KIA စစ်ဗျူဟာအတွက် အရေးကြီးတဲ့ မိုးမိတ်ကို စစ်တပ်က ထိန်းချုပ်ဖို့ ကြိုးပမ်း

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images
ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးမိတ်မြို့မှာ ၁၀ လနီးပါးကြာ တိုက်ပွဲတွေ ငြိမ်သက်နေခဲ့ပြီးနောက် ဩဂုတ်ဒုတိယပတ်ကစလို့ ပစ်ခတ်သံတွေ ပြန်လည်ကျယ်လောင်လာပါတယ်။
မြန်မာစစ်တပ်က မိုးမိတ်မြို့ကို စစ်ရေးနယ်မြေချဲ့ထွင်နိုင်ဖို့ ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲတွေ ပြန်လည်ပြင်းထန်လာတာလို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။
အဲဒီနောက် မိုးမိတ်ရဲ့ နယ်မြေတချို့ကို ထိန်းချုပ်ထားတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ကချင်ပြည်သူ့ကာကွယ်ရေးတပ် (KPDF) ပူးပေါင်းတပ်တွေနဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲတွေ ပြင်းထန်လာတယ်လို့ ဆိုပါတယ်။
မိုးမိတ်မြို့ဟာ မန္တလေး–မြစ်ကြီးနား ဆက်သွယ်ရေးလမ်းကြောင်းပေါ်မှာ တည်ရှိပြီး ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်အကြား ဆက်သွယ်ရေးအတွက် အရေးပါတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ၂၀၂၅ ခုနှစ်နှောင်းပိုင်းမှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ မြန်မာစစ်တပ်တို့ တရုတ်ရဲ့ ကြားဝင်ဆောင်ရွက်မှုနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူခဲ့ပြီးနောက် TNLA က ပြန်လည်လွှဲပြောင်းပေးခဲ့တဲ့ မိုးမိတ်နဲ့ မိုးကုတ်မြို့နှစ်မြို့ထဲက တစ်မြို့လည်း ဖြစ်ပါတယ်။
ဒါပေမဲ့ TNLA ဆုတ်ခွာခဲ့ပေမဲ့ စစ်တပ်ဘက်က မြို့ကို အလုံးစုံ ထိန်းချုပ်နိုင်ခဲ့တာမရှိပါဘူး။
မိုးမိတ်ကို အလုံးစုံထိန်းချုပ်နိုင်ဖို့ စစ်တပ် ဘယ်လိုကြိုးပမ်းနေလဲ။ မိုးမိတ်ဒေသက KIA နဲ့ စစ်တပ်အတွက် စစ်ရေးအရ ဘယ်လိုအရေးပါလဲ။
စစ်ဆိုင်ထားကြတဲ့ မိုးမိတ်

ဓာတ်ပုံ ရင်းမြစ်, MDY PDF
မိုးမိတ်မြို့ကို အလုံးစုံထိန်းချုပ်နိုင်ရေး ကြိုးပမ်းနေတဲ့ မြန်မာစစ်တပ်က မြို့ပြင်ဘက်ကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတာကြောင့် အဲဒီမှာ တပ်စွဲထားတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကလည်း စစ်တပ်ဘက်က မိုးမိတ်ဒေသအတွင်း ထိုးစစ်ဆင်လာတာကြောင့် KIA နဲ့ ပူးပေါင်းတပ်တွေက ပြန်လည်ခုခံတဲ့အနေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဩဂုတ် ၁၂ ရက်မှာ ဘီဘီစီကို ပြောပါတယ်။
တစ်ချိန်တည်းမှာပဲ တိုက်ပွဲဖြစ်ပွားတဲ့ မိုးမိတ်မြို့ပြင်က ညောင်နီကျေးရွာအနီးကို စစ်တပ်က Mi-35 ရဟတ်ယာဉ်၊ တိုက်လေယာဉ်နဲ့ Y-12 လေယာဉ်တွေ အသုံးပြုပြီး လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တယ် လို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
"Mi-35 နဲ့ ဗုံးကြဲတာ၊ စက်လက်နက်နဲ့ ပစ်တာတွေရှိပါတယ်။ မြေပြင်တိုက်ပွဲလည်း ဖြစ်ပါတယ်" လို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
တိုက်ပွဲအတွင်း နှစ်ဖက်စလုံးက ဒရုန်းတွေ အသုံးပြုပြီး တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။ KIA ဘက်က ပစ်ခတ်မှုကြောင့် စစ်တပ်ဘက်က အရာရှိတစ်ဦး သေဆုံးခဲ့တယ်လို့ KIA နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
အဲဒီသေဆုံးမှုနဲ့ ပတ်သက်ပြီး ဘီဘီစီက KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကို မေးမြန်းခဲ့ရာမှာတော့ မြေပြင်က အသေးစိတ်အချက်အလက်တွေကို အတည်ပြုနိုင်ခြင်း မရှိသေးဘူးလို့ ဖြေကြားပါတယ်။
ဒီလို မြေပြင်စစ်ကြောင်းထိုးမှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ကြောင့် မြန်မာစစ်တပ်ဟာ မိုးမိတ်မြို့ပေါ် ထိန်းချုပ်မှုကို သာမက မြို့အပြင်ဘက်က KIA/PDF ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့နယ်မြေတွေကိုပါ ပြန်လည်ရယူဖို့ စစ်ရေးဖိအား တိုးမြှင့်နေတာလို့ နားလည်ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ဩဂုတ် ၁၂ ရက် မနက်ပိုင်းအထိ စစ်တပ်က တိုက်ပွဲဖြစ်ပွားခဲ့တဲ့ မိုးမိတ်မြို့ပြင်မှာ တော်လှန်ရေးတပ်တွေ အထိုင်ချထားတယ်လို့ ယူဆရတဲ့ နေရာတွေကို လေကြောင်းကနေ တိုက်ခိုက်နေတာကြောင့်ဗုံးကြဲသံတွေ ကြားနေရတယ်လို့ မိုးမိတ်ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
တိုက်ပွဲတွေအပြီးမှာတော့ စစ်တပ်က ညောင်နီနဲ့ ဘုရားကုန်းကျေးရွာတွေကို ထိန်းချုပ်လိုက်ပြီး ဘုရားကုန်းရွာမှာ တပ်စွဲထားတယ်လို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။
"အင်အားများတော့ ရွာတွေထဲ အတင်းဝင်လုံးပြီး ဘုရားကုန်းမှာ တပ်စွဲထားတယ်။ မြို့အပြင်မှာလည်း တော်လှန်ရေးတပ်တချို့ ဆက်ရှိနေပြီး စစ်ဆိုင်ထားကြတာ" လို့ အဲဒီသတင်းရင်းမြစ်က ဩဂုတ် ၁၂ ရက်မှာ ပြောပါတယ်။
မိုးမိတ်မြို့ပြင်မှာတော့ တော်လှန်ရေးတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေက နယ်မြေအလိုက် ခွဲခြားထိန်းချုပ်ထားကြတယ်လို့ သူက ပြောပါတယ်။
လက်ရှိ မိုးမိတ်စစ်ရေးနယ်မြေအတွင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ကချင်ပြည်သူ့ကာကွယ်ရေးတပ် (KPDF) နဲ့ NUG လက်အောက်ခံ တပ်ဖွဲ့တချို့အပြင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) နဲ့ ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့လို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေပါ လှုပ်ရှားနေတယ်လို့ သိရပါတယ်။
မိုးမိတ်က စစ်ရေးအရ ဘယ်လိုအရေးပါလဲ

ဓာတ်ပုံ ရင်းမြစ်, မိုးမိတ်မြို့နယ်သူ/သားများဆုံစည်းရာ
မိုးမိတ်ဒေသမှာ စစ်တပ်က နယ်မြေထိန်းချုပ်ဖို့ စစ်ရေးခြေလှမ်းတွေ ပြင်ဆင်လာတာကြောင့် တိုက်ပွဲတွေ ပြန်လည်ပြင်းထန်လာနိုင်တယ်လို့ ရှမ်းပြည်နယ်မြောက်ပိုင်း စစ်ရေးအခြေအနေကို လေ့လာနေသူတချို့က သုံးသပ်ပါတယ်။
KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက မိုးမိတ်ဟာ မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ဆုံတဲ့ မြို့ဖြစ်တာကြောင့် စစ်ရေးအရ အရေးပါတဲ့ နေရာတစ်ခုလို့ ပြောပါတယ်။
ဒါ့အပြင် KIA ထိန်းချုပ်ထားတဲ့ မဘိမ်းမြို့နဲ့ စစ်တပ်ထိန်းချုပ်ထားတဲ့ မိုးမိတ်၊ မိုးကုတ်မြို့တွေဟာ ဆက်စပ်နေတဲ့ နယ်မြေတွေဖြစ်တာကြောင့် မိုးမိတ်ဟာ KIA နဲ့ ပူးပေါင်းတပ်တွေအတွက် ဗျူဟာအရ အရေးပါတဲ့ နေရာတစ်ခု ဖြစ်တယ်လို့ သူက ဆိုပါတယ်။
မိုးမိတ်ဒေသဟာ KIA ရဲ့ အမှတ် ၃၄ တပ်ရင်း လှုပ်ရှားအခြေစိုက်တဲ့ နယ်မြေတစ်ခုလည်း ဖြစ်တယ်လို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
မိုးမိတ်ရဲ့ မြောက်ဘက် ၃၆ မိုင်ဝန်းကျင်အကွာမှာ မဘိမ်းမြို့ရှိပြီး ကားလမ်းအတိုင်း သွားရင် တစ်နာရီဝန်းကျင်သာ ကြာမြင့်တယ်လို့ သိရပါတယ်။
မိုးမိတ်အခြေစိုက် NUG တပ်ဖွဲ့ဝင်တစ်ဦးကတော့ မိုးမိတ်ကို စစ်တပ်က အပြည့်အဝ ထိန်းချုပ်နိုင်သွားရင် KIA ထိန်းချုပ်နယ်မြေတွေအတွက် စစ်ရေးအရ ခြိမ်းခြောက်မှု ပိုမိုကြီးမားလာနိုင်တယ်လို့ ပြောပါတယ်။
"ရွှေကူ၊ ဗန်းမော်၊ မံစီမြို့တွေဘက်ကို ထိုးစစ်ဆင်ဖို့ ခြေကုပ်ရသွားမယ်" လို့ သူက ဆိုပါတယ်။
တစ်ဖက်မှာလည်း မန္တလေးတိုင်းအတွင်း စစ်တပ်ထိန်းချုပ်ထားတဲ့ သပိတ်ကျင်း၊ စဉ့်ကူးနဲ့ မိုးကုတ်မြို့တွေဘက်ကနေ မိုးမိတ်ကို စစ်ကူပို့နိုင်တဲ့ လမ်းကြောင်းတွေ ရှိနေပြီးသားလို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
မိုးမိတ်ဒေသမှာ စစ်တပ်က နယ်မြေကို တဖြည်းဖြည်း ခြေကုပ်ယူပြီး ထိုးစစ်ဆင်လာနိုင်ရင် မန္တလေး–မြစ်ကြီးနား လမ်းကြောင်းတစ်လျှောက် တော်လှန်ရေးတပ်တွေရဲ့ လှုပ်ရှားနိုင်မှုကိုပါ ထိခိုက်လာနိုင်တယ်လို့ အဲဒီသတင်းရင်းမြစ်က သုံးသပ်ပါတယ်။
"စစ်တပ်က မိုးမိတ်တစ်ခွင်လုံး ခြေကုပ်မိမိရရယူပြီး ထိုးစစ်တွေ ဖော်လာရင် မန္တလေး–မြစ်ကြီးနား လမ်းပိုင်းတစ်ခုလုံးကို တော်လှန်ရေးတပ်တွေ လက်လွှတ်ရကိန်း ဆိုက်သွားနိုင်တယ်" လို့ သူက ပြောပါတယ်။
မိုးမိတ်ကို ရဖို့ စစ်တပ် ဘယ်လိုကြိုးပမ်းနေလဲ

ဓာတ်ပုံ ရင်းမြစ်, Shwe Phee Myay
မြန်မာစစ်တပ်က မိုးမိတ်ဒေသအတွင်း ရှမ်းပြည်တပ်မတော် (SSPP/SSA) ထိန်းချုပ်ထားတဲ့ နေရာတွေကနေ တပ်တွေ ဆုတ်ခွာပေးဖို့ ဖိအားပေးနေတယ်လို့ အခြေအနေကိုသိရှိတဲ့ ဘီဘီစီသတင်းရင်းမြစ်က ပြောပါတယ်။
ဒီလိုဖိအားပေးတာဟာ စစ်တပ်အနေနဲ့ မိုးမိတ်မြို့ပေါ်ဧရိယာကိုသာ ထိန်းချုပ်ထားနိုင်သေးတာကြောင့် မြို့ပြင်က နယ်မြေတွေမှာပါ ခြေကုပ်ယူနိုင်ဖို့ ကြိုးပမ်းတာလို့ မိုးမိတ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
"ကျည်ပေါက်နိုင်လောက်တဲ့ တင်းမာမှုဖြစ်လာပြီဆိုတာနဲ့ SSPP က သူထိန်းထားတဲ့နေရာတွေကနေ အရင်စဆုတ်ပေးလိုက်တော့တာ" လို့ သူက ပြောပါတယ်။
SSPP ကို တပ်ဆုတ်ပေးဖို့ စစ်တပ်ဘက်က ဖိအားပေးလာတဲ့ အချိန်ကာလဟာ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့ နေပြည်တော်အခြေစိုက် ငြိမ်းချမ်းရေးအဖွဲ့ (NSPNC) နဲ့ SSPP တို့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးပြီးနောက်ပိုင်း ဖြစ်လာတာလို့ သိရပါတယ်။
SSPP အနေနဲ့လည်း စစ်တပ်ရဲ့ ဖိအားပေးမှုကို လက်နက်ကိုင်နည်းနဲ့ တုံ့ပြန်တာထက် ဆွေးနွေးညှိနှိုင်းတဲ့နည်းလမ်းကို ဆက်လက်အသုံးပြုနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက သုံးသပ်ပါတယ်။
မိုးမိတ်မြို့ပြင်မှာ တိုက်ပွဲတွေရှိနေပေမဲ့ SSPP တပ်တွေအထိုင်ချထားခဲ့တဲ့ နေရာတွေမှာတော့ စစ်တပ်က တိုက်ပွဲမဖြစ်ဘဲတပ်စွဲနိုင်တဲ့ အခြေအနေရှိတယ်လို့ အဲဒီသတင်းရင်းမြစ်က ပြောပါတယ်။
"စစ်တပ်က အင်အားနဲ့ တိုးလာတိုင်းမှာ သူ (SSPP) က ဖယ်ဖယ်ပေးနေတော့ တော်လှန်ရေးဘက်က ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ပြန်ဆိုင်ဖို့ ပြင်ကြရတဲ့အခြေအနေ" လို့ သူက ရှင်းပြပါတယ်။
ဒီလို စစ်တပ်ဘက်က SSPP တပ်တွေကို နယ်မြေကနေ ဆုတ်ခွာဖို့ ဖိအားပေးမှုဟာ အခုမှ ဖြစ်လာတာမဟုတ်ဘဲ TNLA ထိန်းချုပ်ထားတဲ့ မိုးမိတ်မြို့ကို စစ်တပ်က ပြန်လည်ရယူချိန်တုန်းကလည်း အလားတူ ဖိအားပေးမှုတွေ ရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။
အဲဒီအချိန်ကတည်းက မိုးမိတ်ဒေသအတွင်းရှိ SSPP တပ်တွေကို နယ်မြေကနေ ထွက်ခွာပေးဖို့ စစ်တပ်ဘက်က ဖိအားပေးခဲ့တယ်လို့ အဲဒီသတင်းရင်းမြစ်တွေက ဆိုပါတယ်။
မိုးမိတ်ထဲက SSPP တပ်တွေကို စစ်တပ်က ဖိအားပေးဆုတ်ခိုင်းတဲ့အခြေအနေနဲ့ပတ်သက်လို့ ဘီဘီစီက SSPP ပြောရေးဆိုခွင့်ရှိသူကို ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖြေကြားခြင်းမရှိပါဘူး။

ဓာတ်ပုံ ရင်းမြစ်, CJ
SSPP ဟာ TNLA က မိုးမိတ်ဒေသကို ထိန်းချုပ်ထားခဲ့ချိန်ကတည်းက မိုးဟောက်ကျေးရွာနဲ့ အနီးတဝိုက်မှာ တပ်စွဲထားခဲ့ပြီး ဒေသခံတွေအတွက် လုံခြုံရေးတာဝန်ယူပေးခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။
မိုးမိတ်မြို့ကို TNLA နဲ့ ပူးပေါင်းတပ်တွေက ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအတွင်း ၂၀၂၄ ခုနှစ် ဇူလိုင်လကုန်ပိုင်းမှာ သိမ်းပိုက်ခဲ့ပြီး တစ်နှစ်ခွဲနီးပါး ထိန်းချုပ်ခဲ့တာ ဖြစ်ပါတယ်။
တရုတ်ရဲ့ ကြားဝင်ဆောင်ရွက်မှုနဲ့ TNLA နဲ့ စစ်တပ်တို့ အပစ်အခတ်ရပ်စဲရေး သဘောတူပြီးနောက် TNLA က မိုးမိတ်အပြင် မန္တလေးတိုင်းထဲက မိုးကုတ်မြို့ကိုပါ စစ်တပ်ထံ ပြန်လည်လွှဲပေးခဲ့ပါတယ်။
အဲဒီမြို့တွေကို လွှဲပြောင်းချိန်မှာ TNLA နဲ့ ဆက်နွှယ်တဲ့ တော်လှန်ရေးတပ်ဖွဲ့တချို့နဲ့လည်း တိုက်ပွဲမဖြစ်အောင် ကြိုတင်ညှိနှိုင်းမှုတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။
ဒါပေမဲ့ မိုးမိတ်ဒေသမှာ TNLA ဆုတ်ခွာပြီးနောက် နယ်မြေထိန်းချုပ်ရေး အခြေအနေက တည်ငြိမ်မသွားဘဲ SSPP နဲ့ စစ်တပ်ကြား တင်းမာမှုတွေ ဆက်ရှိနေခဲ့ပါတယ်။
မိုးဟောက်ကျေးရွာမှာလည်း ဩဂုတ်လ ပထမပတ်အတွင်း စစ်တပ်နဲ့ SSPP တပ်တွေကြား တင်းမာမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
မိုးဟောက်ကျေးရွာကနေ စတင်ပြီး မိုးမိတ်မြို့နယ်အတွင်း လမ်းမကြီးတစ်လျှောက်ရှိ SSPP ရဲ့ ဂိတ်စခန်းတွေကို ဖယ်ရှားပေးဖို့ စစ်တပ်က ပြီးခဲ့တဲ့လတွေကတည်းက တောင်းဆိုနေခဲ့တာလို့ မိုးမိတ်ဒေသခံတစ်ဦးက ပြောပါတယ်။
ဩဂုတ်လအတွင်းမှာလည်း မိုးဟောက်ကျေးရွာက ဒေသခံနေအိမ်နှစ်လုံးကို SSPP နဲ့ ဆက်နွှယ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်တပ်က ဖြိုဖျက်ဖျက်ဆီးတာတွေ ရှိခဲ့တယ်လို့ အဲဒီဒေသခံက ဆိုပါတယ်။
နောက်ဆုံးမှာတော့ ဩဂုတ်လ ဒုတိယပတ်အတွင်း မိုးဟောက်ကျေးရွာက SSPP ဂိတ်စခန်းတွေ ဆုတ်ခွာပေးခဲ့တယ်လို့ သူက ပြောပါတယ်။
















