ကိုယ်တိုင်ဆောက်ခဲ့တဲ့အိမ်ကို ကိုယ်တိုင်ဖျက်နေရတဲ့ အိမ်ထောင်ဦးစီး

ဓာတ်ပုံ ရင်းမြစ်, CJ
ကိုကံကောင်း(အမည်လွှဲ)တစ်ယောက် သူကိုယ်တိုင် တည်ဆောက်ခဲ့တဲ့ အိမ်ကို ကိုယ်တိုင်ဖျက်နေရပါတယ်။ သူက ကလေးနှစ်ယောက်ဖခင်လည်းဖြစ်ပါတယ်။ သူ ၇ နှစ်တာ နေထိုင်ခဲ့တဲ့ မြေနေရာဟာ စစ်ကောင်စီရဲ့ ကာကွယ်ရေးဝန်ကြီးဌာနပိုင်တဲ့ မြေဖြစ်နေလို့ ဆိုတဲ့အကြောင်းပြချက်ကြောင့် ဒီနေရာကနေ စွန့်ခွာ ထွက်သွားဖို့ ပြင်ဆင်နေရပါတယ်။
မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာအုပ်စု၊ ကာကွယ်ရေးဝန်ကြီးဌာနပိုင်မြေ၊ ပျဉ်းမပင်စက်မှုဇုန် ဧရိယာ ဧက ၅၆၀ ကျော်ဧကမှာ ခွင့်ပြုချက်မဲ့ ဆောက်လုပ်နေထိုင်နေတဲ့ ကျူးကျော်အဆောက်အအုံတွေကို နိုဝင်ဘာ ၂၁ ရက် နောက်ဆုံးထားပြီး ဖျက်သိမ်းပေးဖို့နဲ့ မဖယ်ဘူးဆိုရင် တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်ဆိုပြီး မင်္ဂလာဒုံမြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဧက ၅၆၀ ကျော်ထဲမှာ ပျဉ်းမပင်ကျေးရွာအုပ်စု၊ မြဲမြံအောင်ရပ်ကွက်၊ ဓမ္မပါလရပ်ကွက်၊ စံသမာဓိရပ်ကွက်၊ ဂုန်ညင်းနီရပ်ကွက်၊ မြဝတီရပ်ကွက်တွေပါတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကိုကံကောင်းရဲ့ ပေ ၂၀ x ၆၀ မှာ ဆောက်ထားတဲ့ အိမ်လေးကတော့ စံသမာဓိ ရပ်ကွက်ထဲမှာပါ။
“ပထမက ၁၈ ရက်နေ့ နောက်ဆုံးထားဖျက်ဖို့ပြောတယ်။ နောက်တော့ ၂၁ ရက် ဒီနေ့နောက်ဆုံးထားရမယ်ပြောတယ်။ သတ်မှတ်ရက်ကျော်လို့မှ မရွှေ့ရင် ဘာမှသယ်ခွင့်မပေးဘဲ အကုန်ဖျက်မယ်ပြောတော့ အခုတော့ ကျွန်တော်တို့ကိုယ်တိုင် ဖျက်နေရတာ” လို့ ကိုကံကောင်းက ပြောပါတယ်။
သူတည်ဆောက်ခဲ့တဲ့ အိမ်ကလေး
ကိုကံကောင်းရဲ့ ဇာတိကတော့ မန္တလေးကပါ။ ရန်ကုန်မှာ လုပ်ကိုင်စားသောက်ဖို့အတွက် ပြောင်းလာပြီး အိမ်ငှားနေခဲ့ပါတယ်။ အိမ်ငှားနေရင်း စုဆောင်းမိတဲ့ ငွေသားတွေနဲ့ သူ့ဇာတိက မြေကိုရောင်းလို့ရတဲ့ငွေတွေစုပြီး အခု မင်္ဂလာဒုံ ၊ စံသမာဓိရပ်ကွက်က ပေ ၂၀ x ၆၀ ခြံလေးကို ဝယ်ခဲ့ပါတယ်။
သူမဝယ်ခင်ကလည်း အဲ့ဒီရပ်ကွက်မှာ အခြေကျနေတဲ့တခြားသူတွေနဲ့ အိမ်ကြီးအိမ်ကောင်းတွေ ရှိနေတာ၊ လယ်ယာမြေကနေ ဥယျာဉ်ခြံမြေပြောင်းလဲပြီးနောက် လူနေထိုင်ခွင့်ရထားတယ်ဆိုတဲ့ သတင်းအချက်လက်တွေနဲ့ အရပ်စာချုပ်ချုပ်ပြီး ဝယ်ခဲ့တာပါ။ ကာကွယ်ရေးဝန်ကြီးဌာနက ပိုင်တယ်ဆိုတဲ့ ကြေညာချက်တွေလည်း မတွေ့ခဲ့သလို ခြံစည်းရိုးခတ်ထားတာတွေလည်း မရှိခဲ့ဘူးလို့ ဆိုပါတယ်။
သူဝယ်ခဲ့တုန်းက ကာလပေါက်ဈေးက သိန်း ၃၀ ဝန်းကျင်သာရှိပါသေးတယ်။ အခုဆိုရင်တော့ သိန်း ၁၅၀ ဝန်းကျင်လောက် ပေါက်ဈေးရှိတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ဖယ်ရှားခိုင်းသူတွေကို မြေယာပေါက်ဈေးအတိုင်း ပေးမှာလားလို့ သူမမေးနိုင်သလို နောက်ထပ်နားခိုရာနေရာ ဘယ်ကိုသွားရမယ်ဆိုတာလည်း သူ့မှာ အဖြေမရှိပါဘူး။
“ကျွန်တော်ကိုယ်တိုင် ဒီအိမ်ကိုဆောက်တယ်ဗျာ၊ အောက်ခံကို အုတ်လေးနဲ့၊ အမိုးကို သွပ်နဲ့၊ အကာကို ကျောက်ပြားနဲ့ကိုယ်တိုင်ဆောက်တာ၊ ရေတွင်းလည်းတူးလိုက်တယ်။ ကျွန်တော်က ဒီအိမ်ကို ကျတော့ကလေး နှစ်ယောက်ကို အမွေပေးဖို့အထိ စဉ်းစားထားတာ။ ကိုယ်တိုင်ဆောက်တဲ့အိမ်ကို ကိုယ်တိုင်ဖျက်နေရတဲ့ ခံစားချက်ကြီးက ကျွန်တော် ယောက်ျားမို့လို့ မငိုတာ၊ မိန်းမသားတွေသာဆို ငိုဖြစ်မှာ”လို့ သူ့ရဲ့ဖြစ်ပေါ်နေတဲ့ စိတ်ခံစားချက်ကို ပြောပြပါတယ်။
ဘုန်းကြီးကျောင်းနဲ့ သီလရှင်ကျောင်းတွေလည်း ဖျက်ရမယ်

ဓာတ်ပုံ ရင်းမြစ်, CJ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ကာကွယ်ရေးဝန်ကြီးဌာနပိုင် မြေထဲက ရပ်ကွက် ၅ ခုထဲမှာ ဖယ်ရှားရမယ့်နေအိမ်ပေါင်း ၄၂၀၀ ရှိပြီး အဲဒါတွေကို သတ်မှတ်ရက်မှာ ဖယ်ရှားရှင်းလင်းမှာဖြစ်တဲ့အကြောင်း၊ သတ်မှတ်ရက်မတိုင်ခင်မှာ ကာကွယ်ရေးဝန်ကြီးဌာနပိုင်နယ်မြေထဲမှာ ဆောက်လုပ်ထားတဲ့ ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းနဲ့ သာသနိက အဆောက်အအုံတွေကို ဖယ်ရှားရှင်းလင်းနိုင်ဖို့အတွက် အကူအညီတောင်းခံလာတာကြောင့် သတ်မှတ်ရက်အတွင်း ဖယ်ရှားရှင်းလင်းဖို့ မင်္ဂလာဒုံမြို့နယ် သံဃနာယကအဖွဲ့ကလည်း စာထုတ်ပြန်ထားပါတယ်။
ဒါပေမဲ့ ဘုန်းကြီးကျောင်းတချို့ကတော့ အဲ့ဒီစာကို မရကြဘူးလို့ ဆရာတော်တွေက မိန့်ပါတယ်။
“ဒါက ဒကာဒကာမတွေက လှူထားတာ၊ ကျောင်းထဲမှာ ဆွမ်းစားဆောင်၊ သိမ်၊ ဓမ္မာရုံ တွေကို လှူထားကြတာ၊ ပြောင်းလည်းမပြောင်းဘူး။ ရွှေ့လည်းမရွှေ့ဘူး။ ကိုယ်တိုင်လည်း မဖျက်ရက်ဘူး။ ပြီးတော့ ဒါက ပရိဘောဂစေတီလေ။ ဦးဇင်းမဖျက်ရဲဘူး။ နောက်ပြီး ဦးဇင်းက ဥစ္စာပစ္စည်းတွေမက်လို့ ကျောင်းဆောက်တာမဟုတ်ဘူး၊ ကျောင်းကို တန်ဖိုးထားလို့ ကျောင်းဆောက်တာ”လို့ အဖျက်ခံရမယ့် ရပ်ကွက်ထဲက ဆရာတော်တစ်ပါးက မိန့်ကြားပါတယ်။
အဲ့ဒီဆရာတော်ရဲ့ ဘုန်းကြီးကျောင်းကလည်း မြို့နယ်နဲ့ တိုင်းသံဃနာယက ဆရာတော်တွေ အသိအမှတ်ပြုတဲ့ကျောင်းဖြစ်ပြီး သာသနာ့နယ်မြေအဖြစ် လျှောက်ထားနေတဲ့အချိန်မှာ အခုလိုဖြစ်လာတာလို့ မိန့်ပါတယ်။
မရမ်းကုန်းမြို့က အိမ်ပျောက်သူတွေ

ဓာတ်ပုံ ရင်းမြစ်, CJ
မင်္ဂလာဒုံမြို့နယ်လိုပဲ မရမ်းကုန်းမြို့နယ် ၊ ၃ ရပ်ကွက် ၊ ခိုင်ရွှေဝါ ၁ လမ်းထဲက နေအိမ် ၁၅၀ ကျော်ဟာ နိုဝင်ဘာ ၁၉ ရက် မနက်ပိုင်းမှာ ဖျက်ဆီးခံလိုက်ရပါတယ်။
ခိုင်ရွှေဝါ ၁ လမ်းထဲက နေအိမ်တွေကို ၃ ရက်အတွင်း ဖယ်ရှားဖို့ဆိုပြီး ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့က အတင်းအကြပ်လက်မှတ်ထိုးခိုင်းထားခဲ့တဲ့ အကြောင်း၊ နိုဝင်ဘာ ၁၉ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ စည်ပင်ဌာန၊ အိုးအိမ်ဌာန၊ အချုပ်ကားတွေနဲ့ အရပ်ဝတ် လူတစ်ချို့ အပါအဝင် စုစုပေါင်း အယောက် ၂၀၀ လောက်က လမ်းတွေကို ဝိုင်းထားပြီး ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ ပြောကြပါတယ်။
“ရောက်လာပြီးတော့ ပစ္စည်းတွေ သယ်ဖို့ နာရီဝက်ပဲ အချိန်ပေးတယ်။ နာရီဝက်နဲ့ ဘယ်လိုထုတ်မလဲ။ အဲ့ဒါကို တောင်းတောင်းပန်ပန်နဲ့ ခဏနေပါဦးပြောတာကို မရဘူး။ အကုန်ထွက်ဆိုပြီး ဂေါ်ကားကြီးနဲ့ ဖျက်ဆီးသွားတာ အကုန်မီးလောင်ပြင်လိုဖြစ်သွားတယ်”လို့ အိမ်ဖျက်ဆီးခံရသူတစ်ယောက် ပြောပါတယ်။
ဖျက်ဆီးခံလိုက်ရတဲ့ နေအိမ်တွေထဲက သုံးလို့ရသလောက်ပစ္စည်းတွေကို ပြန်လည်ကောက်ယူပြီး ရောင်းချကြရသလို နေထိုင်ဖို့အတွက်လည်း အခက်ခဲဖြစ်နေတာကြောင့် ဘုန်းကြီးကျောင်းတွေ၊ ရပ်ကွက်ထဲက အသိမိတ်ဆွေတွေအိမ်မှာ ယာယီနေနေကြရတယ်လို့ပြောပါတယ်။
လက်ရှိအချိန်မှာ နေအိမ်ငှားခတွေ ဈေးကြီးမြင့်တာ၊ ချက်ချင်း အိမ်ငှားလို့မရတာ၊ အိမ်ငှားဖို့အတွက် ငွေကြေးခက်ခဲနေကြရတယ်လို့လည်း ပြောကြပါတယ်။
အဖျက်ဆီးခံရတဲ့ နေအိမ်မြေကွက်တွေဟာ ဘိုးဘွားပိုင်မြေတွေဖြစ်ပြီး အရောင်းအဝယ် စာချုပ်တွေချုပ်ကတည်းက ရှေ့နေတွေ၊ ရပ်ကွက်လူကြီးတွေ သက်သေနဲ့ ဝယ်ယူချုပ်ဆိုခဲ့ကြတာဖြစ်တယ်လို့ ပြောပါတယ်။
“ရန်ကုန်မြို့လို နေရာမျိုးမှာ ဒီလိုအဓမ္မတွေလုပ်နေတာကို ပြည်သူတွေကြုံနေရတယ်။ ဒါတွေက စစ်ကောင်စီရဲ့ လက်တံတွေက ပြည်သူတွေကို ငဲ့ညှာသနားတာမရှိဘူးဆိုတာ သိသာထင်ရှားလာတယ်။ တိုင်းရင်းသားနယ်မြေတွေမှာကျတော့ တပ်ကသိမ်းတယ်ဆိုပြီး ကျူးထားတာတွေ အများကြီးပဲ။ ပြည်သူတွေကို နေစရာမဲ့အောင်လုပ်တာက ပြည်သူတွေကို ရန်သူဖြစ်အောင်လုပ်တာပဲ။ လက်နက်၊ အာဏာသုံးပြီး ပြည်သူတွေရဲ့ အခွင့်အရေးကို ထိပါးတာဖြစ်တယ်။ ပြည်သူတွေအချင်းချင်း ကူညီကြဖို့လိုတယ်”လို့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ မသဉ္ဇာရွှန်းလဲ့ရည်က မှတ်ချက်ပေးပါတယ်။
မိသားစုကို မပြောရဲသေးတဲ့ အိမ်ထောင်ဦးစီးကိုကံကောင်း

ဓာတ်ပုံ ရင်းမြစ်, CJ
အခုဆိုရင် မင်္ဂလာဒုံမြို့နယ် ကိုကံကောင်းတို့ စံသမာဓိရပ်ကွက်အပါဝင် ရပ်ကွက် ၅ ခုဟာ ကိုယ်တိုင်ဖျက်ထားရတဲ့ အိမ်အပျက်အစီး အစုအပြုံတွေနဲ့ ပြည့်နေကြပါတယ်။
အိမ်ဖျက်ထားတဲ့အထဲကနေ ပြန်သုံးလို့ရတဲ့ ပစ္စည်းလေးတွေကို စုပုံပြီး ရောင်းလို့ရတာတွေ ရောင်းဖို့ ကိုကံကောင်းက စီစဉ်နေပါတယ်။
“မိန်းမနဲ့ ကလေးတွေက ကျွန်တော်နဲ့မနေကြဘူး။ သူတို့က ကျောင်းတက်ဖို့ တခြားမှာနေကြတာ။ အခုလိုဖြစ်တာလည်း မိန်းမရော၊ ကလေးတွေရော မသိကြဘူး။ တစ်ချိန်ကျရင်တော့ သိမှာပေါ့လေ။ တကယ်လို့ ကလေးတွေက အိမ်ကဘယ်မှာလဲမေးရင် မရှိတော့ဘူးပဲ ပြောရမှာပဲ။ စိတ်မောတယ်ဗျာ။"








