ဒီဇင်ဘာ ၇ရက်ထိပ်တန်းသတင်းများ - အင်းစိန်ထောင်တွင်းသေဒဏ်စီရင်ခဲ့မှု မရှိသေးဟုပြော

ရေးသားခဲ့သည်။

ဒီဇင်ဘာ ၇ရက်နေ့ နေ့ခင်းပိုင်း ၂နာရီကျော်အထိ အင်းစိန်ထောင်အတွင်းမှာ သေဒဏ်စီရင်ခဲ့မှု မရှိသေးဘူးလို့ အကျဥ်းဦးစီးတာဝန်ရှိသူတစ်ဦးက ဘီဘီစီကိုအတည်ပြုပြောကြားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ပထမပတ်ကတည်းကစလို့ သေဒဏ်အမိန့်ချမှတ်ခံထားရတဲ့အကျဥ်းသားတချို့ကို ဒီဇင်ဘာ ၇ ရက်မှာ ပြစ်ဒဏ်စီရင်မယ်လို့ သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့သလို ဒီနေ့မှာလည်း လူမှုကွန်ရက်မှာ အမည်းရောင်ပရိုဖိုင်းတွေ ပြောင်းလဲတာတချို့ရှိခဲ့ပါတယ်။

ဒါကြောင့် ဘီဘီစီက အကျဥ်းဦးစီးဌာနကို ဆက်သွယ်မေးမြန်းကြည့်တဲ့အခါ ဒီကနေ့မှာ သေဒဏ်စီရင်မှုမျိုးပြုလုပ်ခဲ့တယ်ဆိုတဲ့အပေါ် အဲဒီဖြစ်စဥ်မျိုးမရှိခဲ့ဘူးလို့ အဲဒီတာဝန်ရှိသူက ဘီဘီစီကို ပြောပါတယ်။

သေဒဏ်ပြစ်ဒဏ်ချခံထားရသူတွေရဲ့ မိသားစုဝင်တွေကတော့ လက်ရှိအချိန်အထိ တိတိကျကျသိရှိရတဲ့ ဘယ်လိုသတင်းတစုံတရာကိုမသိရသေးဘူးလို့ မိသားစုဝင်အချို့ထံက ဘီဘီစီကမေးမြန်းသိရှိရပါတယ်။

စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ဘက်ကတော့ ဒီသတင်းအပေါ် တစ်စုံတစ်ရာ အတည်ပြုထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူး။

အကြမ်းဖက်မှု ပုဒ်မတွေနဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရသူ စုစုပေါင်း ၁၀ ဦး ကို စစ်ခုံရုံးက ပြီးခဲ့တဲ့သီတင်းပတ်တုန်းက သေဒဏ်ချမှတ်ခဲ့ပါတယ်။ အဲဒီလူငယ် ၁၀ ဦးအနက် ၇ ဦးဟာ ဒဂုံတက္ကသိုလ်ကျောင်းသားတွေပါ။

ပြီးခဲ့တဲ့ ဧပြီလ ၁၈ ရက်က ဒဂုံမြို့သစ်တောင်ပိုင်းက ကမ္ဘာ့ရတနာဘဏ် မန်နေဂျာ အငြိမ်းစား ဒုဗိုလ်မှူးကြီးတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရမှုအတွက် ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦး ကို သေဒဏ်ချမှတ်ခဲ့တာပါ။ သူတို့ကို ဧပြီ ၂၁ ရက်မှာ ဖမ်းဆီးခဲ့ပြီး တောင်ဒဂုံ ရဲစခန်းမှာ ကနဦးချုပ်ထားခဲ့ပြီးမှ အင်းစိန်ထောင်ကို ရွှေ့ပြောင်းခဲ့တာပါ။ အင်းစိန်ထောင်ကိုရွှေ့ပြောင်းပြီးကတည်းက အဆက် အသွယ်မရတော့ဘူးလို့ မိသားစုဝင်တွေကပြောကြပါတယ်။

ထိုင်းပင်လယ်ပြင်အတွင်းမျောနေတဲ့ ရိုဟင်ဂျာတွေပါတဲ့စက်လှေ ကယ်ဆယ်သူမရှိသေး

ကလေးငယ်တွေအပါအဝင် ရိုဟင်ဂျာ ၁၆၀ လောက်တင်ဆောင်ထားတဲ့ စက်လှေတစ်စင်းဟာ ဒီဇင်ဘာလ ၇ရက်၊ ဒီနေ့အထိ ထိုင်းနိုင်ငံအနီးက ပင်လယ်ပြင်ထဲမှာမျောနေပြီး အဲဒီထဲမှာ ‌အစာရေငတ်လို့ သေဆုံးသူတွေလည်း ရှိနေတယ်လို့ NUG အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူ့အခွင့်အရေးဆိုင်ရာအကြံပေးအဖွဲ့၀င်တစ်ဦးဖြစ်သူ ဦးအောင်ကျော်မိုးက သူနဲ့အဆက်အသွယ် ရရှိထားချက်တွေကို ကိုးကားကာ ဘီဘီစီကိုပြောပြပါတယ်။

ဦးအောင်ကျော်မိုးပြောကြားချက်အရ အဲဒီစက်လှေဟာ စက်ချို့ယွင်းပြီး မျောနေတာက ၆ရက်လောက် ရှိပြီလို့ သိရပါတယ်။

"မလေးရှားသွားနေကြတာ၊ သေတဲ့သူ ၆ယောက်အထက်မှာရှိတယ်လို့သိရတယ်၊ အစာရေငတ်လို့၊ UNHCR နဲ့ အဆက်အသွယ်ရတယ်လို့ပြောတယ်။ လာမကယ်သေးဘူးတဲ့" လို့ ဦးအောင်ကျော်မိုးက ဒီဇင်ဘာ ၇ရက်၊ ဒီကနေ့မနက်မှာ ဘီဘီစီကိုပြောပါတယ်။

စက်ပျက်ပြီးမျောနေတဲ့ စက်လှေပေါ် ပါသူတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် စခန်းတွေကနေ ထွက်လာသူတွေဖြစ်တယ်လို့ ဦးအောင်ကျော်မိုးပြောပြချက်အရ သိရပါတယ်။

စက်လှေပေါ်က အခြေအနေတွေကိုတော့ စက်လှေပေါ်ပါသူအချို့နဲ့ ဖုန်းဆက်သွယ်မှုရရှိ၊ အသံဖိုင်တွေ ပို့လာတာတွေကတဆင့် သိရှိရတာလို့လည်း သိရပါတယ်။

ဖားကန့်မှာ တိုက်ပွဲဖြစ်၊ လူနေကျေးရွာတွေထိ လက်နက်ကြီးတွေကျ

ကချင်ပြည်နယ်၊ ဖားကန်မြို့နယ် လုံးခင်းကျေးရွာအုပ်စုထဲက ‌မှော်ပုံ(မဒဲယန်) ကျေးရွာအနီး တောင်ရိုးတွေအနားမှာ စစ်တပ်နဲ့ KIA/PDF တို့ ဒီဇင်ဘာလ ၆ရက် ညနေ ၄နာရီကနေ ညပိုင်းအထိ တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ အဲဒီကဒေသခံတွေထံကသိရပါတယ်။

တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း မှော်ပုံ(မဒဲယန်)ဆန်ခါ ၊ ဆိုင်းရာ ၊ မဇွပ်ယန် ၊မှော်စီစာ၊ ကုဋေစတဲ့ကျေးရွာတွေနားကို ‌စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေလုပ်ခဲ့တယ်လို့ ပစ်ခတ်မှုကို မျက်မြင်တွေ့ရသူတွေထံကသိရပါတယ်။

"ဖားကန့်ဘက်ကနေ ည ၉နာရီကျော်မှာ ပစ်တယ်။ ထူးခြားလက်နက်တွေပေါ့ အဲဒီလိုမီးကျည်ရောင်တွေနဲ့ အဆက်မပြတ် အမှောင်ထဲမှာသွားတာ။ ကျွန်တော်တို့ရွာထဲကို မကွဲသေးတဲ့ ၆၀ မမတွေပါကျတယ်" လို့ ကျေးရွာအတွင်း လက်နက်ကြီးကျတာကို သိရှိခဲ့သူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ဒီဇင်ဘာ ၆ရက်နေ့မှာ ဆန်ခါ မှာ လက်နက်ကြီး ၂လုံး၊ မဇွပ်ယန် လက်နက်ကြီး ၂လုံး ညနေပိုင်းမှာ ကျရောက်ခဲ့ပြီး ပေါက်ကွဲမှုမရှိခဲ့ဘူးလို့သိရပါတယ်။ ဒီဇင်ဘာ ၅ရက်နေ့ကတော့ ဆန်ခါဘုန်းကြီးကျောင်း အဆောက်အဦးပေါ်ကို လက်နက်ကြီးတွေကျလို့ ပျက်ဆီးတာလည်းရှိခဲ့တယ် လို့သိရပါတယ်။ လူထိခိုက်မှုရှိမရှိဆိုတာကိုတော့ လတ်တလော မသိရှိရသေးပါဘူး။ အခုတိုက်ပွဲဖြစ်နေတဲ့ စစ်ကောင်စီစစ်ကြောင်းက ဒီဇင်ဘာ ၅ရက်နေ့မှာ လုံးခင်းကျေးရွာအုပ်စု အတွင်းကိုရောက်ရှိခဲ့ပြီး အဲဒီနောက် ဒေသခံ ၁၁ ယောက်လောက်ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေထံကသိရပါတယ်။ ဖမ်းဆီးခံထားရသူထဲက အချို့လည်း ပြန်လည်လွတ်မြောက်လာတာရှိသလို၊ ဆက်လက်ဖမ်းဆီးပြီး စစ်ကြောင်းသွားရာကို ခေါ်ဆောင်သွားခံရသူတွေလည်းရှိတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။

ဒီကနေ့ ဒီဇင်ဘာ ၇ရက်နေ့မှာလည်း စစ်တပ်နဲ့ KIA/PDF တို့ရဲ့ စစ်ရေးပြင်ဆင်မှုတွေကို ဒေသခံတွေက သတိပြုမိတဲ့အတွက် တိုက်ပွဲတွေဖြစ်လာနိုင်တာကြောင့် ဘေးလွတ်ရာ ရွှေ့ပြောင်းနေထိုင်တာတွေလုပ်နေရတယ်လို့ ဆိုကြပါတယ်။

စစ်ကောင်စီဘက်ကတော့ ဖားကန့်ဒေသဘက်က ပစ်ခတ်တိုက်ခိုက်မှုတွေနဲ့ ပတ်သတ်ပြီး ထုတ်ပြန်ပြောကြားထားတာမျိုးတော့ မရှိသေးပါဘူး။

ထီးချိုင့်ကရွာတွေမှာ မီးရှို့ခံရတာတွေ ဆက်ဖြစ်နေ

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်ထဲက အောင်သာရွာကို ဒီကနေ့ ဒီဇင်ဘာ၇ရက် မနက် ၈နာရီခန့်က မီးစရှို့နေတယ်လို့ ‌‌အဲဒီကဒေသခံတွေက ဘီဘီစီကို ပြောကြပါတယ်။

အောင်သာရွာကို မီးရှို့ထားပြီး လက်ရှိမှာတော့ မဲဇာလေးရွာ (လက်ဝဲသုန္ဒရ) နဲ့ ကံပေါက် ရွာတွေကို ဆက်တိုက်စစ်ကြောင်းဝင်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

အောင်သာကျေးရွာကို မီးရှို့ထားတာကို ဒေသခံတွေက သူတို့‌ရှောင်တိမ်း‌နေတဲ့ နေရာကနေ တွေ့မြင်နေကြရတယ်လို့ ပြောပါတယ်။ မဲဇာလေး၊ အောင်သာ၊ ကံပေါက် စတဲ့ရွာတွေက ရွာစဥ်အလိုက်တည်ရှိတဲ့ ကျေးရွာတွေလည်းဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

"မဲဇာလေးရွာကို ပစ်ခတ်ပြီး ဝင်နေပြီ။ စစ်ကြောင်းပတ်ထိုးနေတာ၊ ထီးချိုင့်က ရွာတွေအကုန်ကို စစ်ကြောင်းထိုးနေတာ ဟိုနေရာထိုးလိုက် ဒီနေရာထိုးလိုက်၊ စစ်ကြောင်းတွေအများကြီးနဲ့ အနှံ့လိုက်ထိုးနေတယ်။ ကျွန်တော်တို့လည်း ပြေးရမယ်" လို့ ‌အဲဒီအနီးကဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

မနက်အစောပိုင်းကတည်းက အောင်သာ၊ မဲဇာလေး၊ ဆယ်လံ၊ ပဲစင်း၊ ဘိုတဲ့ကုန်း၊ လေသာ၊ အင်းတိန် စတဲ့ကျေးရွာတွေမှာ ပစ်ခတ်မှု၊ တိုက်ခိုက်မှုတစ်စုံတစ်ခုမှ မရှိဘဲ၊ စစ်ကြောင်းတွေက အနည်းဆုံး ၄ ကြောင်းကနေ ၆ကြောင်းလောက်အထိ ခွဲကာ ရွာတွေကို ပစ်ခတ်ဝင်ရောက်ပြီး အခုလိုမီးရှို့တာတွေဖြစ်နေတာလို့ ဒေသခံတွေထံကသိရပါတယ်။

ထီးချိုင့်မြို့နယ်ထဲမှာ KIA/PDF ပူးပေါင်းအဖွဲ့တွေနဲ့ စစ်တပ်တို့အကြား တိုက်ပွဲတွေဖြစ်ခဲ့တဲ့ နိုဝင်ဘာလ နောက်ဆုံးရက်သတ္တပတ်နောက်ပိုင်းကစလို့ အဲဒီဘက်ကကျေးရွာတွေမှာ အခုလို စစ်ကြောင်းဝင်တာတွေနဲ့ မီးရှို့ခံရမှုတွေ ဆက်တိုက်ဖြစ်နေတာကြောင့် ဒေသခံအိမ်ခြေ ရာကျော်လည်း မီး‌ရှို့ခံထားရတယ်လို့ ‌ဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။