အီရန်ခြိမ်းခြောက်လို့ အစားအသောက်တင်ကားနဲ့ လျှို့ဝှက်ရွှေ့ပြီး ထရမ့် လေယာဉ်ပြောင်းစီးရ

A catering truck parked alongside the old Air Force One jet prior to departure from Ankara

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images

ဓာတ်ပုံ ပုံစာ, အန်ကာရာကနေ ထွက်ခွာမယ့် Air Force One လေယာဥ်အဟောင်းဘေးမှာ အစားအသောက်တင်တဲ့ကားတွေ ရပ်ထားတာကို တွေ့ရပါတယ်။
    • ရေးသားသူ, ဂျက်စီကာ ရောန်ဇ်လီ
  • ရေးသားခဲ့သည်။
  • ဖတ်ရန်အချိန်: မိနစ် ၄

ပြီးခဲ့တဲ့လက တူရကီနိုင်ငံမှာ ကျင်းပတဲ့ နေတိုးထိပ်သီးအစည်းအဝေးကနေ ပြန်ထွက်ချိန်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အီရန်ဘက်က လာတဲ့ ခြိမ်းခြောက်မှုကြောင့် လေယာဉ်ကို လျှို့ဝှက်ပြောင်းစီးခဲ့တယ်လို့ အမေရိကန်မီဒီယာတွေက ဖော်ပြပါတယ်။

ဝါရှင်တန်ပို့စ်ရဲ့ ဖော်ပြချက်အရ ထရမ့်ဟာ ရုပ်မြင်သံကြားကင်မရာတွေ မြင်နိုင်တဲ့နေရာမှာ Air Force One ပေါ် တက်သွားခဲ့ပေမယ့် မကြာခင်မှာ လေဆိပ်က အစားအသောက်တင်တဲ့ကားထဲကို လျှို့ဝှက်ပြောင်းရွှေ့ပြီး စစ်ဘက်သုံးလေယာဉ်တစ်စင်းဆီ သွားခဲ့တာပါ။

အဲဒီအချိန်မှာ သတင်းထောက်တွေနဲ့ အိမ်ဖြူတော်ဝန်ထမ်းတချို့က ထရမ့်ဟာ သမ္မတရဲ့ အဲဖို့စ်ဝမ်း - Air Force One လေယာဥ်ပေါ်မှာပဲ လိုက်ပါလာတယ်လို့ ယူဆနေခဲ့ကြပါတယ်။

ဘီဘီစီရဲ့ အမေရိကန်မိတ်ဖက် CBS News ကို အမေရိကန်အရာရှိတွေက ပြောတာမှာတော့ အမေရိကန်ထောက်လှမ်းရေးတွေက ထရမ့်လိုက်ပါမယ့် လေယာဉ်ကို အီရန်ဘက်က ဒုံးကျည်နဲ့ ပစ်ခတ်ဖို့ ယုံကြည်ရလောက်တဲ့ ခြိမ်းခြောက်မှုတစ်ခု ရှိနေတယ်ဆိုတာ သိရှိထားခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အိမ်ဖြူတော်ဘက်ကတော့ လေယာဉ်လျှို့ဝှက်ပြောင်းစီးခဲ့တဲ့ ဖြစ်စဉ်ကို အတည်ပြုထားခြင်း မရှိသေးပါဘူး။ ထရမ့်ဟာ အန်ကာရာမှာ ပြုလုပ်တဲ့ နေတိုးအစည်းအဝေးအတွင်း သူ့ကိုယ်သူ အီရန်ရဲ့ "နံပါတ်တစ် ပစ်မှတ်" ဖြစ်တယ်လို့လည်း ပြောထားပါတယ်။

ဒီလို လျှို့ဝှက်ပြီး လေယာဉ်ပြောင်းစီးခဲ့တာဟာ အမေရိကန်နဲ့ အီရန်ကြား စစ်ပွဲရပ်ဖို့ ဆွေးနွေးမှုတွေ ပျက်သွားပြီးနောက် အမေရိကန်က အီရန်ကို စစ်ရေးတိုက်ခိုက်မှုတွေ ပြန်လည်လုပ်ဆောင်ခဲ့တဲ့ နောက်တစ်ရက်မှာ ဖြစ်ခဲ့တာပါ။

ထရမ့်ဟာ တူရကီကို ရောက်လာတုန်းကတော့ ကာတာက လက်ဆောင်ပေးထားတဲ့ Boeing 747-8 လေယာဉ်သစ်နဲ့ ရောက်လာခဲ့တာပါ။ ဒါပေမယ့် ပြန်ထွက်တဲ့အခါမှာတော့ "အရင်ကလိုပဲ" ဆိုတဲ့သဘောနဲ့ Air Force One အဟောင်းနဲ့ ပြန်မယ်လို့ ပြောထားပါတယ်။

ဇူလိုင် ၈ ရက်မှာ ထရမ့်က အန်ကာရာလေဆိပ်မှာ သမ္မတသုံးလေယာဉ်ပေါ် တက်သွားတဲ့ပုံတွေ ထွက်လာပါတယ်။ ဒါပေမယ့် ဝါရှင်တန်ပို့စ်ရဲ့ ဖော်ပြချက်အရ အဲဒီနောက်မှာ ထရမ့်ကို ပိုသေးတဲ့ C-32A စစ်ဘက်သုံးလေယာဉ်ဆီ လျှို့ဝှက်ခေါ်သွားခဲ့ပါတယ်။ အဲဒီလေယာဉ်က ဒုတိယသမ္မတတွေ မကြာခဏ အသုံးပြုတဲ့ Boeing 757 ကို ပြုပြင်မွမ်းမံထားတဲ့ လေယာဉ်ပါ။

ထရမ့်ကို လေယာဉ်ပေါ်တက်ခဲ့တဲ့ဘက်နဲ့ ဆန့်ကျင်ဘက်မှာ လေယာဉ်အမြင့်အထိ မြှင့်ထားတဲ့ အစားအသောက်တင်ကားကနေတစ်ဆင့် C-32A ပေါ် ပြောင်းရွှေ့ခဲ့တာလို့ ဆိုပါတယ်။

ကာကွယ်ရေးဝန်ကြီး ပိဟက်ဆက် ကတော့ ခရီးစဉ်ဟာ ပုံမှန်အတိုင်းဖြစ်နေတယ်လို့ ထင်ရအောင် အပြင်ဘက်လှေကားကနေ C-32A ပေါ် သီးခြားတက်ခဲ့တယ်လို့ သတင်းစာက ဖော်ပြပါတယ်။

သတင်းထောက်တွေနဲ့ အိမ်ဖြူတော်ဝန်ထမ်းတချို့ကတော့ Air Force One ပေါ် တက်ခဲ့ကြပြီး လေယာဉ်ပြတင်းပေါက်တွေကို အကာတွေပိတ်ထားဖို့ ပြောခံခဲ့ရပါတယ်။ သူတို့ကတော့ ထရမ့်ဟာ လေယာဉ်ပေါ်မှာ မရှိတော့တာကို မသိခဲ့ကြပါဘူး။

အဲဒီနောက် ထရမ့်ဟာ အမေရိကန်ကို ပြန်မယ့်ခရီးစဉ်မှာ ဗြိတိန်နိုင်ငံကို ဖြတ်ပြီး သွားခဲ့ပါတယ်။ အဲဒီမှာ Air Force One အဟောင်းပေါ် ပြန်တက်ပြီး RAF Mildenhall လေတပ်စခန်းကို လေယာဉ်ဆင်းတဲ့အချိန်မှာ ထရမ့် ဆင်းလာတာကို တွေ့ခဲ့ရပါတယ်။

ဒါပေမယ့် C-32A ကနေ Air Force One အဟောင်းပေါ်ကို ထရမ့် ဘယ်လိုပြန်ပြောင်းတက်ခဲ့တယ်ဆိုတာတော့ အခုချိန်အထိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

Trump leaves the old AF1 in the UK

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဗြိတိန်က လေတပ်စခန်းကို ရောက်ပြီးနောက် Air Force One အဟောင်းပေါ်ကနေ Trump ဆင်းလာတာကို တွေ့ရ
Trump then boards the Qatar-gifted jet in the UK

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, အဲဒီနောက် ကာတာက လှူဒါန်းထားတဲ့ လေယာဉ်နဲ့ ဗြိတိန်ကနေ အမေရိကန်ကို ဆက်လက်ထွက်ခွာခဲ့ပါတယ်။

အဲဒီနောက် သမ္မတ ထရမ့် ဟာ ကာတာက ပေးတဲ့ Air Force One လေယာဉ်သစ်ပေါ် ပြောင်းတက်ပြီး ဝါရှင်တန်ကို ပြန်လာခဲ့ပါတယ်။

အဲဒီလေယာဉ်ပေါ်မှာ သတင်းထောက်တွေနဲ့ စကားပြောတဲ့အချိန် ထရမ့် က အီရန်ဘက်က ခြိမ်းခြောက်မှုတွေရှိနေတဲ့အကြောင်း ပြောခဲ့ပေမယ့် တူရကီကနေ ထွက်လာတုန်းက လေယာဉ်လျှို့ဝှက်ပြောင်းစီးခဲ့တဲ့အကြောင်းတော့ မပြောခဲ့ပါဘူး။

တူရကီကနေ ထွက်လာတဲ့လေယာဉ်ပေါ်မှာ သတင်းထောက်တွေကို ပြတင်းပေါက်အကာတွေ ချထားဖို့ ဘာကြောင့်ပြောခဲ့တာလဲလို့ မေးတဲ့အခါ ထရမ့် က "ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ လူယုတ်မာတွေကြောင့် ခင်ဗျားတို့လိုက်လာတဲ့ လေယာဉ်က အန္တရာယ်ရှိနိုင်လို့ပါ" လို့ ပြောပါတယ်။

သူ့အသက်အန္တရာယ်အတွက် "အမြဲတမ်း ခြိမ်းခြောက်မှုရှိနေတယ်" လို့လည်း ထရမ့်က ပြောပါတယ်။ အီရန်ရဲ့ ပစ်မှတ်စာရင်းမှာ သူက "နံပါတ်တစ်" ဖြစ်တယ်လို့လည်း ဆိုပါတယ်။

"ဒါပေမယ့် ကျွန်တော်သာ သေသွားရင် ခင်ဗျားတို့လည်း သေမှာပဲ မဟုတ်လား" လို့ ထရမ့် က သတင်းထောက်တွေကို ပြောပြီး "တစ်နေ့နေ့မှာတော့ အလုပ်အကိုင်ပြောင်းဖို့ စဉ်းစားကောင်း စဉ်းစားရလိမ့်မယ်" လို့လည်း ပြောခဲ့ပါတယ်။

Trump speaks to reporters on the flight from the UK to the US

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ကာတာက လက်ဆောင်ပေးထားတဲ့ သမ္မတသုံးလေယာဉ်ပေါ် တက်ပြီးနောက် ထရမ့်က အီရန်ရဲ့ သူ့အပေါ် ခြိမ်းခြောက်မှုအကြောင်း ပြောခဲ့ပါတယ်။
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အိမ်ဖြူတော် ဆက်သွယ်ရေးဒါရိုက်တာ စတီဗင်ချောင် က ဒီသတင်းတွေကို တိုက်ရိုက်အတည်ပြုတာ၊ ငြင်းဆိုတာမျိုး မလုပ်ခဲ့ပါဘူး။ ဒါပေမယ့် Air Force One လေယာဉ်သစ်ဟာ နောက်ဆုံးပေါ်နည်းပညာတွေ တပ်ဆင်ထားတဲ့ လေယာဉ်ဖြစ်ပြီး သမ္မတနဲ့ သူ့ဝန်ထမ်းတွေကို ကာကွယ်ဖို့ လုံခြုံရေးစနစ်တွေ ထည့်သွင်းထားတယ်လို့ ပြောပါတယ်။

အမေရိကန်ထောက်လှမ်းရေးအဖွဲ့တွေဟာ ထရမ့် ဒါမှမဟုတ် သူလိုက်ပါမယ့် လေယာဉ်ကို တိုက်ခိုက်ဖို့ သီးခြားခြိမ်းခြောက်မှုတစ်ခု ရှိနေကြောင်း သတိပေးထားခဲ့တယ်လို့ CBS News က ဖော်ပြခဲ့ပါတယ်။

New York Times ကလည်း ကာတာက လက်ဆောင်ပေးထားတဲ့ လေယာဉ်နဲ့ ပတ်သက်ပြီး လုံခြုံရေးစိုးရိမ်မှုတွေ ရှိနေတဲ့အကြောင်း အရင်က ဖော်ပြခဲ့ပါတယ်။ အဲဒီထဲမှာ နေတိုးထိပ်သီးအစည်းအဝေးကနေ ပြန်တဲ့အခါ ထရမ့် ကို လေယာဉ်ပြောင်းစီးဖို့ Secret Service (သမ္မတကို လုံခြုံရေးပေးတဲ့ အဖွဲ့) က တိုက်တွန်းခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

New York Times သတင်းစာက သတင်းထောက်အချို့ကိုလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ခေါ်ယူစစ် ဆေးခံရပြီး ကျမ်းကျိန်ပြီး ထွက်ဆိုဖို့ ဆင့်ခေါ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ အမေရိကန်တရားရေးဌာနကတော့ လျှို့ဝှက်အချက်အလက်တွေ တရားမဝင် ပေါက်ကြားခဲ့တာနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေတယ်လို့ ဘီဘီစီ ကို ပြောပါတယ်။

အမေရိကန်ဟာ ဒေါ်လာ သန်း ၄၀၀ တန် Boeing 747-8 လေယာဉ်ကို သမ္မတအသုံးပြုနိုင်အောင် လုံခြုံရေးနဲ့ နည်းပညာပိုင်းတွေ ပြင်ဆင်ဖို့ လပေါင်းများစွာ အချိန်ယူနေပါတယ်။

CBS News ကို သတင်းရင်းမြစ်တွေက ပြောတာမှာတော့ Air Force One အဟောင်းတွေမှာ အဝင်လာတဲ့ ဒုံးကျည်တွေကို လေဆာနည်းပညာနဲ့ မျက်စိကျစေနိုင်တဲ့ စနစ်တွေ တပ်ဆင်ထားပါတယ်။ ဒါပေမယ့် ကာတာက လှူဒါန်းထားတဲ့ လေယာဉ်မှာ ဘယ်လိုလုံခြုံရေးစနစ်တွေ တပ်ဆင်ထားတယ်ဆိုတာတော့ မသိရသေးပါဘူး။

အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိ ကာရိုလိုင်း လီဗစ် ကတော့ CBS News ကို ပေးပို့တဲ့ ကြေညာချက်မှာ "Air Force One လေယာဉ်သစ်ဟာ သမ္မတ ခရီးသွားဖို့ လုံးဝလုံခြုံပါတယ်။ ဒါပေမယ့် ဒီဆောင်းဦးမှာ ထပ်ပြီး အဆင့်မြှင့်တင်မှုတွေနဲ့ လုံခြုံရေးပိုင်းဆိုင်ရာ ပြင်ဆင်မှုတွေ လုပ်သွားမှာဖြစ်ပြီး အဲဒီလုပ်ငန်းတွေ ပြီးဖို့ တစ်လလောက် ကြာနိုင်ပါတယ်" လို့ ပြောထားပါတယ်။