"ကျွန်မတို့ ဖျက်ခံရတဲ့မြေနေရာလေး ပြန်ပေးပါ"

စစ်အာဏာသိမ်း၊ အိမ်ဖျက်၊ တောင်းဆို

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, အသံတိတ်တောင်းဆိုနေကြတဲ့ အိမ်ဖျက်ခံပြည်သူများ
ရေးသားခဲ့သည်။

ရန်ကုန်မြို့ ပျဉ်းမပင် စက်မှုဇုန်အနီးက ၇ နှစ်ခန့် ကျင်လည်နေထိုင်ခဲ့ရတဲ့ ပတ်ဝန်းကျင်နဲ့ သူတို့ရဲ့နေအိမ်တွေ ပြီးခဲ့တဲ့ နိုဝင်ဘာလက ဖယ်ရှားခံလိုက်ရပါတယ်။ အရင် ရွေးကောက်ခံအစိုးရလို တောင်းဆိုလိုမရတာ သူတို့ သိကြပါတယ်။ဒါပေမဲ့ နေခဲ့တဲ့နေရာလေးမှာ အရင်လိုပြန်နေလို့ရနိုင်ဦးမလားဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ သူတို့ နောက်တစ်ခေါက် ရောက်လာကြပြန်ပါတယ်။

ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ် ၊ စံသမာဓိရပ်ကွက်ရှေ့က လမ်းမပေါ်မှာ ဖေဖော်ဝါရီလ ၆ ရက်နေ့က ဟိုတစ်စု ဒီတစ်စုနဲ့ လူရာချီဝန်းကျင်ရှိတဲ့သူတွေ စုဝေးနေကြပါတယ်။

သူတို့တွေ အချင်းချင်း စကားပြောသံ၊ သွားလာနေတဲ့ ကားသံတွေကလွဲပြီး မကြားရပါဘူး။ တချို့သူတွေက ဘာစကားမှမပြောဘဲ ဟိုဟိုဒီဒီကြည့်ရင်း လမ်းဘေးသစ်ပင်အရိပ်လေးတွေမှာ ထိုင်နေကြပါတယ်။

အဲ့ဒီလူတွေက ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာတုန်းက ကာကွယ်ရေးဝန်ကြီးဌာနပိုင်နယ်မြေထဲပါလို့ဆိုပြီး ပျဉ်းမပင်စက်မှုဇုန်ဧရိယာ ဧက ၆၅၀ ကျော်မှာ ခွင့်ပြုချက်မဲ့ဆောက်ထားတယ်ဆိုပြီး စစ်ကောင်စီက နေအိမ်တစ်သောင်းဝန်းကျင်လောက်ကို ဖယ်ရှားခဲ့တာပါ။

ဖယ်ရှားခံရတဲ့အထဲမှာ မြဲမြံအောင်၊ ဓမ္မပါလ၊ စံသမာဓိ၊ ဂုန်ညင်းနီ၊ မြဝတီ စတဲ့ရပ်ကွက်တွေ ပါပါတယ်။

အခုလို စုဝေးနေကြတာဆိုရင် ဖေဖော်ဝါရီ ၅ ရက်နေ့ မနက်ပိုင်းကနေ ဒီနေ့ ဖေဖော်ဝါရီ ၆ ရက်အထိ နှစ်ရက်ရှိနေပါပြီ။

“ကျွန်မတို့မှာ ခေါင်းဆောင်မရှိဘူး၊ အခက်ခဲဖြစ်နေကြတာတွေပြောမိကြတော့ တစ်ယောက်နဲ့တစ်ယောက် ချိတ်ဆက်မိပြီး အခုလို ရောက်လာကြတာပါ”လို့ စုဝေးနေတဲ့ နေရာမှာရှိနေတဲ့ မသင်းသင်းလှိုင်( အမည်လွဲပြောင်း) က ပြောပါတယ်။

သူတို့တွေ မနေ့က မနက်ပိုင်း ရပ်ကွက်ထဲကို စပြီးဝင်လာတဲ့အချိန်မှာ ရပ်ကွက်ထဲမှာ စောင့်ကြပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တွေ့ခဲ့ကြတဲ့အခါ “ကျွန်မတို့တွေကို ခွေးမောင်းထုတ်သလို မောင်းထုတ်တယ်။ ငါလက်တွေက ယားလာပြီ သေနတ်နဲ့ပစ်ချင်လာပြီတဲ့ ပြောတယ်၊ အဲ့ဒီစစ်သားဘက်က။ ညီမတို့လည်း ဘာမှမတုံ့ပြန်ပါဘူး ဒီအတိုင်းပဲ ငြိမ်နေပါတယ်”လို့ မသင်းသင်းလှိုင်( အမည်လွှဲပြောင်းထားသူ) ကပြောပါတယ်။

သူတို့တွေက စုဝေးကြတယ်ဆိုပေမဲ့ အော်ဟစ်တောင်းဆိုတာတွေ မလုပ်ကြပါဘူး။ ဒီလို စုဝေးနေကြတဲ့အချိန်မှာပဲ စစ်ကားတွေ ၃ စီး ရောက်လာကြပါတယ်။ အစစ အရာရာ ကုန်ဈေးနှုန်းတွေ မြင့်မားနေချိန်၊ ပျောက်ကွယ်သွားတဲ့ ကျောတစ်ခင်းစာနေရာအတွက် သေနတ်ကိုင်ထားသူတွေရှေ့မှာ တိတ်တိတ်ဆိတ်ဆိတ်နဲ့ပဲ တောင်းဆိုနေကြတယ်လို့ ဆိုပါတယ်။

“အော်တာလည်းမရှိဘူး။ ရုန်းရင်းဆန်ခတ်ဖြစ်အောင်လည်း အကြမ်းမဖက်ဘူး။ အကြမ်းမဖက်ဘူးဆိုတာက ပွင့်ပွင့်လင်းလင်းပြောရရင် ဒီကောင်တွေကို ကျနော်တို့ ကြောက်တယ်လေ။ အခုအစိုးရနဲ့ အရင်အစိုးရ မတူဘူးလေ။ အဲ့ဒါကြောင့် ငြိမ်ငြိမ်သက်သက်နဲ့ မတ်တပ်ရပ်နေကြတယ်၊ အဲ့လောက်ပါပဲ။ သူတို့တွေက အထက်က ခိုင်းရင် ခိုင်းသလို လုပ်ကြတာလေ”လို့ စံသမာဓိရပ်ကွက်မှာ နေထိုင်ခဲ့သူ ဦးသန်းထွေး(နာမည်လွှဲ) ကပြောပါတယ်။

စစ်အာဏာသိမ်း၊ အိမ်ဖျက်ဆီး၊ တောင်းဆို

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ကိုယ်တိုင်အိမ်ဖျက်နေကြရသူတွေ

အိမ်ဖျက်ခံရပြီးနောက် ရင်ဆိုင်ကြရတဲ့ ဘဝတွေ

အိမ်တွေအဖျက်ခံရပြီးနောက် နေစရာမရှိကြတဲ့အတွက် အဆောင်တွေ၊ တခြားနေအိမ်တွေမှာ ငှားရမ်းနေကြရပါတယ်။ အခန်းငှားခတွေဟာ တစ်လ ၅ သောင်းကနေ ၇ သောင်းခွဲဝန်းကျင်အထိ ရှိနေတဲ့အပြင် အလုပ်အကိုင် ဝင်ငွေမရှိတော့တာတွေ၊ ကလေးနဲ့ ကျောင်းတွေ ဝေးသွားကြရတာတွေကြောင့် လူမှုဒုက္ခမျိုးစုံကို ရင်ဆိုင်နေကြရတယ်လို့ ပြောကြပါတယ်။

“ကျွန်တော်ဆို ကလေး နှစ်ယောက်ရှိတယ်။ လူကြီးနှစ်ယောက်လောက်ပဲ နေလို့ရတဲ့ အခန်းကို ၄၊ ၅ သောင်းပေးနေရတယ်။ ကျွန်တော်အိမ်ဝယ်တုန်းက ၂၀၁၇ တုန်းက ပေ ၂၀၊ ၆၀ ကို ၅၇ သိန်းနဲ့ ဝယ်ထားတာ။ အခုအိမ်အဖျက်ခံရတော့ ကလေးကိုလည်း ကျောင်းပို့ဖို့ခက်သွားတယ်။ တချို့ဆို လှိုင်သာယာ၊ ရွှေပြည်သာအထိ ပြောင်းနေကြရတာ၊ အဲ့ဒီကနေ ကျောင်းပို့ဖို့ဆိုတာကလေ ကိုယ်ပိုင်ကားတွေ ရှိနေကြတာမှမဟုတ်တာ”လို့ ဦးသန်းထွေးက ပြောပါတယ်။

မသင်းသင်းလှိုင်ကလည်း သူတွေ့ကြုံခဲ့ရတာကို ပြောပြတာက “စံသမာဓိရပ်ကွက်ကနေ အိမ်တွေဖျက်ခံရပြီး တခြားရပ်ကွက်မှာ သွားနေရတာ ငွေကြေးဆင်းရဲတော့ ပလုံကောက်စားနေရတာတွေတောင် တွေ့နေရတယ်။ အဲ့ဒါကြောင့် ကျွန်မတို့တွေ စုဝေးလာကြတာ”

စစ်အာဏာသိမ်း၊ အိမ်ဖျက်ခံ၊ မင်္ဂလာဒုံ၊ တောင်းဆို

ဓာတ်ပုံ ရင်းမြစ်, CJ

နေစရာအစားပြန်ရဖို့ မျှော်လင့်ချက်ရှိနိုင်သလား

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

စံသမာဓိရပ်ကွက်ရှေ့မှာ တိတ်တိတ်ဆိတ်ဆိတ် တောင်းဆိုနေကြသူတွေထဲက အမျိုးသမီး ငါးယောက်ကို ကုန်းတလပေါင်အုပ်ချုပ်ရေးမှူးနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ချို့က မနေ့က ဖေဖော်ဝါရီ ၅ ရက်မှာ ဆွေးနွေးဖို့ဆိုပြီး ခေါ်သွားကြပါတယ်။

“အဲ့မှာ စခန်းမှူးပါတယ်၊ အုပ်ချုပ်ရေးမှူးပါတယ်။ ကျမတို့ကို ကောင်းကောင်းမွန်မွန်ပဲ မေးပါတယ်။ ကျွန်မတို့ကို ဓာတ်ပုံတွေလည်းရိုက်တယ်၊ ဗွီဒီယိုလည်းရိုက်ကြတယ်။ ကျွန်မတို့ကတော့ အသံဖမ်းခွင့် ရိုက်ခွင့်မရှိဘူး။ ကျွန်မတို့ကို ဘာလိုချင်တာလဲမေးတယ်။ သူတို့ကူညီလို့ရရင် ကူညီပေးမယ်ပြောတော့ ကျွန်မတို့ ဖျက်ခံရတဲ့မြေနေရာလေး ပြန်ပေးပါလို့ပြောလိုက်တယ်။ စံသမာဓိကို စက်ရုံဆောက်ဖို့လို့ ပြောတယ်။ တကယ်လို့ ပြန်မပေးဘူးဆိုရင်လည်း ကျွန်မတို့ရဲ့ နစ်နာမှုကို ဘယ်လိုပြန်ချပေးထားမလဲ မေးတော့ အဲ့ဒါဆိုရင် အဆင့်ဆင့် စာတင်ပေါ့တဲ့” လို့ ဆွေးနွေးတဲ့နေရာကို ရောက်ခဲ့တဲ့ မသင်းသင်းလှိုင်က ပြောပါတယ်။

စံသမာဓိရပ်ကွက်ထဲ နေထိုင်ခဲ့တဲ့ နားလည်သူတချို့ကလည်း နေပြည်တော်၊ မြို့နယ်၊ ပျဉ်းမပင် အုပ်ချုပ်ရေးရုံး စတဲ့ စစ်ကောင်စီဌာနတွေကို စာတင်နေကြတယ်လို့လည်း ပြောပါတယ်။

ဒါပေမဲ့လည်း အဲ့ဒီရပ်ကွက်တွေဟာ ကျူးကျော်နေရာတွေ ဖြစ်နေတာကြောင့် မြေယာကျွမ်းကျင်တဲ့ အိမ်ခြံမြေ အကျိုးဆောင်တွေက အရောင်းအဝယ် မလုပ်ပေးကြပါဘူး။ အခုလို တပ်ပိုင်မြေဆိုပြီး ပြန်သိမ်းလိုက်တဲ့အခါမှာလည်း နေရာပြန်ပေးဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စမဟုတ်ဘူးလို့ အိမ်ယာမြေကျွမ်းကျင်သူ တစ်ယောက်က ထောက်ပြပါတယ်။

“နေရာပြန်ပေးနိုင်မလားဆိုတာက သူတို့(တပ်) အပေါ်ပဲ မူတည်တယ်လေ။ နဂိုကတည်းက ပြန်ပြီးနေရာပေးတယ်ဆိုတာလည်း မရှိခဲ့တာဘဲ”လို့ ပြောပါတယ်။

ပြန်ပေးနိုးမျှော်လင့်ချက်နဲ့ အသံတိတ်တောင်းဆိုနေ

ဒီနေ့မှာဆိုရင် အရိပ်ရတဲ့ နေရာတွေမှာ လူစုခွဲပြီး ရှိနေကြတုန်းမှာ ပတ်ဝန်းကျင်နေအိမ် ခြံဝင်းတစ်ခုထဲက အမျိုးသားတစ်ယောက် ဓာတ်ပုံရိုက်ဖို့ ကြိုးစားနေတာကို အုပ်ချုပ်ရေးအဖွဲ့တွေက တွေ့မြင်သွားကြပါတယ်။

“ဓာတ်ပုံရိုက်နေတယ်၊ အဲဒီကောင်ရိုက်နေတယ်ဆိုပြီး ဝင်လာကြတာ၊ ကျမတို့မျက်စိရှေ့မှာတင်ပဲ။ အဲဒီဦးလေးကြီးက လေဖြတ်နေတာ၊ တောင်ဝှေးနဲ့ နေတာ။ အဲ့ဒါကို တွန်းလှဲလိုက်တာ တုံးကနဲပဲ။ ကျွန်မမှာ စိတ်မကောင်းလိုက်တာ။ အဖေကို လုပ်တာမြင်တော့ သားဖြစ်တဲ့သူက အဖေထိ ဓားကြည့်ဆိုပြီး ထွက်လာတာ သူ့ကို ဝိုင်းလုပ်ဖို့ တုတ်ကိုင်တဲ့သူ၊ ပေါက်တူးကိုင်တဲ့သူနဲ့ ။ ကျမတို့က ကြားကနေ ဝင်ပြီး ပြောရတယ်။ သူတို့နှစ်ယောက်ကို မရိုက်ပါနဲ့လို့။ အဲ့ဒါကို စစ်သားတစ်ယောက်က မရိုက်ပါဘူးဆိုပြီး သားအဖနှစ်ယောက်ကို ခေါ်သွားတယ်။ အခုထိပြန်မ‌ရောက်လာကြသေးဘူး”လို့ ဒီနေ့ဖြစ်ပျက်ခဲ့တာတွေကို ပြောပြပါတယ်။

အဲ့ဒီနောက်မှာလည်း သူတို့တွေ ဆက်ပြီး တိတ်ဆိတ်နေခဲ့ကြပါတယ်။

မနက်ကတည်းကနေ ရောက်လာခဲ့တဲ့ သူတို့တွေကို လမ်းသွားလမ်းလာ ကားတွေက ရေပေးခဲ့တာတွေ၊ အစားအသောက်ပေးခဲ့တာတွေရှိခဲ့ကြပါတယ်။

ညနေ ၄ နာရီလောက်မှာတော့ ဟိုင်းလတ်ကား ၃ စီးနဲ့ တုတ်တွေကိုင်ဆောင်ထားတဲ့ လူတွေဆင်းလာတာကြောင့် လူစုခွဲလိုက်ရတယ်လို့ တောင်းဆိုသူတွေက ပြောကြပါတယ်။

“ပြန်မရနိုင်ဘူးလို့တော့ ပြောကြပါတယ်ဗျာ။ ဒါပေမဲ့ ကျနော်တို့မှာ နေစရာခက်ခဲတယ်။ ဒီကာလကြီးမှာ စီးပွားရေးက ကျပ်တည်းနေကြတာ။ ဒီလို တိတ်တိတ်ကလေး တောင်းဆိုနေတာကို လူသိများသွားရင် အပေါ်ကလူတွေသိပြီး ပြန်စဉ်းစားပေးနိုင်မလား လိုချင်တာပါပဲ။ ဒုက္ခရောက်နေတာကို ပြသတာပဲ ရှင်ပါတယ်ဗျာ”လို့ ဦးသန်းထွေးက သူ့တို့တွေရဲ့ တိတ်ဆိတ်‌တောင်းဆိုနေတဲ့ နောက်ဆုံးမျှော်လင့်ချက်လေးကို ပြောပြပါတယ်။