ကေအန်ယူ နယ်မြေက တိုက်ပွဲတွေ အခြေအနေအပေါ် ကေအန်ယူ သဘောထား

ရေရှည်တိုက်ပွဲရဲ့အခြေအနေဟာ စစ်ကောင်စီတပ်ရဲ့ တပ်အင်အားအပေါ်မူတည်တယ်လို့ ကေအန်ယူဘက်ကပြော

ဓာတ်ပုံ ရင်းမြစ်, Social Media

ဓာတ်ပုံ ပုံစာ, ရေရှည်တိုက်ပွဲရဲ့အခြေအနေဟာ စစ်ကောင်စီတပ်ရဲ့ တပ်အင်အားအပေါ်မူတည်တယ်လို့ ကေအန်ယူဘက်ကပြော
ရေးသားခဲ့သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ကေအန်ယူ ထိန်းချုပ်နယ်မြေတချို့ကို စစ်ကောင်စီ စစ်ကြောင်းတွေ စတင်ဝင်ရောက်ခဲ့တဲ့ နောက်ပိုင်းက စပြီး ကရင်အမျိုးသားအစည်းအရုံး-ကေအန်ယူ၊ စစ်ကောင်စီကို ဆန့်ကျင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေခဲ့ပါတယ်။

မကြာသေးခင်လပိုင်းက ကေအန်ယူမှာ ဥက္ကဋ္ဌသစ် ပဒို စောကွယ်ထူးဝင်း ပြောင်းလဲတာဝန်ယူခဲ့ပြီးနောက်လည်း တိုက်ပွဲတွေ ဆက်ပြီး ဖြစ်နေခဲ့ပါတယ်။

ကေအန်ယူနဲ့ ပီဒီအက်ဖ် ပူးပေါင်းတပ်ဖွဲ့တွေက စခန်းသိမ်းတိုက်ပွဲလို အင်အားအများအပြားနဲ့ တိုက်ခိုက်တဲ့ တိုက်ပွဲတွေလည်း မကြာခဏဆိုသလို ဖြစ်ခဲ့ပါတယ်။

အခု ရက်ပိုင်းမှာလည်း စစ်ကောင်စီရဲ့ ရဲစခန်းနဲ့ ရုံးတွေနဲ့ စစ်ဆေးရေးဂိတ်တွေ ဆက်တိုက် တိုက်ခိုက်ခံရပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ကေအန်ယူ ပြောခွင့်ရသူ ပဒိုစောကလယ်စေးက ဘီဘီစီကို အခုလို ပြောပါတယ်။

တိုက်ပွဲအရှိန်မြင့်လာတာ ကေအန်ယူ ဥက္ကဋ္ဌသစ်ကြောင့် မဟုတ်ဘူးလို့ဆို

ဓာတ်ပုံ ရင်းမြစ်, KNU

ဓာတ်ပုံ ပုံစာ, တိုက်ပွဲအရှိန်မြင့်လာတာ ကေအန်ယူ ဥက္ကဋ္ဌသစ်ကြောင့် မဟုတ်ဘူးလို့ဆို

“ကေအန်ယူ ထိန်းချုပ်နယ်မြေမှာ တိုက်ပွဲတွေ ပိုပြင်းထန်လာတာ မှန်ပါတယ်။ ဒါပေမဲ့ ရေရှည်မှာ ဘယ်လောက်အထိ ဖြစ်လာမလဲဆိုတာ ခန့်မှန်းရ ခက်ပါတယ်။ သူတို့ စကစရဲ့ အင်အားအပေါ်မှာပဲ မူတည်တယ်လို့ ကျွန်တော်တို့ နားလည်ပါတယ်။”

“ကျွန်တော်တို့ ရဲ့ ကေအန်ယူ ဥက္ကဋ္ဌ အပြောင်းအလဲကြောင့် တိုက်ပွဲအရှိန်မြင့်လာတယ်ဆိုတာကတော့ မှားပါတယ်လို့ ပြောချင်ပါတယ်။”

“ဘာကြောင့်လဲဆိုတော့ သူတို့က ကျွန်တော်တို့အပေါ် တိုက်ပွဲ အရှိန်မြှင့်တင်နေတာကို ကျွန်တော်တို့ တွေ့ကြုံခဲ့ရတယ်။ ကျွန်တော်တို့အပေါ်မှာလည်း သဘောထားမမှန်တာကို ကျွန်တော်တို့ ကြုံတွေ့ခဲ့ရတာလည်း ရှိပါတယ်။”

“အဲဒါကြောင့် တိုက်ပွဲအရှိန်မြင့်လာတာ ဥက္ကဋ္ဌကြောင့် မဟုတ်ဘူးဆိုတာ အတိအလင်း ပြောချင်ပါတယ်။”

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

“ (ကေအန်ယူ ဥက္ကဋ္ဌရဲ့) စစ်ရေးနဲ့ ပတ်သက်လို့ လမ်းညွှန်မှုကတော့ ကျွန်တော်တို့ ကေအန်ယူခေါင်းဆောင်တွေ အားလုံး ဘယ်ခေါင်းဆောင်တက်တက် စစ်ရေးနဲ့ ပတ်သက်လာရင် မိမိကိုယ်ကိုယ်ခုခံတဲ့ တော်လှန်စစ်ဆိုတဲ့ မူဝါဒအတိုင်းပဲ ရပ်တည်နေတယ်ဆိုတာကို အတိအလင်း ပြောချင်ပါတယ်။”

“တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ်နဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ရဲ့ ဥက္ကဋ္ဌ သစ်ရဲ့ ဦးဆောင်မှုက ဒီစာချုပ်နဲ့ ပတ်သက်တဲ့ နိုင်ငံရေးဆွေးနွေးမှု လမ်းကြောင်းတွေ အားလုံး ဘယ်လိုမှ သွားမရတော့ဘူးလို့ သူကိုယ်တိုင် ဦးဆောင်ခဲ့တာ ဖြစ်တယ်။”

“နောက်နိုင်ငံရေးအခင်းအကျင်းသစ်ကိုလည်း သွားနေပြီ ၊ သွားတဲ့ အချိန်မှာလည်း ကျွန်တော်တို့ကို သူကိုယ်တိုင်ပဲ ဦးဆောင်ခဲ့တာဖြစ်တယ်။

ဒါကြောင့် တစ်နိုင်ငံလုံး ပစ်ခိုက်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ်နဲ့ ပတ်သက်တဲ့ လုပ်ငန်းစဥ်မှန်သမျှကို ကျွန်တော်တို့ ဥက္ကဋ္ဌက ဦးမဆောင်တော့ပါဘူး။”

ကေအန်ယူ ဥက္ကဋ္ဌ ရွေးပွဲအပြီးမကြာခင်မှာ ကေအန်ယူဟာ NCA အပစ်ရပ်လမ်းကြောင်းထက် ထိပ်တိုက်တွေ့ဆုံရေး လမ်းကြောင်းကို သွားနေပြီဆိုတဲ့ စစ်ကောင်စီဘက်က ပြောဆိုမှုနဲ့ ပတ်သက်ပြီးလည်း ကေအန်ယူ ပြောခွင့်ရသူက အခုလို ပြောပါတယ်။

“ဗိုလ်ချုပ်ကြီး ရာပြည့်ရဲ့ ပြောဆိုချက်တွေကို လက်မခံနိုင်ဘူးလို့ ပြောချင်တယ်။ တုံ့ပြန်မှု အနေနဲ့လည်း အထွေအထူး ပေးစရာ အကြောင်း မရှိဘူးလို့ ပြောချင်ပါတယ်။”

၇၄ နှစ်မြောက် ကရင်အမျိုးသားတော်လှန်ရေးနေ့ အခမ်းအနား

ဓာတ်ပုံ ရင်းမြစ်, KNU

ဓာတ်ပုံ ပုံစာ, ၇၄ နှစ်မြောက် ကရင်အမျိုးသားတော်လှန်ရေးနေ့ အခမ်းအနား

စစ်ကောင်စီနဲ့ ကေအန်ယူကြား သဘောထားတင်းမာနေပြီး အခုရက်ပိုင်းမှာတော့ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမှာ မြို့သိမ်းတိုက်ပွဲ လုပ်မယ်ဆိုတဲ့ သတင်းစကားတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပြီးနောက် ကြာအင်းဆိပ်ကြီးနဲ့အနီးတဝိုက်မှာ ဇွန်လ ၂ ရက် မနက် အစောပိုင်းကစပြီး စစ်ကောင်စီနဲ့ KNU/KNLA/PDF ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။

ဇွန်လ ၂ ရက်မနက်ပိုင်းမှာ ကြာအင်းဆိပ်ကြီး မြို့ပေါ်က စစ်ကောင်စီ ရုံးစိုက်ရာ ထွေအုပ်ရုံး၊ ရဲစခန်းနဲ့ လဝကရုံးတွေကို ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တာပါ။

ဒါ့အပြင် မွန်ပြည်နယ်နဲ့ကရင်ပြည်နယ်အစပ်၊ သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာအနီးမှာရှိတဲ့ ဒုံသမိတံတား စစ်ဆေးရေးဂိတ်ကို တော်လှန်ရေး မဟာမိတ်အဖွဲ့တွေက ဇွန်လ ၁ ရက်နေ့မှာ သွားရောက် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့ဘက်က ဒုရဲမှူး နဲ့ ဗိုလ်ကြီးအဆင့်ရှိသူအပါအဝင် ၈ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိတယ်လို့ KNU တပ်မဟာ ၁ က တာဝန်ရှိသူက ပြောပါတယ်။

ဒီလို တိုက်ပွဲတွေ ဖြစ်ပေါ်နေပြီး ကေအန်ယူဘက်က စစ်ကောင်စီနဲ့ နိုင်ငံရေးဆွေးနွေးမှုလမ်းကြောင်းတွေ ရပ်သွားပြီလို့ ပြောဆိုနေပေမဲ့ စစ်ကောင်စီက ငြိမ်းချမ်းရေး တံခါးဖွင့်ထားတယ်လို့ အမြဲပြောဆိုနေပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ကြားဝင်ပြောဆိုသူတွေအကူအညီနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်လေ့ရှိပါတယ်။

အခုသီတင်းပတ်ထဲမှာပဲ စစ်ကောင်စီရဲ့ အမျိုးသားညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနဲ့ မြောက်ပိုင်းသုံးဖွဲ့ဖြစ်တဲ့ ရက္ခိုင့်တပ်တော် အေအေ၊ ကိုးကန့်တပ် MNDAA နဲ့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး TNLA ကိုယ်စားလှယ်တို့ရဲ့ တွေ့ဆုံပွဲကို ပြုလုပ်ခဲ့ပါသေးတယ်။ စစ်ကောင်စီက ဆွေးနွေးပွဲက အပြုသဘောဆောင်တယ်လို့ ပြောပေမဲ့ ဒီဆွေးနွေးပွဲဟာ သတ်မှတ်ရက်ထက် စောပြီး အဆုံးသတ်ခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

ဗီဒီယို ပုံစာ, ကေအန်ယူ ထိန်းချုပ်နယ်မြေတွေမှာ စစ်ကောင်စီတိုက်ခိုက်မှု တိုးမြှင့်