ဖေဖော်ဝါရီ ၂၂ ရက် နိုင်ငံတဝန်းသတင်း အနှစ်ချုပ် - FATF ရဲ့ အမည်ပျက်စာရင်းထဲ မြန်မာဆက်ရှိ

ဓာတ်ပုံ ရင်းမြစ်, Getty Images
နိုင်ငံတကာငွေကြေးခဝါချမှုစောင့်ကြည့်ရေးအဖွဲ့ (FATF) ရဲ့ အမည်ပျက်စာရင်း (Black List) ထဲ မြန်မာ ဆက်ရှိနေပြီး လာမယ့်ဇွန်လအထိတိုးတက်မှုမရှိရင် ထပ်မံအရေးယူတာတွေ ချမှတ်မယ်လို့ တရားဝင် ထုတ်ပြန်ပါတယ်။
ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ FATF ရဲ့ မျက်နှာစုံညီအစည်းအဝေးကို ဖေဖော်ဝါရီ ၁၇ ရက်ကနေ ၂၁ ရက်အထိ ကျင်းပခဲ့ပြီး စစ်ကောင်စီရဲ့ ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေလည်း တက်ရောက်ခဲ့ပါတယ်။
မြန်မာမှာငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုနဲ့ လူအများအပြားသေကျေစေတဲ့ လက်နက်တွေပြန့်ပွားအောင် ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းတွေကို နိုင်ငံတကာစံနှုန်းတွေ၊ FATF အကြံပြုချက်တွေနဲ့အညီ အကောင်အထည်ဖော်ဆောင်ရွက်နေတယ်လို့ ဒေါ်သန်းသန်းဆွေက အစည်းအဝေးမှာ တင်ပြခဲ့ပါတယ်။
ဒါအပြင် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်နိုင်ဖို့ဆောင်ရွက်နေသလို ၂၀၂၄ - ၂၀၂၈ အတွက် အမျိုးသားအဆင့်မဟာဗျူဟာကိုရေးဆွဲပြီး ဆောင်ရွက်နေတယ်လို့လည်း ဗဟိုဘဏ်ဥက္ကဋ္ဌက တင်ပြခဲ့တယ် လို့ ဒီနေ့ထုတ်သတင်းစာမှာဖော်ပြပါတယ်။
ဒါကြောင့် ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်ကုန်မှာ FATF ကအကောင်အထည်ဖော်ခိုင်းတဲ့ထဲကကျန်ရှိတဲ့အစီအမံတွေ ကို လိုက်နာဖို့ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။
ဒါပေမဲ့ အကောင်အထည်ဖော်တာတွေဟာနှေးကွေးတယ်လို့ FATF ရဲ့ ဖေဖော်ဝါရီ ၂၁ ရက်ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
FATF အဖွဲ့ဝင်နိုင်ငံတွေနဲ့ အခြားနိုင်ငံတွေကိုလည်း မြန်မာနဲ့ပတ်သက်ပြီး သတိထားစစ်ဆေးမှုတွေချမှတ်ဖို့ တိုက်တွန်းထားပါသေးတယ်။
သုံးရက်အတွင်း ရွှေကုက္ကိုက တရုတ်ခြောက်ရာကျော် ပြန်လွှဲပေး

ဓာတ်ပုံ ရင်းမြစ်, CINCDS
ကရင်ပြည်နယ် မြဝတီ၊ ရွှေကုက္ကို နဲ့ KK Park တို့မှာ ကျားဖြန့် (အွန်လိုင်းငွေလိမ်လုပ်ငန်း) လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားတွေကို သုံးရက်အတွင်း ၆၁၁ ဦး ပြန်လွှဲပေးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီ ၂၀ ရက်မှာ အယောက် ၂၀၀၊ ၂၁ ရက်မှာ အယောက် ၃၀၀ နဲ့ ဒီနေ့ မှာ ၁၁၁ ယောက် လွှဲပေးခဲ့တာဖြစ်ပါတယ်။
နယ်ခြားစောင့်တပ် (BGF) က မဲဆောက်ဘက်ခြမ်းကို လွှဲပြောင်းပေးပြီး တရုတ်ကလေယာဉ်နဲ့ နေ့တွင်းချင်း ပြန်လည်ခေါ်ယူနေတယ်လို့ ထိုင်းဘက်ကလာတဲ့ သတင်းတွေအရ သိရပါတယ်။
မဲဆောက်မြို့အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ တရုတ်ရဲ့ လေယာဉ်တွေဆက်တိုက်ဆင်းသက်ပြီး လွှဲပြောင်းပေးနေတာ ဒီနေ့ဆိုရင် သုံးရက်မြောက်ရှိပြီဖြစ်ပါတယ်။
ဒီနေ့မှာ လေယာဉ် ၆ စင်း ဆင်းသက်မယ်လို့ သိရပေမဲ့ ၃ စင်းသာဆင်းသက်နိုင်ခဲ့တယ်လို့ ထိုင်းပြည်တွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ The Reporter က ဖော်ပြပါတယ်။
နှစ်ငါးလုံးလှုပ်ရှားမှု ရန်ကုန်မှာပြုလုပ်

ဓာတ်ပုံ ရင်းမြစ်, စမ်းချောင်းပင်မသပိတ်စစ်ကြောင်း
ဖေဖော်ဝါရီ ၂၂ ရက်မှာကျရောက်တဲ့ နှစ်ငါးလုံးနေ့လှုပ်ရှားမှုအဖြစ် ရန်ကုန်မြို့ပေါ်မှာ တော်လှန်ရေးလူငယ်တွေ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
စစ်ကောင်စီက လုံခြုံရေးတင်းကျပ်ထားတဲ့ ရန်ကုန်မြို့မှာ ဆန္ဒထုတ်ဖော်ရတာကြောင့် အန္တရာယ် ကြားက လှုပ်ရှားခဲ့ရတယ်လို့ စမ်းချောင်းပင်မသပိတ်စစ်ကြောင်းကနေ သိရပါတယ်။
ရန်ကုန်ပြည်သူတွေနဲ့အတူ တော်လှန်ရေးအင်အားစုတွေရှိတယ်ဆိုတာ ပြသချင်တာကြောင့် အခုလို လှုပ်ရှားတာလို့လည်း ဆိုပါတယ်။
"လှုပ်ရှားမှုပြီးတဲ့အချိန်မှာ အဲ့နေရာတဝိုက်ကို လုံခြုံရေးတိုးမြှင့်ထားပါတယ်။ အရပ်ဝတ်အင်အားပိုပြီး သုံးနေတာကိုတွေ့ရပါတယ်ဗျ" လို့ ရန်ကုန်မြို့မှာ တော်လှန်ရေးလှုပ်ရှားတဲ့ ကိုပီတာက ပြောပါတယ်။
လက်ရှိပြည်သူတွေကြုံနေရတဲ့ အထွေထွေကျပ်တည်းမှု၊ ကိုယ်စိတ်မလုံခြုံမှု၊ အဓမ္မစစ်သားစုဆောင်းခံရမှု၊ ဖိနှိပ်ခံရမှုတွေဟာ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ လက်အောက်ခံတွေကြောင့်လို့ နှစ်ငါးလုံးနေ့လှုပ်ရှားမှုအဖြစ် စမ်းချောင်းပင်မသပိတ်စစ်ကြောင်းရဲ့ ထုတ်ပြန်စာမှာ ဖော်ပြပါတယ်။
စစ်ကို ဆက်လက်ဆင်နွှဲမယ်လို့ စစ်ခေါင်းဆောင်ပြော

ဓာတ်ပုံ ရင်းမြစ်, CINCDS
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
စစ်ကို ဆက်ဆင်နွှဲသွားမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဗထူးဗိုလ်သင်တန်းကျောင်း သင်တန်းဆင်းပွဲ မိန့်ခွန်းမှာ ထည့်ပြောခဲ့ပါတယ်။
ဖေဖော်ဝါရီ ၂၁ ရက်တုန်းက ရှမ်းပြည်နယ်တောင်ပိုင်း၊ ဗထူးတပ်မြို့ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရောက်ရှိခဲ့ပြီး တိုက်ခိုက်ရေးကျောင်းက သင်တန်းသားတွေနဲ့တွေ့ဆုံတာအပြင် ဗိုလ်လောင်းသင်တန်း ဆင်းပွဲလည်း တက်ခဲ့ပါသေးတယ်။
"သင်ကြားပို့ချပေးတဲ့ စစ်နည်းဗျူဟာတွေ၊ စစ်အခြေခံသဘောတရားတွေကို အမှန်တကယ်သိရှိနားလည် တတ်ကျွမ်းမှုရှိအောင် သင်ယူလေ့လာသွားကြဖို့ လိုပြီး လက်တွေ့စစ်မြေပြင်မှာ အကျိုးရှိရှိအသုံးချနိုင်ရ မယ်" လို့ သူက ပြောပါတယ်။
လက်ရှိခေတ်ဟာ နည်းပညာခေတ်ဖြစ်တာကြောင့် ပြောင်းလဲတိုးတက်နေတဲ့ နည်းပညာရပ်တွေနဲ့ စစ်နည်းဗျူဟာတွေကို မျက်ခြေမပြတ်သိရှိနေရမယ်လို့ ဗထူးမြို့ တိုက်ခိုက်ရေးကျောင်းက သင်တန်းသား အရာရှိတွေနဲ့ တွေ့ဆုံချိန်မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
''ပုံမှန်ဆို ဗထူးကျောင်းဆင်းပွဲတွေက ဧပြီမှ လုပ်တာ။ အခု စောဆင်းတယ်။ အရာရှိလိုအပ်ချက်ရှိနေပုံပဲ'' လို့ စစ်ရေးအကဲခတ်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။
စိတ်ဓာတ်ကြံ့ခိုင်မှုရှိရင် လုပ်ငန်းတွေကို ရာနှုန်းပြည့်အောင်မြင်အောင် ထမ်းဆောင်နိုင်မှာဖြစ်ပြီး တစ်ဦးချင်း စိတ်ဓာတ်ခိုင်မာမှု၊ ယုံကြည်ချက်၊ ခံယူချက်ကောင်းတွေနဲ့ နိုင်ငံကာကွယ်ရေးတာဝန်တွေကို ထမ်းဆောင်ရ မယ်လို့ စစ်ခေါင်းဆောင်က ထည့်ပြောခဲ့ပါတယ်။
တပ်မတော် (ကြည်း) ရဲ့ သင်တန်းကျောင်းတွေရှိတဲ့ ဗထူးတပ်မြို့ဟာ တအာင်းတပ် (TNLA) နဲ့ စစ်ကောင်စီ တပ်ကြားတိုက်ပွဲပြင်းထန်နေတဲ့ တောင်ခမ်းမြို့နဲ့ မိုင် ၈၀ အကွာမှာရှိပါတယ်။
တောင်ခမ်းတိုက်ပွဲတွေကို ရပ်စောက်၊ ဗထူးတကြောကတဆင့် စစ်ကူတွေပေးပို့နေတယ်လို့လည်း တော်လှန်ရေးတပ်တွေဆီက သိရပါတယ်။
ဒီဗထူးခရီးစဉ်အတွင်း ရှမ်းပြည်နယ်အခြေစိုက် စစ်ဌာနချုပ်တွေဖြစ်တဲ့ အရှေ့ပိုင်းတိုင်း၊ အရှေ့အလယ်ပိုင်းတိုင်း နဲ့ တြိဂံဒေသတိုင်းတို့က တိုင်းမှူးတွေပါ ရောက်ရှိလာပြီး စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့ကြပါတယ်။
တောင်ခမ်းတိုက်ပွဲ ဘာကြောင့်အရေးကြီးလဲ

ဓာတ်ပုံ ရင်းမြစ်, TNLA
တောင်ခမ်းဟာ တော်လှန်ရေးအင်အားစုတွေ ခြေကုပ်ယူထားတဲ့ ရှမ်းမြောက် နဲ့ ရှမ်းတောင်ကို ချိတ်ဆက် ပေးနိုင်လို့ TNLA အတွက်အရေးပါသလို ဓနုဒေသကို ထိုးဖောက်ဝင်ရောက်ရေးအတွက်လည်း အဓိကကျနေပြန်ပါတယ်။
ဘာကြောင့်လဲဆိုတော့ တောင်ခမ်း စစ်မျက်နှာပြင်မှာ TNLA တပ်တွေအပြင် ဓနုပြည်သူ့လွတ်မြောက်ရေး တပ်တော် (DPLA) ပါ ပူးပေါင်းပါဝင်နေတာကြောင့်ပါ။
၂၀၂၃ ခုနှစ် ဇူလိုင် (၃၀) ရက်တုန်းကမှ ဖွဲ့စည်းထားကြောင်းတရားဝင်ထုတ်ပြန်ထားတဲ့ DPLA တပ်ဟာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းရဲ့ နောင်ချိုတိုက်ပွဲတလျှောက် ပါဝင်နေခဲ့သလို တောင်ခမ်းတိုက်ပွဲကို စစ်ကူလာတဲ့ စစ်ကောင်စီတပ်တွေကို ဖြတ်တောက်ရေးတာဝန်လည်း အဓိကယူထားပြန်ပါတယ်။
တောင်ခမ်းတိုက်ပွဲ တစ်လကျော်ကာလအတွင်း ရပ်စောက်မြို့နယ်၊ ကျောက်ဂူရွာဘက်ကနေ စစ်ကောင်စီတပ်အင်အားအယောက် (၆၀၀) ကျော်ဖြည့်တင်းထားခဲ့ပြီလို့ TNLA ရဲ့ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလစာရင်းအရသိရပါတယ်။
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ တတိယအပတ်မှာတော့ တောင်ခမ်းမှာတိုက်ပွဲပြန်လည်ပြင်းထန်နေပါတယ်။
"ကျောက်ဂူဘက်ကတော့ ငြိမ်နေပါတယ်" လို့ စစ်ရေးအရင်းအမြစ်တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ ဗထူးတပ်မြို့ဟာ ရပ်စောက် နဲ့ (၄) မိုင်အကွာမှာ မြို့ခံတပ်သဖွယ်တည်ရှိနေတဲ့အကြောင်း ဒီဆောင်းပါး မှာ ပြန်လည်ဖတ်ရှုနိုင်ပါပြီ။
အာဆီယံအတွင်းရေးမှူးချုပ် နဲ့ အထူးကိုယ်စားလှယ် မြန်မာ့အရေးတွေ့ဆုံဆွေးနွေး

ဓာတ်ပုံ ရင်းမြစ်, ASEAN
အာဆီယံအထွေထွေအတွင်းရေးမှူးချုပ် ဒေါက်တာ ကာအိုကင်ဟွမ်း နဲ့ အလှည့်ကျဥက္ကဋ္ဌ မလေးရှားနိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် မစ္စတာ အော့မန်းဟာရှင် တို့ ဖေဖော်ဝါရီ ၂၁ ရက်က တွေ့ဆုံပြီး မြန်မာ့အရေးဆွေးနွေးခဲ့ကြပါတယ်။
အတွင်းရေးမှူးချုပ်နဲ့တွေ့ဆုံချိန်အတွင်း မြန်မာကိုလူသားချင်းစာနာထောက်ထားမှုအကူအညီပေးဖို့ဆိုတဲ့ အချက်ပါဝင်တဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ရေးအတွက် မြှင့်တင်ဆောင်ရွက် ရမယ့် အခြေအနေတွေနဲ့ပတ်သက်ပြီး အမြင်ချင်းဖလှယ်ခဲ့ကြတယ်လို့ အာဆီယံရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါ တယ်။
အာဆီယံရုံးချုပ်ရှိရာ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာတွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် မစ္စတာ အော့မန်းဟာရှင် ဟာ ဖေဖော်ဝါရီလ ၆ ရက်နေ့က နေပြည်တော်ကိုသွားရောက်ခဲ့ပါသေးတယ်။
စစ်ကောင်စီဘက်ကတော့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားနိုင်ငံရဲ့ အာဆီယံအထူးကိုယ်စားလှယ် လာရောက်တဲ့ခရီးစဉ်အကြောင်း ထုတ်ပြန်ခဲ့တာမရှိပါဘူး။
သူ့ရဲ့နေပြည်တော်ခရီးစဉ်ပြီးနောက် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ တော်လှန်ရေးအင်အားစုတွေဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ၊ ချင်းအမျိုးသားတပ်ဦး (CNF) တို့နဲ့လည်း တွေ့ဆုံခဲ့တာပါ။
တစ်လအတွင်းမှာပဲ အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်နဲ့ အခုလိုမြန်မာ့အရေးဆွေးနွေးလာတာလည်း ဖြစ်ပါတယ်။








