစ်တပ်ကတော့ ကလေး-တမူးလမ်းကြောင်းတလျှောက်က အရှေ့ခုံသာ၊ ၅၅မိုင်၊ ၅၆ မိုင်၊ ကျေးရွာတွေကို ကလေးမြို့က စစ်ကြောင်းက ထိန်းချုပ်ခဲ့သလို တမူးမြို့က စစ်ကြောင်းကလည်း နန်းမွတ်တားရွာ၊ ရန်လင်းပိုင်ရွာနဲ့ အိန္ဒိယ-မြန်မာနယ်စပ်က တော်လှန်ရေးစခန်းတို့ကိုလည်း ရရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ရာဇဂြိုဟ်ရွာနဲ့ ရေလှောင်တမံ၊ ရန်မျိုးအောင်ရွာ၊ စော်ဘွားရေရှင်ရွာ၊ ကျွန်းတောရေရှင်ရွာ၊ ခွန်နိုင်း၊ နန်းခေါက်ခေါက်ရွာတို့ကို ရရှိခဲ့သလို ဇွန် ၂၀ ရက်မှာတော့ ခမ်းပါတ်မြို့ကို သိမ်းပိုက်ခဲ့တာလို့လည်း ထုတ်ပြန်ချက်မှာ ပြောပါတယ်။
ဒေသတွင်းအခြေအနေသိရှိသူတဲ့တမူးဒေသခံ တစ်ဦးကတော့ စစ်တပ်က စစ်ကြောင်းထိုးတာတွေတင်မကဘဲ လေကြောင်းကနေပါ ဗုံးကြဲတာတွေ ရှိခဲ့တာကြောင့် အရပ်သား ၄ ယောက်ထက်မနည်း သေဆုံးတာတွေ ရှိခဲ့သလို ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံ တစ်သောင်းကျော် စစ်ဘေးရှောင်နေရတယ်လို့ ပြောပါတယ်။
ခမ်းပတ်မြို့ကို စစ်တပ် ပြန်ထိန်းချုပ်တယ်ဆိုတဲ့သတင်းနဲ့ပတ်သက်ပြီး ဘီဘီစီက ခမ်းပါတ်မြို့သိမ်း တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ တမူးခရိုင် တပ်ရင်း ၂ ကို ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။
စစ်တပ်ကတော့ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ ကလေး-တမူးကားလမ်းကို စစ်တပ်က ထိန်းချုပ်သွားပြီးနောက် အမြန်ဆုံး ပြန်ဖွင့်ဖို့ ကြိုးစားနေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။